ညီလင်းနိုင်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

စိတ်ခတ်ကျောက် ၇

ကိုယ့်ထက်မြက်မှုကို အသက်နဲ့လဲပြီးကာကွယ်ပါ တဲ့
ဆယ်ဘဝစာညံ့နေတဲ့အသံထွက်ဖြစ်ပစေ မင်းအရောင်အသွေးကိုမီးလိုပျိုးထောင်ပြခဲ့လိုက်
လျှပ်စီးလိုခလုတ်ဖွင့်မှ သေမိန့်ထုတ်ခွင့်ရတဲ့ အာဂန္တု Danger မဖြစ်စေနဲ့
ကိုယ့်ခါးဆစ်ရိုးပေါ်ကိုယ်ခွေပြီး ကိုယ့်အဆိပ်ပေါ်ကိုယ်တိုင်သစ္စာစောင့်သိသူဖြစ်ပစေ
ငါမပြောဘူးလား
အခုတော့ မင်းယဉ်ကျေးမှုကိုသူတို့နွားတံဆိပ်ကပ်လိုက်ကြပြီ
အခု မင်းကိုသူတို့ဝိုင်းထားပြီ
မင်းနောက်ကျောကိုရေနံတွင်းလိုအစဆွဲထုတ်ပြီး မီးလိုသူတို့ဝိုင်းထားပြီ
မီးကျိုးမောင်းပျက်ပြက်လုံးတွေနဲ့ မင်းကိုကြိုးတုပ်ပြီး
မင်းဂိုးပေါက်ထဲကိုပန်နယ်တီကန်သွင်းကြတော့မယ်
ငါ့အသက်ကိုလောင်းကြေးထပ်ပြီး မင်းကိုသတိပေးခဲ့မယ်
မင်းအသက်ဇီဝကို ကျည်ကာမချွတ်နဲ့
မင်းလျှောက်နေတဲ့ခရီးမှာ ဗလာမဲမပါတဲ့နင်းမိုင်းတွေချည်းပဲ
မိုင်းနင်းမိလို့လွင့်စင်ပဲ့ထွက်သွားတဲ့ အသားစတစ်ဖတ်ဖြစ်ပစေ
မင်းနာမည်ကိုသွေးနဲ့ရေးထွင်းပြီး လျှပ်စီးလိုထစ်ချုန်းပြခဲ့လိုက်

မိသားစု ၂

ငါပြန်လာခဲ့ပါတယ်
မိသားစုမရှိတဲ့အိမ်တံခါးဝဆီ ငါ့စိတ္တဇကိုမီးဖိုဖို့ ငါပြန်လာခဲ့ပါတယ်
နာကျင်မှုတွေလိမ်းကျံထားတဲ့ ငါ့အခန်းကလေးက ငါ့ရင်ကွဲသံတွေကို
စူးစူးဝါးဝါးထိုးဟောင်တယ်
ရေးလက်စကဗျာတွေက ငါ့မျက်ရည်တွေကို ဆို့ဆို့နင့်နင့်ခင်းကျင်းတယ်
အလေ့ကျသက်ပြင်းတွေက ငါ့စိတ်အလွှာထဲ ကြယ်တွေလို စိုးစိုးစီစီ အရိုးတွန်တယ်
ငါ့နာကျင်မှုက ငါ့အတွေးကို ဓားလိုဝင်သွေးနေမှတော့
ငါ့ကဗျာတွေဟာ ငါ့သေတမ်းစာပါပဲ
အခု ငါ့စိတ်မှာ ဂူအောင်းနေတာ ကမ္ဘာဦးမီး
ငါမရွတ်ဆိုနိုင်တဲ့ ခေါင်းစဉ်ဟာ မိသားစု
တစိမ့်စိမ့်စိုနေတဲ့ မိသားစုတွေကိုမြင်တိုင်း ငါ့စိတ်ဟာ တဖျစ်ဖျစ် စ လောင်တော့တာပဲ
ငါမရောက်နိုင်တဲ့လမ်းဟာ ငါ့စိတ်ပေါ်အခါခါဖြတ်လျှောက်ပြီး
ငါမဖတ်နိုင်တဲ့ တစ်ခုတည်းသော အဓိပ္ပါယ်ဟာ မိသားစု
မိသားစုသီချင်းမှာ ငါ့အသံဟာ တစ်ကြိမ်မှ မလင်းဘူး
မိသားစုသစ်ပင်မှာ ငါ့အခက်အလက်ဟာ တစ်ကြိမ်မှ မပွင့်ဘူး

အိမ်အပြန်

အသက်ဇီဝဟာ ကားနောက်ဖုံးထဲမှာ
လိုဏ်ဂူထဲ ၇ ရက်ပိတ်မိနေတဲ့ ရဟန်းကို ပထမဆုံး ကိုယ်ချင်းစာမိတယ်
ရေစိုအဝတ်အထပ်ထပ်ပတ်ထားတဲ့ အလုံပိတ် အနက်ရောင်ဗူးခွံထဲမှာလို
သေမင်းရဲ့အရောင်ဟာ အမှောင်
ကားအိတ်ဇောငွေ့ဟာ အမှောင်ကိုဖြတ်ပြီး
အဆုတ်နံရံတွေကို သန်မာစွာ ဆုပ်ချေညှစ်ပစ်လိုက်တယ်
ချိုးထားရတဲ့ဇက်ကို မတ်မရဘူး
လိမ်ထားရတဲ့လည်ကို ဖြည်မရဘူး
ကွေးထားရတဲ့ခြေကို ဖြောင့်မရဘူး
နာကျင်ကိုက်ခဲမှုဟာ တစ်ဘဝစာ
တစ်နာရီမိုင်ကုန်မောင်းနေကြောင်း အိတ်ဇောငွေ့အပူဟာ ကြမ်းခင်းသံပြားကိုဖြတ်ပြီး
အရေပြားဆီ မီးလို ခွဲဝင်လာတယ်
အရှိန်နဲ့ ချိန်သားကိုက် ခေါင်းကိုထုရိုက်နေတဲ့ ကားနောက်ဖုံးသံပြားဟာ
ဇွန်းတစ်ချောင်းလို
ပုလင်းတစ်လုံးလို
နောက်တော့ .....
တူတစ်လက်လို
နှစ် ၆၀ စာ နောက်ကျကျန်ခဲ့တဲ့ စနစ်ကြီးရဲ့ သားကောင်တွေပါ
ပြိုကွဲ ပျက်စီးသွားတဲ့ မိသားစုသတင်းကို မျက်ရည်နဲ့ မီးဖိုဖို့
အိမ်ကို သူခိုးလို အဲဒီလို ငါတို့ ပြန်လာခဲ့ကြတယ်။




ညီလင်းနိုင်

သားကောင်

သူ့မျက်လုံးထဲ အလျှံတညီးညီးပွင့်နေတဲ့နေရောင် 
မီးလိုကျွက်ကျွက်ဆူနေတဲ့အရေပြားပေါ် 
ချွေးစက်ကိုရွှဲရွှဲစိုအောင်ဆမ်းပြီး လောကဓံကိုအံတုထားတယ်
ဟောင်းလောင်းပွင့်ထွက်နေတဲ့အစာအိမ်ဟာ လည်မျိုကိုဖြဲနင်းပြီး
ပက်ကြားအက်နေတဲ့ သူ့နူတ်ခမ်းပေါ် အရိုးတစ်ချောင်းလိုငေါထွက်လာတယ်
ခုတ်လှဲခံထားရတဲ့စိတ်ကို ခေတ်ပျက်ကြီးထဲကျွတ်ကျန်ရစ်ခဲ့တဲ့
ခါးဆစ်ရိုးပေါ် တွန်းရွှေ့ထားပုံရတယ်
တစ်ချက်ကလေးမှ သူ မညည်းဘူး
ကျွန်တော့်အိတ်ကပ်ထဲက အစောတလျင်ခုန်ထွက်သွားတဲ့ ၅၀၀ ကျပ်တန်လေးကို
မြေဆွေးရောင်လက်နှစ်ဖက်နဲ့ အသက်ဇီဝလို သာသာဖွဖွဆုပ်ကိုင်တယ်
ပြီးတော့ .....
" သံသရာအဆက်ဆက်မှာ မင်းဆိုးမင်းညစ်နဲ့ ကင်းလွတ်နိုင်ပါစေကွယ် " တဲ့ 
ရိရွဲနေတဲ့အမှိုက်ပုံထဲကတိုးထွက်လာတဲ့ အနံ့အသက်နဲ့ သူ့အသံမှာ
ကျွန်တော့်စိတ်ဟာ တစ်ဘဝစာ မီးကျွမ်းသွားခဲ့တယ်။ 






ညီလင်းနိုင်

စိတ်ခတ်ကျောက် ၈

ခေါက်ရိုးကျိုးအောင်ထိုးချေခံထားရတဲ့တနင်္ဂနွေကိုနေထုတ်လှမ်းလိုက်တယ်
ဒါ အဆိပ်ရှစ်အောင်စထဲက မီးလိုထိုးထွက်လာတဲ့အသံ
အဆီလည်းဝင်းမှည့်မနေပဲနဲ့ မနက်ခင်းတိုင်းဟာသဲတရှပ်ရှပ်
တဖျပ်ဖျပ်ဆွဲလှန်ကြည့်လိုက်ရင် ဒဏ်ရာတိုင်းမှာသွေးဟာမြစ်လိုစီးနေတော့တာပဲ
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ
နိုင်ငံတော်သီချင်းဟာ မြေသိမ်းခံလိုက်ရသူတွေရဲ့နှလုံးသည်းပွတ်ထဲ
ဓားသံလျက်တွေလို ပြိုးပြိုးပြက်ပြက်စီးဝင်သွားခဲ့တယ်
အိပ်ယာမရှိတဲ့ညဟာ ကမ္ဘာပျောက်တဲ့ညပဲ
လု လု ခံနေရတဲ့အခွင့်အရေးကို သွေးရူးသွေးတန်းဖြဲရှာနေရတဲ့အဓိပ္ပာယ်
ကျွဲပခုံးထနေတဲ့နှစ်ကာလနဲ့ အသားနုမတက်နိုင်သေးတဲ့လောကဓံနဲ့
တစ်လမ်းမှ မမောင်းလိုက်ရပဲနဲ့ လေးဘီးလုံးပွင့်ထွက်သွားတဲ့နေ့တွေ
ငါတို့ဟာ ဒေါ်လာသန်းရာချီတန်တဲ့ပန်းချီကားချပ်ထဲက ထမင်းငတ်နေတဲ့သူတောင်းစား
ငါတို့ဟာ ဇာတိဂုဏ်ကိုပခုံးမှာထမ်းပြီး ကမ္ဘာပတ်နေတဲ့ဇာတ်ပျက်ကျွန်
ငါတို့ဟာ အမျိုးဂုဏ်ကိုခေါင်းမှာရွက်ပြီး ခြေတော်တင်ခံနေရတဲ့အိမ်ဖော်
ဘယ်နိုင်ငံခေါင်းဆောင်ကမှ ကိုယ့်သမီးကို လိင်ကျွန်ဖြစ်စေချင်မှာမဟုတ်ဘူး
နိုင်ငံခေါင်းဆောင်တိုင်းကလည်း ငါတို့အဖေမဖြစ်ခဲ့ကြဘူး

စိတ်ခတ်ကျောက် ၉

အဆင်ပြေလားမေးရင် လောင်မီးကျနေတယ်က စ ရမှာပဲ
လောင်စာဆီ ဆမ်းထားတဲ့လမ်းပေါ်က ထင်းလိုပုံနေတဲ့စိတ်ဖြတ်စတွေ
သံသယတိုင်းဟာ ဓားခုတ်ရာတွေနဲ့လင်းလို့ မြင်ကွင်းတွေကလည်း အလျှံတညီးညီးနဲ့လောင်လို့
အသားလိုလို့ အရိုးတောင်းနေတာလား မျှော်စင်ပြီးဖို့ငြမ်းဝင်ထိုးတာလား
မီးကုန်ယမ်းကုန်ကျိုးကြေသွားတဲ့စိတ်ဟာ ခြေတစ်ဖက်ဆာနေတဲ့လမ်းပေါ်
လိုရာခရီးကနေ နောက်ပြန်လျှောက်ခဲ့တယ်
လူသတ်ရင် တစ်ခါပဲသေမယ်
စိတ်ကိုသတ်ရင် သံသရာတစ်ခုစာသေသတဲ့
သေနေတဲ့စိတ်မှာ မြင်လိုစိတ်ဟာဗလာ မြင်ကွင်းကလည်းဗလာ
ဘဝတွေကလည်းဗလာ တိုင်းပြည်ကလည်းဗလာ
ဘယ်လက်ထဲကဖုန်းကို ခေါ်ဆိုလိုက်တိုင်း
ညာလက်ထဲကဖုန်းဟာ လူကြီးမင်းနဲ့ချည်းတိုးနေရတဲ့စနစ်
မင်းညီမလေးတွေက ကေတီဗီမှာ ဘီယာနဲ့အမြည်းခံနေရသလို
ငါ့ညီမလေးတွေလည်း မာဆတ်မှာ အညှာပြတ်ခဲ့ကြရတာပဲ

ဘယ်တော့မှမကုန်တဲ့မီးစာဟာ စိတ်အသားနုကိုမလွတ်တမ်းဝင်ခဲထားတယ်

စပ်မိစပ်ရာဟာ စစ်တလင်းပဲ
မျက်လုံးထဲကျည်ကပ်အပြည့်ဖြည့်ထားတဲ့ စုန်းတောက်နေတဲ့ ပါးပျဉ်းငေါငေါတွေ
လတ်ဆတ်တဲ့အတွေးအခေါ်မှန်သမျှ ကာလယန္တယားရဲ့ခံတွင်းကြီးထဲ မှိုစော်နံသွားသလိုမျိုး
ဒီနေ့သတင်းစာဟာ ဒီနေ့အတွက်ပဲလား
ဖြတ်ဖောက်ချုပ်ထားတဲ့ အမည်နာမတွေ အဆီရွှဲနေတဲ့ဟန်ကြီးပန်ကြီးတွေ
ကျောက်သားနဲ့ထွင်းထားတဲ့အတွေးအခေါ်ဟာ ရေညှိပေါ် ချော်လဲရောထိုင်သွားသလိုမျိုး
စိတ်ကိုဂျက်ပင်ထိုးလိုက်တိုင်း Suicide သီချင်းက အရိုးကွဲအောင်ထိ မိုင်ကုန်မောင်းဝင်လာတယ်
ဆုတ်ဖြဲခံထားရတဲ့တောင်တန်းကြီးတွေအောက် နေရောင်ကိုလက်ထိုးအန်နေရတဲ့ မြေစာမြက်တွေ
ပြည်တန်တဲ့ တန်ဆာတွေ ဖွေးဖွေးလှုပ်နေတဲ့ နေကြာပန်းခင်းကြီးထဲက
ဝမ်းဟောင်းလောင်းနဲ့ ပြည့်တန်ဆာတွေ
ထမင်းတစ်နပ်စာဟာ တစ်ဘဝစာလုံးကို အနုကြမ်းဝင်စီးပစ်လိုက်တဲ့အကြောင်း
နိုင်ငံသားဟာ နိုင်ငံ့အရေးနဲ့မသက်ဆိုင်တဲ့အတွက် နိုင်ငံသားရဲ့အဓိပ္ပါယ်ဟာ
ခွက်ထိုးခွက်လန်ဟာသဖြစ်ကြောင်း
ရှင်သန်မှုနဲ့အောင်မြင်ခြင်းအတွက် ဖန်ဆင်းရှင်ကို ကျေးဇူးတင်ရပြီး
ဗုံးဆံထဲချိတ်ပါသွားတဲ့အသားတစ်ကိစ္စဟာ အစွန်းရောက်လက်ချက် သက်သက်သာဖြစ်ကြောင်း
တစ်ယောက်အရေပြားပေါ် တစ်ယောက်ရဲ့ စိတ်ကလေးကို ရွှဲရွှဲစိုအောင်ဆမ်းလို့
တစ်ယောက်ရဲ့စိတ်အတွင်းသားထဲမှာတော့ တစ်ယောက်ရဲ့လုပ်ကြံမှုကြီး စိုက်လို့
တစ်ယောက်လင်းဖို့အရေး တစ်ယောက်မှာ ပိန်းပိတ်အောင်ချုပ်လို့
တစ်ယောက်တက်ဖို့အရေး တစ်ယောက်ဇက်မှာ ကျွဲပခုံးထလို့
ကျွက်ကျွက်ဆူနေတဲ့ လောကဓံကို တစ်ကျိုက်ထဲမော့သောက်ပစ်လိုက်သလို
အလျှံတညီးညီးနဲ့ တော်လဲသံကြီး ကုပ်ခွစီးဝင်လာတဲ့ မစ္ဆရိယတွေ
သတ်ကွင်းထဲလက်ဗလာနဲ့ အသက်လုနေရသူလို မြင်မြင်ရာဟာ မီးတောက်ချည်းပဲ
ထစ်ခနဲရှိ တက်မလာနဲ့ တောက်ချထည့်လိုက်မယ် လက်ညိုးကလေးနဲ့ဆိုတာချည်းပဲ
ထစ်ခနဲဆို တက်မလာနဲ့ ဖြတ်နင်းထည့်လိုက်မယ် လည်မျိုတည့်တည့်ကိုဆိုတာချည်းပဲ
လူဟာ လူပီသလိုက်ပုံများ လူသတ်လို့ လူသေတာတောင် လူမသိလိုက်တဲ့ ပိရိမှု
Related Posts Plugin for WordPress, Blogger...