ညီလင်းနိုင်: ကြယ်တွေကြွေနေတဲ့ ကောင်းကင် ( ၂ )

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ကြယ်တွေကြွေနေတဲ့ ကောင်းကင် ( ၂ )



 
 
 
 
အခန်း ( ၃ )





လှောင်အိမ်ထဲမှာ ပျော်နိုင်တဲ့သူမရှိဘူး

ဒါပေမယ့်

လောကဓံတရားကိုက

လှောင်အိမ်တစ်ခု ဖြစ်နေခဲ့ပြီးသား မဟုတ်လား။



အချုပ်ထဲမှာနေခဲ့ရသမျှ ရက်တွေဟာ သာမာန်နေ့တွေထက် ပိုပြီး အချိန်ရှည်လျားနေသလိုပါပဲ။

အချုပ်ခန်းအပေါ်ထောင့်ရဲ့ လေဝင်လေထွက် အပေါက်လေးထဲကို 
 
စီးဝင်နေတဲ့ နေရောင်အလင်းစလေးကို ငေးကြည့်ရင်း၊

ဘဝတစ်ခုရဲ့ ဖြစ်စဉ်မှာ ဒုက္ခတရားတွေ ဘယ်လောက်စောင့်ကြိုနေဦးမလဲဆိုပြီး တွေးနေမိတယ်။

မနက်အစောပိုင်းမှာ လက်ဖက်ရည်ကြမ်း အနည်းငယ်နဲ့ ဘီစကွတ် ၃ ချပ်၊ နေ့လည်စာနဲ့ ညစာက ထမင်း။

ထမင်းက လက်တစ်ဆုပ်စာ သာသာလေး အရမ်းနည်းလွန်းနေတော့ ဘယ်သူမှ မဝကြဘူး။

ဘယ်လိုမှကို မျိုမကျလောက်တဲ့ တစ်နပ်စာဆိုပေမယ့် အမြဲလို ဆာလောင်နေတာတော့ 
 
ထူးဆန်းလွန်းတယ်။

ဗိုက်ဆာတိုင်း အိမ်သာအခန်းကျဉ်းလေးထဲဝင်ပြီး တစ်ခုထဲရှိတဲ့ ရေပိုက်ကနေ ရေသောက်ပေါ့။

အခင်းကြီးငယ်အတွက်လည်း ဒီပိုက်ပဲ ၊ ရေသောက်တော့လည်း ဒီပိုက်ပဲ။

ငြင်းဆန်ခွင့် မရှိတဲ့ အနေအထားမှာ သမားရိုးကျ ကိစ္စအချို့ကို 
 
ကျွန်တော်တို့ ငြင်းပယ်ပစ်လိုက်ရမှာပဲ မဟုတ်လား။




အချုပ်ထဲရောက်လာတဲ့ လူတွေထဲမှာ အမှုမျိုးစုံနဲ့ စရိုက်ပေါင်းစုံ 
 
ဆိုတာကတော့ ပြောနေစရာမလိုအောင်ပါပဲ ။ အထူးသဖြင့် ဒီနိုင်ငံသားတွေ ဆိုပါတော့။

နိုင်ငံခြားသား အတော်များများက တရားမဝင် ခိုးဝင်လာမှုလောက်ပဲ ရှိပါတယ်။

နိုင်ငံသားတွေကတော့ ခိုးမှု၊ မတရားပြုကျင့်မှု၊ လူသတ်မှု၊ ရိုက်မှု၊ ဓားပြမှု၊ 
 
လိမ်လည်မှု၊ မူးယစ်ဆေးဝါး အစုံပါပဲ။

ကျွန်တော်တို့ အခန်းထဲရောက်လာတဲ့ ဒီနိုင်ငံသားတစ်ယောက်ဆိုရင် ဆိုင်ကယ်ခိုးမှုနဲ့ ဝင်လာတာပါ။

မျက်နှာနဲ့ တစ်ကိုယ်လုံး ရစရာမရှိအောင် ပေါက်ပြဲ ဖူးရောင် ဒဏ်ရာတွေနဲ့မို့ မေးကြည့်တော့၊

ဆိုင်ကယ်ခိုးနေတုန်း လူမိသွားလို့ ဝိုင်းရိုက်ခံရတာပါ တဲ့။

အတော်လေးတော့ ထူးဆန်းနေတယ်။

ဒီနိုင်ငံမှာ အခုလို သူခိုးတစ်ယောက်ကို ပြည်သူက ဖမ်းပေးလိုက်တာဟာ အတော်ကို ရှားပါး ဖြစ်စဉ်မို့ပါပဲ။

ကျွန်တော်ကိုယ်တိုင် နှစ်ကြိမ် သုံးကြိမ် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတာလေးကို ပြောရရင် ....

ကိုတာရာယာလို့ ခေါ်တဲ့ ကေအယ်မြို့လယ်ကောင်ကြီးဟာ လမ်းလျှောက်ဖို့တောင် အတော်ကို 
 
ခက်ခဲလွန်းတဲ့ လူစည်ကားရာ နေရာ တစ်ခုပါပဲ။

အထူးသဖြင့် ဒီနိုင်ငံကို အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေ အချိန်ပြည့်လိုလို ရှိနေတဲ့ နေရာတစ်ခုပါ။

မြန်မာလူမျိုးတွေ အများဆုံးရှိနေတတ်တဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။

မြန်မာစားသောက်ဆိုင် အတော်များများ စုဝေးနေတဲ့ နေရာတစ်ခုကိုး။

အဲဒီလို လူစည်ကားနေတဲ့ နေရာမှာ

အမျိုးသမီးတစ်ယောက်ရဲ့ စလင်းဘက်အိတ်ကို ဆွဲယူထွက်ပြေးတဲ့ ဖြစ်စဉ်တွေ 
 
အမြဲလို ရှိနေတတ်တာ အံ့သြစရာပါ။

တရားခံကို ဖမ်းဆီးမယ့်သူ တားဆီး ဟန့်တားမယ့်သူ မရှိပါဘူး။

အိတ်ကိုလုယူ ထွက်ပြေးသူဟာ အဲဒီလမ်းပေါ်က ကြက်ပျံမကျစည်ကားနေတဲ့ လူအုပ်ထဲကနေပဲ

ရှောင်လွှား ထွက်ပြေးနေတာပါ။

ဒီလိုဖြစ်စဉ်တွေကို မြင်တိုင်း ကြားတိုင်း ကျွန်တော် မှတ်မှတ်ရရ တွေးမိ တမ်းတမိတာ တစ်ခုရှိပါတယ်။

ဘာလည်းဆိုတော့ မြန်မာလူမျိုးတွေရဲ့ ကူညီရိုင်းပင်းတတ်တဲ့ စိတ်ပါပဲ။




အင်္ကျီတစ်ထည် ဘောင်းဘီတစ်ထည်ရယ် ခြေဗလာနဲ့ ဘာအခင်းမှ မရှိတဲ့ သံမံတလင်းပေါ်မှာ

နေ့နေ့ညည အိပ်စက်နေထိုင်ရလို့၊ အသစ်ဝင်လာတဲ့သူမှန်သမျှ ဖျားနာကုန်ပါတယ်။

အချုပ်ခန်းစောင့်တဲ့ ရဲကို ဖျားနေလို့ ဆေးရှိရင်ပေးပါ ဆိုတော့ " ဖျားရင်ရေချိုး " တဲ့။

ဒါဟာ ဒီနိုင်ငံရဲ့ ကုထုံးသစ် မဟုတ်တာ သေချာနေတော့ ရွဲ့ပြောနေတာပဲ လို့ ခံယူရင်း

ကိုယ့်ဝဋ်ဒုက္ခနဲ့ကိုယ် လည်စင်းခံနေရုံပါပဲ။

ကိုယ့်အခန်းထဲမှာ ရှိနေတဲ့ မြန်မာလူမျိုးအချင်းချင်း ရောက်တတ်ရာရာလေးတွေ ပြောရင်း

ဒုက္ခ သုခတွေကို ဝေမျှရင်း နေ့ရက်တွေကို ကျော်လွန် ဖြတ်သန်းနေခဲ့ရတာပါပဲ။

အချုပ်ခန်းထဲမှာတော့ သုခ ရှိမနေတာ အသေအချာ ဆိုပေမယ့်၊

ရှိနေတဲ့သူအချင်းချင်း စကားပြောဆိုနေရတာကိုက အလိုလို နွေးထွေးစေတာ အမှန်ပါ။

နေ့စဉ်လိုလို ဘာမှ လုပ်စရာ မရှိတော့ ၊ ဒီတိုင်းကြီး ထိုင်ပြီးတွေးနေရင် ရေဝင်နိုင်တာမို့၊

အခန်းထဲကရှိတဲ့ လူတွေနဲ့ ဥာဏ်စမ်းပဟေဠိလေးတွေ မေးရင်း ဖြေရင်း၊

ထမင်းထုပ်လာပို့ရင် စက္ကူတွေနဲ့ပဲ ထုပ်လာတာမို့၊ အဲဒီစက္ကူလေးတွေကိုဖြဲပြီး ကျားထိုးရင်း၊

အချိန်တွေနဲ့ စိတ်ပျက်စရာအတွေးတွေကို မသိမသာ ဖြတ်ကျော်ပစ်လိုက်ကြပါတယ်။

ရေဝင်တယ် ဆိုတာက ဒီနိုင်ငံရဲ့ ဘန်းစကား တစ်ခုကို တိုက်ရိုက် ဘာသာပြန်လိုက်တာပါ။

မြန်မာလို ဘန်းစကားဆိုရရင်တော့ ဂေါက်သွားတယ် လို့ပဲ ပြောရမှာပါ။




တစ်ရက်မှာတော့ ကျွန်တော်တို့ အခန်းရဲ့ မျက်နှာချင်းဆိုင် အခန်းကလူတွေ ရဲကို ခေါ်ပြီး 
 
စကားပြောနေတယ်။

၄၅ မိနစ်လောက်အကြာမှာတော့ ရဲတစ်ယောက် ဝင်လာပြီး ကျွတ်ကျွတ်အိတ်ကြီးတစ်အိတ် 
 
လာပေးသွားတာကို တွေ့လိုက်ရတယ်။

မကြည့်ရင်တောင် မြင်နေရတာမို့ ကျွန်တော်တို့ အခန်းကလူတွေ စိတ်ဝင်တစား ကြည့်နေလိုက်ပါတယ်။

အိတ်ကို ဖွင့်လိုက်ချိန်မှာတော့ မွှေးကြိုင်နေတဲ့ အနံ့အချို့ဟာ 
 
ဗိုက်ဆာနေတဲ့ လူတိုင်းကို ပိုပြီး စွဲဆောင်စေခဲ့တာပေါ့။

အိတ်ထဲကထွက်လာတာက DUNHILL စီးကရက်က ၃ ဗူး၊ KFC တွေရယ်၊ 
 
ပြီးတော့ ပလာတာ ဆိုပါတော့။ ချာပါတီလိုမျိုးပါပဲ။

ဟင်းရည်ကမဆလာနိုင်နိုင်နဲ့ ချက်ထားတာမို့ မွှေးနေတာပါ။ အအေးဗူးတွေလည်း ပါပါသေးတယ်။

သူတို့အခန်းထဲက ဒီနိုင်ငံသားတစ်ယောက်က မှာလိုက်တာ ဆိုပါတော့။

ရဲကို အသိပေး ၊ အပြင်ကကိုယ့်လူကို စားချင်တာ လိုချင်တာကို ဖုန်းဆက်ပြီးမှာ၊ 
 
အပြင်ကလူက ဆိုင်မှာသွားဝယ်လာပြီး ၊ စောစောက ချိတ်ဆက်ထားတဲ့ ရဲကို လာပေး။

ရဲက အပြင်ကလူ ယူလာတဲ့ ပစ္စည်းတွေကို စစ်ဆေးပြီးတော့ အထဲက လူဆီ ပို့ပေး။

အဲဒီလို ကျွတ်ကျွတ်အိတ် တစ်အိတ်စာ ပို့ပေးစေချင်ရင် မလေးငွေ ၂၀၀ ရဲကို ပေးရသတဲ့။

မြတ်စွာဘုရား ..... 
 
အချုပ်ခန်းအပြင်နဲ့ အထဲကို စားစရာ အိတ်ကလေး တစ်အိတ် ပို့ပေးလိုက်ရုံနဲ့ မလေးငွေ ၂၀၀ ဆိုပါလား။

ဘယ်လိုမှတ်ချက်ပေးရမလဲ ။ ဘာကိုမှ မှတ်ချက်မပေးတာပဲ ကောင်းပါတယ်။

စားစရာတွေမှာလိုက်တဲ့ သူကလည်း စိတ်ရင်းကောင်းရှာပါတယ်။

သူတစ်ယောက်ထဲ မစားပဲနဲ့ သူ့အခန်းထဲကလူတွေအပြင် ကျွန်တော်တို့ အခန်းထဲက လူတွေကိုပါ

ဆေးလိပ်ကအစ စားစရာတွေ အဆုံး အကုန်လုံးကို ဝေမျှ ခွဲဝေပေးလိုက်ပါတယ်။

ဆေးလိပ်ဆိုလို့ ဒီနိုင်ငံရဲ့ ဥပဒေက အချုပ်ခန်းထဲမှာရော ထောင်ထဲ ကန့်ထဲမှာပါ၊

အကျဉ်းသားဟာ လုံးဝ ဆေးလိပ် သောက်ခွင့်မရှိပါဘူး။

ဆေးလိပ်သောက်ရဖို့အတွက် အကျဉ်းသားတွေဟာ အသက်နဲ့ရင်းပြီး ဘယ်လိုလုပ်နေတယ် ဆိုတာကို

နောက်ပိုင်းမှာ ကျွန်တော် ဆက်ရေးသွားပါမယ်။




အခုလို ရဲက စေတနာနဲ့ နားလည်မှုနဲ့ ယူလာပေးချိန်မှာတော့ တရားဝင် အမိန့်ရလို သောက်ခွင့်ရှိတာပေါ့။

စေတနာကတော့ ဟုတ်ပါပြီ။ 
 
နားလည်မှုဆိုတာကတော့ တော်တော် ဘာသာပြန်ရခက်တဲ့ အနက်တစ်ခုလို့ပဲ ဆိုကြပါစို့။

အဲဒီ နားလည်မှု ဆိုတာကြီးက ဥပဒေကို လိုသလို အတိုးအလျှော့ လုပ်လို့ ရစေနိုင်တဲ့ တန်ခိုးရှင်မျိုးတော့ 
 
မဖြစ်စေချင်ပါဘူး။

ဒါနဲ့ပဲ အဲဒီတစ်ညမှာ ကျွန်တော်တို့ဟာ KFC စားရင်း၊ ပလာတာ စားရင်း၊ 
 
အအေးသောက်ရင်း၊ ဆေးလိပ်ဖွာရင်း၊ ကြယ်စုံညလေးတစ်ခုကို ပိုင်ဆိုင်ခဲ့ကြတယ်။

ကိုယ့်နိုင်ငံသား မဟုတ်ပေမယ့် ဒုက္ခရောက်နေသူအချင်းချင်း၊

အခုလို ဝေမျှပေးလိုက်တဲ့ သူရဲ့အလှူ ( ဝါ ) စိတ်ဓာတ်အတွက် ကျွန်တော် အကြိမ်ကြိမ် 
 
သာဓုခေါ်နေမိသလို၊ ဦးညွှတ်လေးစားခဲ့ရပါတယ်။

ဒီတစ်ခါ စားလိုက်ရတဲ့ KFC နဲ့ ပလာတာဟာ အရင်က စားခဲ့ဖူးသမျှတွေထက် ပိုပြီး အရသာ ရှိနေတာ 
 
အမှန်ပါပဲ။

အပြင်လောကကို လုံးလုံး မမြင်ခဲ့ရတဲ့ အချုပ်ခန်းထဲက ၂၁ ရက်ဟာ ကျွန်တော့်အတွက်တော့၊

ရှည်လျားလွန်းတဲ့ အနက်ရောင် ညတွေကို အမှောင်မြင်ကွင်းတွေနဲ့ အလျားလိုက် ဖြတ်သန်းခဲ့ရသလိုပါပဲ။




ပိန်းပိတ်အောင် မှောင်နေတဲ့ ညအကန်းကြီးထဲမှာ

ကျိန်ဆိုပြစရာ မလိုလောက်အောင်ကို

တစ်ခုတည်းသော မျှော်လင့်ချက်ဟာ

အလင်းရောင်ပဲ မဟုတ်လား ။




အခန်း ၎





ဒီနေ့တော့ မနက်စာ လက်ဖက်ရည်ကြမ်းနဲ့ ဘီစကွတ် ၃ ချပ် စားပြီးချိန်မှာပဲ၊

ကျွန်တော်နဲ့ အချုပ်သားအချို့ကို နာမည်တွေနဲ့ တစ်ကွ ရဲကလာခေါ်ပါတယ် ။

မေးစရာ မလိုလောက်အောင်ကို သေချာသလောက် ရှိနေတာကတော့ တရားရုံးတက်ရဖို့ပါပဲ။

အချုပ်ထဲကအထွက်မှာ စဝင်တဲ့နေ့က အပြင်ဘက်က ဖိနပ်စင်မှာ ချွတ်ထားခဲ့တဲ့ ဖိနပ်ကို 
 
ရှာမရတော့ပါဘူး။

ရဲကို ဖိနပ် မတွေ့ကြောင်း ပြောတော့ တွေ့တဲ့ ဖိနပ်တစ်ရံ ယူစီးလိုက်ဖို့ ပြောပါတယ်။

ဒါဆိုရင်တော့ အချုပ်ထဲက အရင်ထွက်သွားရတဲ့ သူတွေလည်း အခုလိုပဲ တွေ့ကရာ 
 
ဖိနပ် ကောက်စွပ်သွားပုံပါပဲ။

ဒီလိုနဲ့ပဲ အချို့က ခြေဗလာ ၊ အချို့က ခြေညှပ်ဖိနပ်တွေနဲ့ ( ၅ ) ယောက် တစ်တွဲစီ 
 
အတွဲလိုက်သံကြိုးတွေနဲ့ လက်ထိပ်ခတ်ခံရပြီး၊

အချုပ်ကားပေါ် ဗလုံးဗထွေးတက်ကြရင်း၊ တရားရုံးဆီရောက်ခဲ့ကြပါတော့တယ် ။



တရားရုံးဆိုပေမယ့် ဝန်ကြီးဌာနကြီး တစ်ခုလို ကြီးကြီးကျယ်ကျယ် ဆောက်လုပ်ထားပါတယ်။

ကျွန်တော်တို့ စရောက်သွားတာကတော့ မြေအောက်ထပ်ကို အချုပ်ကားတိုက်ရိုက်မောင်းဝင်သွားပြီးမှ၊

အဲဒီမြေအောက်ထပ်မှာ ရှိနေတဲ့ ယာယီအချုပ်ခန်းတွေဆီကိုအရင်ရောက်သွားရတာပါ။

အဲဒီမှာ ခေတ္တစောင့်နေကြရပြီး ရဲက နာမည်တွေ လာခေါ်တော့မှ၊ 
 
လက်ထိပ်ကိုယ်စီနဲ့ အပေါ်ဘက်မှာ ရှိနေတဲ့ တရားခွင်တွေဆီကို ထပ်သွားကြရပါတယ်။

ဒါပေမယ့် တရားခွင်ကို တိုက်ရိုက် ဝင်ရသေးတာ မဟုတ်ပဲ၊ တရားခွင် ခန်းမကြီးထဲ မဝင်ခင်၊

ဘေးဖက်တံခါးရွက်နဲ့ ကပ်ရပ်မှာ ရှိနေတဲ့ ယာယီ အချုပ်ခန်းထဲ ထပ်ဝင်ပြီး စောင့်နေရသေးတာပေါ့။

ပြီးတော့မှ ကျွန်တော်တို့အုပ်စုအလှည့်ကိုရောက်လို့၊ ရဲက လာခေါ်တော့မှ

တရားခွင်ခန်းမကြီးထဲကို ကုပ်ချောင်းချောင်းလေးတွေ ဝင်ကြရပါတော့တယ်။



တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ နဖူးတွေ့ဒူးတွေ့မတွေ့ခဲ့ရဖူးတဲ့ တရားသူကြီးကို အခုတော့ 
 
မျက်ဝါးထင်ထင် တွေ့နေရပြီ ဖြစ်သလို၊

ကိုယ့်ရှေ့ကလူတွေကို အမှုစစ်နေတာကိုလည်း မြင်နေရပါပြီ။

အမှုစစ်ဖို့ အလှည့်မကျသေးတဲ့ ကျွန်တော်တို့ အုပ်စုက ခုံရှည်တန်းလေးမှာ ထိုင်နေကြရပြီး၊

ကျွန်တော်တို့ရဲ့ နောက်ဖက်မှာတော့ တရားခွင်ကို လာကြတဲ့ တရားခံတွေရဲ့ မိသားစုတွေရှိနေပါတယ်။

အချို့က လူသတ်မှု၊ အချို့က မုဒိန်းမှု၊ အချို့က လုယက်မှု၊ အချို့ကတော့ ဓားပြမှု အစရှိတဲ့ အမှုမျိုးစုံရဲ့

တရားခံတွေ တရားသူကြီးရဲ့ရှေ့မှာ အမှုစစ်ခံနေကြရပါပြီ။

အဲဒီထဲမှာမှ လုယက်မှု တစ်ခုကတော့ ထူးခြားတယ် ဆိုရပါမယ်။

အမျိုးသမီးတစ်ယောက်ရဲ့ လက်ကိုင်အိတ်ကို လုယူထွက်ပြေးရင်း၊ လမ်းပေါ်က လူတွေ ဝိုင်းဖမ်းပေးလို့ 
 
တရားခွင်ထဲ ရောက်လာသူပါ။

သူက အဲဒီလို အိတ်ကို လုယူထွက်ပြေးခဲ့ပေမယ့်၊ တရားခွင်ထဲရောက်ချိန် ရဲက သက်သေခံပစ္စည်းတွေကို

တရားသူကြီးဆီ တင်ပြချိန်မှာတော့၊ သူ့အတွက် နောင်တ ကောင်းကောင်းရလောက်ပါရဲ့။

ဘာလို့လဲ ဆိုတော့ သူလုယူခဲ့တဲ့ အဲဒီ အိတ်ထဲမှာ မလေးငွေ ( ၇ ) ရင်းဂစ်ပဲ ပါနေလို့ပါပဲ။

အခုတော့ ထမင်းတစ်နပ်စာ အဲဒီငွေနဲ့ အနည်းဆုံး ၃ နှစ်လောက်ကနေ ၇ 
 
နှစ်အထိ ထောင်ကျခံရဖို့ရှိနေလေရဲ့။

တော်သေးတာပေါ့ ဓားထောက်ပြီးယူခဲ့တာ မဟုတ်ပေလို့သာပဲ။

ဓားပြမှု ဆိုရင်တော့ နှစ် ၂၀ ဝန်းကျင်အထိ ကျနိုင်သလို၊ ကြိမ်ဒဏ်ပါ ရိုက်ခံရဖို့ သေချာပါတယ်။



နောက်ဆုံးတစ်ယောက်ကတော့ ဆေးခြောက်သယ်ယူမှု။ သူကတော့ အင်ဒိုနီးရှား နိုင်ငံသားပါ။

သူက ဒီနိုင်ငံမှာ တရားဝင်ပါမစ်နဲ့ နေနေသလို၊ သူ့အမျိုးသမီးနဲ့ရော၊

၂ နှစ်အရွယ် သမီးလေးတစ်ယောက်နဲ့ပါ အတူတူနေထိုင်ကြရင်း ဒီအမှုကို ကျူးလွန်ခဲ့မိတာပါပဲ။

ဒီနိုင်ငံရဲ့ ဥပဒေက ဆေးခြောက် တစ်ကီလိုနဲ့ အထက်ဆိုရင် ကြိုးပေးပြီး သေဒဏ်စီရင်ပါတယ်။

ဒီနိုင်ငံမှာ အဲဒီအမှုနဲ့ ကြိုးပေးခံရသူ အတော်များများဟာ အင်ဒိုနီးရှားနိုင်ငံသားတွေ ဖြစ်နေတာကတော့ 
 
ထူးခြားမှုတစ်ခုလို့ပြောရပါမယ်။

အဓိက ကတော့ သယ်ယူခအမြတ်အစွန်း များများရတဲ့ အပေါ်မှာ၊ ဖမ်းမိရင် သေဒဏ်ဆိုတာကိုတောင်၊

စဉ်းစားဆင်ခြင်နိုင်ဖို့ သတိမရတော့ပဲ လောဘရဲ့အမှောင်ဖုံးလွှမ်းမှုအောက်မှာ နွံနစ်ခဲ့ကြရတာပါပဲ။

သူ့ကို တရားသူကြီးက သေမိန့်ချမှတ်လိုက်ချိန်မှာ၊ တရားခွင်ကို ရောက်နေတဲ့ သူ့အမျိုးသမီးဟာ၊

သူ့သမီးလေးကို ကျစ်ကျစ်ပါအောင် ပွေ့ပက်ထားရင်း ငိုနေတာကို ကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ 
 
ဆို့နင့်နေမိတယ်။

မိသားစုအတွက် ဘဝတိုးတက်ရာ ရှာဖွေရာမှာ ဥပဒေနဲ့ ငြိစွန်းတဲ့ အခုလို အမှုမျိုးတွေ လုပ်ကိုင်မိရင်း၊

သေမိန့်ကျသွားသူတွေ ဘယ်လောက်တောင် များနေခဲ့ပြီလဲ။

အများအတွက် အမှားတွေ ကျူးလွန်နေမိပေမယ့် မိသားစုအတွက်တော့ သူဟာ သူရဲကောင်းဖြစ်ချင် 
 
ဖြစ်နေလိမ့်မယ် ထင်ပါရဲ့။

ဒီလို ဘဝမျိုးနဲ့ ကျွန်တော်တို့အဖေတွေ ယူလာပေးမယ့် ဆန်မွှေးထမင်း တစ်လုတ်ထက်စာရင်၊

အဖေရဲ့ ရင်ငွေ့လှုံရင်း ဆန်ကြမ်းစားရတဲ့ ဘဝကိုသာ ရရှိ ပိုင်ဆိုင်လိုမိပါတယ်။



အတွေးနယ်ကျွံနေတုန်းမှာပဲ ကျွန်တော့် အလှည့် ရောက်လာခဲ့ပါပြီ။

ရုပ်ရှင်တွေ စာတွေထဲမှာပဲ မြင်ခဲ့ ဖတ်ခဲ့ရဖူးတဲ့ တရားခံကို ထည့်သွင်းပြီး အမှုစစ်ယူတဲ့ ဝက်ခြံလေးထဲ 
 
ကျွန်တော်ရောက်နေခဲ့ပါပြီ။

တရားရုံးမရောက်ခင် ကျွန်တော်အဖမ်းခံခဲ့ရတဲ့ နယ်မြေရဲစခန်း အချုပ်ထဲမှာတုန်းက၊

ထောင်အကြိမ်ကြိမ် ကျခဲ့ဖူးသူတွေ ပြောပြတဲ့ အကြောင်းလေးကို ကျွန်တော် ပြန်စဉ်းစားနေမိတယ်။

ဘာလည်းဆိုတော့ ..... 

တရားရုံးရောက်လို့ အမှုစစ်ချိန်မှာ ဝန်ခံလိုက်ရင်၊ ချက်ချင်း ကာဂျန်းထောင်ကို ပို့ပြီး၊

ဝန်မခံသေးရင် ယာယီ သံသယ အကျဉ်းသားအဖြစ်၊ စွန်ဂိုင်းဗလို့ ထောင်ကို ပို့တယ် 
 
ဆိုတဲ့အကြောင်းလေးပါ။

ကာဂျန်းထောင်က အပြစ်ရှိတယ်လို့ ဝန်ခံပြီး ထောင်မိန့်ချမှတ်လိုက်ပြီးတဲ့ ထောင်သားတွေပဲ နေရတဲ့ 
 
အကျဉ်းထောင် ဖြစ်ပြီး၊

အနေအထိုင် ကျဉ်းကျပ်သလို၊ စည်းကမ်းကြီးလွန်းတာကြောင့် 
 
အကျဉ်းသားတိုင်း ကြောက်ရွံ့လေ့ရှိတဲ့ ထောင်ပါ။

ဒါကြောင့် .....

ကျွန်တော့်ကို တရားရုံးရှေ့နေက အမှုစစ်မေးချိန်မှာ ဝန်မခံခဲ့ပါဘူး ။




တစ်ခုပြောစရာရှိတာက ....

မလေးရှားမှာ မြန်မာနိုင်ငံသား အတော်များများ တရားမဝင် ဝင်ရောက်မှုနဲ့ ရှိနေကြပေမယ့်၊

အဲဒီ တရားမဝင် ဝင်ရောက်မှု အပြစ်ဒဏ် ဘယ်အထိ အမိန့်ချမှတ်နိုင်ကြောင်းကိုတော့၊ အတော်များများ 
 
မသိကြသေးပါဘူး။

မလေးရှားရဲ့ ဥပဒေအတိုင်း ချမှတ်မယ်ဆိုရင် ( Over-stay ) တစ်ယောက်ကို၊

ထောင်ဒဏ် ( ၅ ) နှစ်၊ ကြိမ်ဒဏ် ( ၆ ) ချက်နဲ့အတူ ဒဏ်ငွေအဖြစ် ရင်းဂစ် ( ၁၀၀၀၀ ) အထိ 
 
ချမှတ်နိုင်ပါတယ်။

ဒါပေမယ့် ပုံမှန်အားဖြင့်တော့၊ ထောင်ဒဏ် ( ၂ ) လ အတွင်းကနေ ( ၈ ) လအတွင်းလောက်အထိပဲ 
 
ချမှတ်လေ့ရှိပြီး၊

တချို့ တရားရုံးတွေက ကြိမ်ဒဏ်ပါ ပူးတွဲ ချမှတ်ပေမယ့်၊ တရားရုံး အများစုကတော့ ထောင်ဒဏ်ပဲ 
 
ချမှတ်ပါတယ်။

ဒါဟာလည်း မလေးရှားမှာ နိုင်ငံပေါင်းစုံက တရားမဝင် လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေသူတွေ 
 
သိန်းနဲ့ချီ ရှိနေတာကြောင့်၊

အခုလို လပိုင်းလောက်ပဲ အပြစ်ပေးပြီး သက်ဆိုင်ရာ နိုင်ငံဆီ ပြန်လွှတ်တယ်လို့ ယူဆမိပါတယ်။

ဥပဒေအတိုင်းသာ အပြစ်ပေးရမယ်ဆိုရင်၊ နိုင်ငံခြားသား သက်သက်နဲ့တင်၊

မလေးရှားက ရှိသမျှ ထောင်အားလုံးနဲ့ camp အားလုံးမှာ နေရာလပ်မရှိနိုင်လောက်တော့ပါဘူး




ရုံးချိန်းတရားခံအားလုံး အမှုစစ်ပြီးမှ၊ သက်ဆိုင်ရာ ထောင်အသီးသီးကို အချုပ်ကားတွေနဲ့ ပို့ပေးမှာ 
 
ဖြစ်တာကြောင့်၊

မြေအောက်ထပ်က အချုပ်ခန်းလေးဆီ ပြန်ဝင်ပြီး ကျန်တဲ့ တရားခံတွေကို စောင့်နေရပါတယ်။

မလေးရှားနိုင်ငံရဲ့ ဥပဒေက ထောင်ထဲ၊ အချုပ်ထဲ၊ ကန့် ( camp ) ထဲမှာ ဆေးလိပ်သောက်ခွင့်မရှိပါဘူး။

ဒါပေမယ့် တရားခွင်မှာ တရားသူကြီး အမိန့်ချမှတ်ပြီးလို့ မြေအောက်ထပ်က အချုပ်ခန်းလေးဆီ 
 
ပြန်ဝင်ချိန်မှာတော့၊

ဆေးလိပ်သောက်ကြလွန်းလို့ မီးခိုးတွေအူနေပုံများ အချုပ်ခန်းလေးဟာ အရှင်လတ်လတ် 
 
မီးထတောက်တော့မတတ်ပါပဲ။

အပြင်မှာ ပုံမှန်ဈေး ၁၀ ပဲ ရှိတဲ့ ဆေးလိပ်တစ်ဗူးဟာ ဒီနေရာမှာတော့ ၅၀ အထိ ပေါက်ဈေးရှိနေပါတယ်။

ဆေးလိပ်ရောင်းတဲ့ ရဲအတွက်တော့ အမြန်ဆုံး ချမ်းသာနည်းဆိုပြီး စာအုပ်ပါထုတ်လိုက်ရင် 
 
ဝက်ဝက်ကွဲဦးမှာ မြင်ယောင်သေးတော့တယ်။

တစ်ခု ထူးဆန်းတာက ရိုးရိုးဆေးလိပ်ဗူးတွေ ရောင်းတဲ့အပြင်၊ ဗာဂျီးနီးယားဆေးသားတွေကိုပါ 
 
ပုံစံသစ်တစ်မျိုးနဲ့ ရောင်းတာပါပဲ။

ဆေးလိပ်ဗူးတွေက ထောင်ထဲကို ဝှက်ယူသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်တာမို့၊ ဒီ ပုံစံသစ်တစ်မျိုးကို 
 
ဥာဏ်ကြီးရှင်တွေက တီထွင်လိုက်ပုံရပါတယ်။

တမာခေါက်လို့ ခေါ်တဲ့ ဗာဂျီးနီးယားဆေးသားအိတ်ကလေးကို အလျားလိုက် 
 
လိပ်လိုက်ရင်း ခေါက်ချိုးလိုက်ပြီးမှ၊

အပေါ်ကနေ တိပ် အမည်းကြီးနဲ့ အထပ်ထပ်ပတ်ထားလိုက်တာမို့၊ အဲဒီဆေးထုပ်လေးဟာ 
 
လက်မလုံးပတ်လည်လောက် ကျုံ့သွားပါတယ်။

အဲဒီတော့မှ အပြင်မှာ အဲဒီတစ်ထုပ်ကို ပြား ၅၀ ပဲ ကျတဲ့ ဆေးထုပ်လေးဟာ၊ ၁၀ လောက် 
 
တန်ကြေးဖြစ်လာပါတော့တယ်။

တရားရုံးတက်ချိန် အချုပ်ထဲမှာ အပြင်က မိသားစုတွေ အသီးသီး လာတွေ့ကြရင်း၊ 
 
လိုအပ်တဲ့ငွေကို ပေးသွားကြတာမို့၊ အခုလို ဝယ်နိုင်ကြတာပါပဲ။

အဲဒီဆေးသားထုတ်လေးတွေကို ထောင်ထဲအထိ သူတို့တွေ ဘယ်လိုများ သယ်ယူကြမလဲလို့ 
 
ကျွန်တော် စိတ်ဝင်စားနေမိတယ်။

အချို့က အဲဒီ လက်မအရွယ်ဆေးသားထုတ်လေးတွေကို လက်ကနေ တဆဆကိုင်လိုက်၊ 
 
သက်ပြင်းချလိုက်၊

တစ်ချို့က ချီတုံချတုံဖြစ်လိုက်၊ တစ်ချို့က အပြီးတိုင်ဆုံးဖြတ်ထားဟန်နဲ့ အံကြိတ်ထားလိုက်။

သူတို့တွေကို ကြည့်ရင်း ကျွန်တော်ပါ အလိုလို မောနေမိတယ်။




မကြာပါဘူး။ ကျွန်တော်သိချင်နေတဲ့ အဖြေဟာ မြင်ကွင်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက် စီးဝင်လာခဲ့တယ်။

ဆေးသားထုပ်ကလေးတွေ ဝယ်ထားတဲ့သူတွေဟာ၊ အချုပ်ခန်းရဲ့ နောက်ဖက်ထောင့်ကလေးက 
 
အိမ်သာခွက်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ရင်း၊

အဲဒီလက်မအရွယ်လောက် ဆေးသားအထုပ်လေးတွေကို သူတို့ရဲ့ မစင်စွန့်ရာ ဒွါရထဲ အံကြိတ်ပြီး 
 
ကိုယ်တိုင်ထိုးသွင်းနေကြတဲ့ မြင်ကွင်းပါပဲ။

မြတ်စွာဘုရား..... အဲလိုကြီးလား....

မျက်လုံးတွေ နီရဲပြီး မျက်ရည်စို့လာတဲ့အထိ အံကြိတ်ရင်း၊ ဆေးသားထုပ်လေးတွေကို တစ်လုံးပြီးတစ်လုံး 
 
ထိုးသွင်းနေတဲ့သူတို့ကို ကြည့်ရင်း၊

ကျွန်တော် ကြက်သီးမွေးညင်းတွေ အပြိုင်းအရိုင်းထလာမိတယ်။

အံ့သြစရာကောင်းလိုက်ပုံက အချို့ဟာ ၁၀ လုံးအထိ ထိုးသွင်းနိုင်သလို၊ အချို့ကတော့ အလုံး 
 
၅၀ လောက်အထိ စံချိန်တင်သွားကြတယ်။

ဒါက အောက်လမ်းနည်းလို့ ခေါ်ပါသတဲ့။ အထက်လမ်းနည်း နောက်တစ်ခု ရှိသေးတယ်။

အထက်လမ်းနည်းကတော့ ရေသန့်တစ်ဗူးဆောင်ထားရင် ရပါပြီ။ 
 
တစ်လုံးပြီး တစ်လုံး ရေမျှောပြီး မျိုချလိုက်ရုံပါပဲ။

တစ်ချို့ဆေးသားအထုပ်တွေက လက်မလုံးထက်ကြီးနေတာတွေမို့၊ အဲဒီအထက်လမ်းနည်းဟာလည်း 
 
အတော်မလွယ်တဲ့ ကိစ္စပါ။

ဒါပေမယ့် အထက်လမ်းနည်းသမားတွေမှာလည်း ဆေးလုံး ၇၀ လောက်အထိ 
 
စံချိန်ချိုးထားတာတွေကို တွေ့ရပါတယ်။




ဒီလိုနဲ့ ကိစ္စဝိစ္စတွေပြီးချိန်မှာတော့၊ အမှုဝန်ခံတဲ့သူတွေနဲ့ ရင်ဆိုင်ဆဲ တရားခံတွေကို 
 
သက်သက်စီ ခွဲထုတ်လိုက်ကြပါတယ်။

အမိန့်ကျပြီးဖြစ်တဲ့သူတွေက ကာဂျန်း လို့ခေါ်တဲ့ ထောင်ကို သွားရမှာဖြစ်ပြီး၊ 
 
အမှုရင်ဆိုင်ဆဲသူတွေကတော့၊ စွန်ဂိုင်းဗလို့ ထောင်ကို သွားရမှာပါ။

ကျွန်တော်ကတော့ အနေကျဉ်းကျပ်တယ်လို့ သတင်းကြီးနေတဲ့ ကာဂျန်းထောင်ကို 
 
မသွားချင်သေးတာကြောင့်၊

ဝန်မခံခဲ့တဲ့အတွက် စွန်ဂိုင်းဗလို့ထောင်သွားရမယ့် အုပ်စုထဲရောက်ရှိနေပါတယ်။

အကျဉ်းသားတွေကို နာမည်ခေါ်ချိန်မှာ အချို့ဟာ ကိုယ့်နာမည်ကို ခေါ်နေမှန်းမသိလို့ မထူးတာကြောင့်၊

ပါးဖောင်းခဲ့ရသူတဲ့သူတွေ ရှိပါသေးတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် လူမျိုးတွေပါ။

မြန်မာတွေကတော့ အဲလောက်အထိ ညံ့တဲ့သူ သိပ်မရှိပါဘူး။

ဒါပေမယ့် မြန်မာနာမည်ကို မလေးရှားရဲက ခေါ်ရင် ပုံမှန် မြန်မာလို အသံထွက် မပီသတာကြောင့်၊

အထူးဂရုစိုက် နားထောင်ရပါတယ်။ ဂရုမစိုက်ရင်လည်း ရပါတယ်။ ပါးတော့ ဖောင်းမှာပေါ့။

ဥပမာ အောင်ကျော်ကျော်ဆိုရင် သူတို့ခေါ်တာက အွန်ကရော်ကရော် ဖြစ်ပါတယ်။

ဒီလိုနဲ့ နာမည်တွေ ခေါ်ပြီးချိန် သက်ဆိုင်ရာအချုပ်ကားတွေပေါ်ကို လက်ထိပ်တန်းလန်းတွေနဲ့ 
 
ဗလုံးဗထွေးတက်ရင်း၊

တစ်ခါမှ မစဉ်းစားခဲ့ဖူးတဲ့ တိုင်းတစ်ပါးက အကျဉ်းထောင်ကြီးဆီကို ကျွန်တော်တို့ အလိုတူသည်ဖြစ်စေ 
 
မတူသည်ဖြစ်စေ သွားနေရပါပြီ။




လှိုက်ခနဲ ပျို့တက်လာတဲ့ ဝမ်းနည်းစိတ်ကို သူ့အလိုအတိုင်း လွှတ်ထားလိုက်ရမလား၊

ဒါမှမဟုတ် ဆင်ခြင်ဥာဏ်နဲ့ သတိကပ်ပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရမလား။

သေချာတာကတော့ အချုပ်ကားရဲ့ လေဝင်ပေါက် သံဇကာကွက်ထဲကို စီးဝင်နေတဲ့ 
 
ဆည်းဆာဖျော့ဖျော့အတိုင်း၊

ကျွန်တော့်ရဲ့အနာဂတ်ဟာ အချိန်အနည်းငယ်အတွင်းမှာပဲ အမှောင်ရဲ့လက်တော်မှာ 
 
စုန်းစုန်းချုပ်ရဦးတော့မယ်။

ကျွန်တော့် ကဗျာတစ်ပုဒ်ထဲက စာသားလေးကို တိုးတိုးလေး ရွတ်ဆိုနေမိတယ်။


ဘဝကခါးလွန်းတယ်

အာဠာယနဲ့ ဥဒကတို့လို

သစ္စာလေးပါးနဲ့ တေ့လွဲလွဲရင်း

ကိုယ့်ကိုယ်ကို

အကြိမ်ကြိမ် မျိုချခဲ့ပြီးပြီ။






ညီလင်းနိုင် 
 
 


9 comments:

အိုးးးးးးးးးး
ဖတ်ပြီးတော့ မောထှာ အကိုရေ...
ရင်မောလှပါဘိတော့ :(
အပိုင်း (၂ ) ကလေးက မျှော်နေတုန်းပေါ်လာဆိုသလိုပါပဲ..
ဒါပေသိ...ရင်ထဲ တကယ်ကိုမောသွားတယ်ဗျာ :)

 

တထိုင်းထဲဖတ်ရင်းသောက်ရင်းနဲ့ကော်ဖီ၅ခွက်ကုန်သွားပြီ.....

 

ငိုချင်တယ်။
နောက်ဆုံးက ကဗျာလေးကတော့ တကယ်ထိတယ်။

ဘဝကခါးလွန်းတယ်

အာဠာယနဲ့ ဥဒကတို့လို

သစ္စာလေးပါးနဲ့ တေ့လွဲလွဲရင်း

ကိုယ့်ကိုယ်ကို

အကြိမ်ကြိမ် မျိုချခဲ့ပြီးပြီ။

 

ရင်မောစေပေမယ့် အရေးအသားထဲမှာ မျှောပါသွားတယ် ။အရေးအသားတွေ
အရမ်းကောင်းတယ် အားပေး အားကျလျက်ပါ ။

 

ဖတ်နေရင်းနဲ့ ရင်ထဲဆိုနင့်လာတယ်။ သက်ပြင်းတောင် ချမိသွားတယ်။ ဘ၀က ခါးလွန်းတယ်လား။ အဲတာကြောင့်ပဲ အရေးအသားတွေက အရမ်းထိရှတာပဲ အစ်ကို။

 

ကိုညီလင်းနိုင်ရေ .. ဖတ်ရတာတောင် မောတာ .. အဲ့ထဲကလိုမျိုးသူတွေဆို ဘယ်လောက်များ မောပမ်းနေလိုက်မလဲနော် .. နိုင်ငံခြားကို မရောက်ဖူးပေမယ့် လည်း ဒီလိုမျိုးမျှဝေမှုလေးတွေကနေ အရာလုံးကို သိမြင်ခွင့်ရလိုက်ပါတယ် .. အပိတ် ကဗျာလေး ထိ တယ်ကွယ် :)

 


တကယ်ကြီး အချုပ်ထဲရောက်သွားတာလား .. :(

 

have a peek at this web-site view publisher site important link click this click over here Web Site

 

Post a Comment

Related Posts Plugin for WordPress, Blogger...