ညီလင်းနိုင်: ကဗျာ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

စိတ်ခတ်ကျောက် ၇

ကိုယ့်ထက်မြက်မှုကို အသက်နဲ့လဲပြီးကာကွယ်ပါ တဲ့
ဆယ်ဘဝစာညံ့နေတဲ့အသံထွက်ဖြစ်ပစေ မင်းအရောင်အသွေးကိုမီးလိုပျိုးထောင်ပြခဲ့လိုက်
လျှပ်စီးလိုခလုတ်ဖွင့်မှ သေမိန့်ထုတ်ခွင့်ရတဲ့ အာဂန္တု Danger မဖြစ်စေနဲ့
ကိုယ့်ခါးဆစ်ရိုးပေါ်ကိုယ်ခွေပြီး ကိုယ့်အဆိပ်ပေါ်ကိုယ်တိုင်သစ္စာစောင့်သိသူဖြစ်ပစေ
ငါမပြောဘူးလား
အခုတော့ မင်းယဉ်ကျေးမှုကိုသူတို့နွားတံဆိပ်ကပ်လိုက်ကြပြီ
အခု မင်းကိုသူတို့ဝိုင်းထားပြီ
မင်းနောက်ကျောကိုရေနံတွင်းလိုအစဆွဲထုတ်ပြီး မီးလိုသူတို့ဝိုင်းထားပြီ
မီးကျိုးမောင်းပျက်ပြက်လုံးတွေနဲ့ မင်းကိုကြိုးတုပ်ပြီး
မင်းဂိုးပေါက်ထဲကိုပန်နယ်တီကန်သွင်းကြတော့မယ်
ငါ့အသက်ကိုလောင်းကြေးထပ်ပြီး မင်းကိုသတိပေးခဲ့မယ်
မင်းအသက်ဇီဝကို ကျည်ကာမချွတ်နဲ့
မင်းလျှောက်နေတဲ့ခရီးမှာ ဗလာမဲမပါတဲ့နင်းမိုင်းတွေချည်းပဲ
မိုင်းနင်းမိလို့လွင့်စင်ပဲ့ထွက်သွားတဲ့ အသားစတစ်ဖတ်ဖြစ်ပစေ
မင်းနာမည်ကိုသွေးနဲ့ရေးထွင်းပြီး လျှပ်စီးလိုထစ်ချုန်းပြခဲ့လိုက်

မိသားစု ၂

ငါပြန်လာခဲ့ပါတယ်
မိသားစုမရှိတဲ့အိမ်တံခါးဝဆီ ငါ့စိတ္တဇကိုမီးဖိုဖို့ ငါပြန်လာခဲ့ပါတယ်
နာကျင်မှုတွေလိမ်းကျံထားတဲ့ ငါ့အခန်းကလေးက ငါ့ရင်ကွဲသံတွေကို
စူးစူးဝါးဝါးထိုးဟောင်တယ်
ရေးလက်စကဗျာတွေက ငါ့မျက်ရည်တွေကို ဆို့ဆို့နင့်နင့်ခင်းကျင်းတယ်
အလေ့ကျသက်ပြင်းတွေက ငါ့စိတ်အလွှာထဲ ကြယ်တွေလို စိုးစိုးစီစီ အရိုးတွန်တယ်
ငါ့နာကျင်မှုက ငါ့အတွေးကို ဓားလိုဝင်သွေးနေမှတော့
ငါ့ကဗျာတွေဟာ ငါ့သေတမ်းစာပါပဲ
အခု ငါ့စိတ်မှာ ဂူအောင်းနေတာ ကမ္ဘာဦးမီး
ငါမရွတ်ဆိုနိုင်တဲ့ ခေါင်းစဉ်ဟာ မိသားစု
တစိမ့်စိမ့်စိုနေတဲ့ မိသားစုတွေကိုမြင်တိုင်း ငါ့စိတ်ဟာ တဖျစ်ဖျစ် စ လောင်တော့တာပဲ
ငါမရောက်နိုင်တဲ့လမ်းဟာ ငါ့စိတ်ပေါ်အခါခါဖြတ်လျှောက်ပြီး
ငါမဖတ်နိုင်တဲ့ တစ်ခုတည်းသော အဓိပ္ပါယ်ဟာ မိသားစု
မိသားစုသီချင်းမှာ ငါ့အသံဟာ တစ်ကြိမ်မှ မလင်းဘူး
မိသားစုသစ်ပင်မှာ ငါ့အခက်အလက်ဟာ တစ်ကြိမ်မှ မပွင့်ဘူး

အိမ်အပြန်

အသက်ဇီဝဟာ ကားနောက်ဖုံးထဲမှာ
လိုဏ်ဂူထဲ ၇ ရက်ပိတ်မိနေတဲ့ ရဟန်းကို ပထမဆုံး ကိုယ်ချင်းစာမိတယ်
ရေစိုအဝတ်အထပ်ထပ်ပတ်ထားတဲ့ အလုံပိတ် အနက်ရောင်ဗူးခွံထဲမှာလို
သေမင်းရဲ့အရောင်ဟာ အမှောင်
ကားအိတ်ဇောငွေ့ဟာ အမှောင်ကိုဖြတ်ပြီး
အဆုတ်နံရံတွေကို သန်မာစွာ ဆုပ်ချေညှစ်ပစ်လိုက်တယ်
ချိုးထားရတဲ့ဇက်ကို မတ်မရဘူး
လိမ်ထားရတဲ့လည်ကို ဖြည်မရဘူး
ကွေးထားရတဲ့ခြေကို ဖြောင့်မရဘူး
နာကျင်ကိုက်ခဲမှုဟာ တစ်ဘဝစာ
တစ်နာရီမိုင်ကုန်မောင်းနေကြောင်း အိတ်ဇောငွေ့အပူဟာ ကြမ်းခင်းသံပြားကိုဖြတ်ပြီး
အရေပြားဆီ မီးလို ခွဲဝင်လာတယ်
အရှိန်နဲ့ ချိန်သားကိုက် ခေါင်းကိုထုရိုက်နေတဲ့ ကားနောက်ဖုံးသံပြားဟာ
ဇွန်းတစ်ချောင်းလို
ပုလင်းတစ်လုံးလို
နောက်တော့ .....
တူတစ်လက်လို
နှစ် ၆၀ စာ နောက်ကျကျန်ခဲ့တဲ့ စနစ်ကြီးရဲ့ သားကောင်တွေပါ
ပြိုကွဲ ပျက်စီးသွားတဲ့ မိသားစုသတင်းကို မျက်ရည်နဲ့ မီးဖိုဖို့
အိမ်ကို သူခိုးလို အဲဒီလို ငါတို့ ပြန်လာခဲ့ကြတယ်။




ညီလင်းနိုင်

သားကောင်

သူ့မျက်လုံးထဲ အလျှံတညီးညီးပွင့်နေတဲ့နေရောင် 
မီးလိုကျွက်ကျွက်ဆူနေတဲ့အရေပြားပေါ် 
ချွေးစက်ကိုရွှဲရွှဲစိုအောင်ဆမ်းပြီး လောကဓံကိုအံတုထားတယ်
ဟောင်းလောင်းပွင့်ထွက်နေတဲ့အစာအိမ်ဟာ လည်မျိုကိုဖြဲနင်းပြီး
ပက်ကြားအက်နေတဲ့ သူ့နူတ်ခမ်းပေါ် အရိုးတစ်ချောင်းလိုငေါထွက်လာတယ်
ခုတ်လှဲခံထားရတဲ့စိတ်ကို ခေတ်ပျက်ကြီးထဲကျွတ်ကျန်ရစ်ခဲ့တဲ့
ခါးဆစ်ရိုးပေါ် တွန်းရွှေ့ထားပုံရတယ်
တစ်ချက်ကလေးမှ သူ မညည်းဘူး
ကျွန်တော့်အိတ်ကပ်ထဲက အစောတလျင်ခုန်ထွက်သွားတဲ့ ၅၀၀ ကျပ်တန်လေးကို
မြေဆွေးရောင်လက်နှစ်ဖက်နဲ့ အသက်ဇီဝလို သာသာဖွဖွဆုပ်ကိုင်တယ်
ပြီးတော့ .....
" သံသရာအဆက်ဆက်မှာ မင်းဆိုးမင်းညစ်နဲ့ ကင်းလွတ်နိုင်ပါစေကွယ် " တဲ့ 
ရိရွဲနေတဲ့အမှိုက်ပုံထဲကတိုးထွက်လာတဲ့ အနံ့အသက်နဲ့ သူ့အသံမှာ
ကျွန်တော့်စိတ်ဟာ တစ်ဘဝစာ မီးကျွမ်းသွားခဲ့တယ်။ 






ညီလင်းနိုင်

စိတ်ခတ်ကျောက် ၈

ခေါက်ရိုးကျိုးအောင်ထိုးချေခံထားရတဲ့တနင်္ဂနွေကိုနေထုတ်လှမ်းလိုက်တယ်
ဒါ အဆိပ်ရှစ်အောင်စထဲက မီးလိုထိုးထွက်လာတဲ့အသံ
အဆီလည်းဝင်းမှည့်မနေပဲနဲ့ မနက်ခင်းတိုင်းဟာသဲတရှပ်ရှပ်
တဖျပ်ဖျပ်ဆွဲလှန်ကြည့်လိုက်ရင် ဒဏ်ရာတိုင်းမှာသွေးဟာမြစ်လိုစီးနေတော့တာပဲ
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ
နိုင်ငံတော်သီချင်းဟာ မြေသိမ်းခံလိုက်ရသူတွေရဲ့နှလုံးသည်းပွတ်ထဲ
ဓားသံလျက်တွေလို ပြိုးပြိုးပြက်ပြက်စီးဝင်သွားခဲ့တယ်
အိပ်ယာမရှိတဲ့ညဟာ ကမ္ဘာပျောက်တဲ့ညပဲ
လု လု ခံနေရတဲ့အခွင့်အရေးကို သွေးရူးသွေးတန်းဖြဲရှာနေရတဲ့အဓိပ္ပာယ်
ကျွဲပခုံးထနေတဲ့နှစ်ကာလနဲ့ အသားနုမတက်နိုင်သေးတဲ့လောကဓံနဲ့
တစ်လမ်းမှ မမောင်းလိုက်ရပဲနဲ့ လေးဘီးလုံးပွင့်ထွက်သွားတဲ့နေ့တွေ
ငါတို့ဟာ ဒေါ်လာသန်းရာချီတန်တဲ့ပန်းချီကားချပ်ထဲက ထမင်းငတ်နေတဲ့သူတောင်းစား
ငါတို့ဟာ ဇာတိဂုဏ်ကိုပခုံးမှာထမ်းပြီး ကမ္ဘာပတ်နေတဲ့ဇာတ်ပျက်ကျွန်
ငါတို့ဟာ အမျိုးဂုဏ်ကိုခေါင်းမှာရွက်ပြီး ခြေတော်တင်ခံနေရတဲ့အိမ်ဖော်
ဘယ်နိုင်ငံခေါင်းဆောင်ကမှ ကိုယ့်သမီးကို လိင်ကျွန်ဖြစ်စေချင်မှာမဟုတ်ဘူး
နိုင်ငံခေါင်းဆောင်တိုင်းကလည်း ငါတို့အဖေမဖြစ်ခဲ့ကြဘူး

စိတ်ခတ်ကျောက် ၉

အဆင်ပြေလားမေးရင် လောင်မီးကျနေတယ်က စ ရမှာပဲ
လောင်စာဆီ ဆမ်းထားတဲ့လမ်းပေါ်က ထင်းလိုပုံနေတဲ့စိတ်ဖြတ်စတွေ
သံသယတိုင်းဟာ ဓားခုတ်ရာတွေနဲ့လင်းလို့ မြင်ကွင်းတွေကလည်း အလျှံတညီးညီးနဲ့လောင်လို့
အသားလိုလို့ အရိုးတောင်းနေတာလား မျှော်စင်ပြီးဖို့ငြမ်းဝင်ထိုးတာလား
မီးကုန်ယမ်းကုန်ကျိုးကြေသွားတဲ့စိတ်ဟာ ခြေတစ်ဖက်ဆာနေတဲ့လမ်းပေါ်
လိုရာခရီးကနေ နောက်ပြန်လျှောက်ခဲ့တယ်
လူသတ်ရင် တစ်ခါပဲသေမယ်
စိတ်ကိုသတ်ရင် သံသရာတစ်ခုစာသေသတဲ့
သေနေတဲ့စိတ်မှာ မြင်လိုစိတ်ဟာဗလာ မြင်ကွင်းကလည်းဗလာ
ဘဝတွေကလည်းဗလာ တိုင်းပြည်ကလည်းဗလာ
ဘယ်လက်ထဲကဖုန်းကို ခေါ်ဆိုလိုက်တိုင်း
ညာလက်ထဲကဖုန်းဟာ လူကြီးမင်းနဲ့ချည်းတိုးနေရတဲ့စနစ်
မင်းညီမလေးတွေက ကေတီဗီမှာ ဘီယာနဲ့အမြည်းခံနေရသလို
ငါ့ညီမလေးတွေလည်း မာဆတ်မှာ အညှာပြတ်ခဲ့ကြရတာပဲ

ဘယ်တော့မှမကုန်တဲ့မီးစာဟာ စိတ်အသားနုကိုမလွတ်တမ်းဝင်ခဲထားတယ်

စပ်မိစပ်ရာဟာ စစ်တလင်းပဲ
မျက်လုံးထဲကျည်ကပ်အပြည့်ဖြည့်ထားတဲ့ စုန်းတောက်နေတဲ့ ပါးပျဉ်းငေါငေါတွေ
လတ်ဆတ်တဲ့အတွေးအခေါ်မှန်သမျှ ကာလယန္တယားရဲ့ခံတွင်းကြီးထဲ မှိုစော်နံသွားသလိုမျိုး
ဒီနေ့သတင်းစာဟာ ဒီနေ့အတွက်ပဲလား
ဖြတ်ဖောက်ချုပ်ထားတဲ့ အမည်နာမတွေ အဆီရွှဲနေတဲ့ဟန်ကြီးပန်ကြီးတွေ
ကျောက်သားနဲ့ထွင်းထားတဲ့အတွေးအခေါ်ဟာ ရေညှိပေါ် ချော်လဲရောထိုင်သွားသလိုမျိုး
စိတ်ကိုဂျက်ပင်ထိုးလိုက်တိုင်း Suicide သီချင်းက အရိုးကွဲအောင်ထိ မိုင်ကုန်မောင်းဝင်လာတယ်
ဆုတ်ဖြဲခံထားရတဲ့တောင်တန်းကြီးတွေအောက် နေရောင်ကိုလက်ထိုးအန်နေရတဲ့ မြေစာမြက်တွေ
ပြည်တန်တဲ့ တန်ဆာတွေ ဖွေးဖွေးလှုပ်နေတဲ့ နေကြာပန်းခင်းကြီးထဲက
ဝမ်းဟောင်းလောင်းနဲ့ ပြည့်တန်ဆာတွေ
ထမင်းတစ်နပ်စာဟာ တစ်ဘဝစာလုံးကို အနုကြမ်းဝင်စီးပစ်လိုက်တဲ့အကြောင်း
နိုင်ငံသားဟာ နိုင်ငံ့အရေးနဲ့မသက်ဆိုင်တဲ့အတွက် နိုင်ငံသားရဲ့အဓိပ္ပါယ်ဟာ
ခွက်ထိုးခွက်လန်ဟာသဖြစ်ကြောင်း
ရှင်သန်မှုနဲ့အောင်မြင်ခြင်းအတွက် ဖန်ဆင်းရှင်ကို ကျေးဇူးတင်ရပြီး
ဗုံးဆံထဲချိတ်ပါသွားတဲ့အသားတစ်ကိစ္စဟာ အစွန်းရောက်လက်ချက် သက်သက်သာဖြစ်ကြောင်း
တစ်ယောက်အရေပြားပေါ် တစ်ယောက်ရဲ့ စိတ်ကလေးကို ရွှဲရွှဲစိုအောင်ဆမ်းလို့
တစ်ယောက်ရဲ့စိတ်အတွင်းသားထဲမှာတော့ တစ်ယောက်ရဲ့လုပ်ကြံမှုကြီး စိုက်လို့
တစ်ယောက်လင်းဖို့အရေး တစ်ယောက်မှာ ပိန်းပိတ်အောင်ချုပ်လို့
တစ်ယောက်တက်ဖို့အရေး တစ်ယောက်ဇက်မှာ ကျွဲပခုံးထလို့
ကျွက်ကျွက်ဆူနေတဲ့ လောကဓံကို တစ်ကျိုက်ထဲမော့သောက်ပစ်လိုက်သလို
အလျှံတညီးညီးနဲ့ တော်လဲသံကြီး ကုပ်ခွစီးဝင်လာတဲ့ မစ္ဆရိယတွေ
သတ်ကွင်းထဲလက်ဗလာနဲ့ အသက်လုနေရသူလို မြင်မြင်ရာဟာ မီးတောက်ချည်းပဲ
ထစ်ခနဲရှိ တက်မလာနဲ့ တောက်ချထည့်လိုက်မယ် လက်ညိုးကလေးနဲ့ဆိုတာချည်းပဲ
ထစ်ခနဲဆို တက်မလာနဲ့ ဖြတ်နင်းထည့်လိုက်မယ် လည်မျိုတည့်တည့်ကိုဆိုတာချည်းပဲ
လူဟာ လူပီသလိုက်ပုံများ လူသတ်လို့ လူသေတာတောင် လူမသိလိုက်တဲ့ ပိရိမှု

လွဲမှားတဲ့အတိုင်း




 ကမ္မသတ္တိကြောင့်ပဲရရ ဘုရားသခင်ကြောင့်ပဲရရ သန္ဓေစိတ်မှာကတည်းက

စွဲလောင်နေတဲ့မီးတောက်

ရှင်သန်ခြင်းဟာ သဲပူပူပေါ်ပစ်တင်ခံထားရတဲ့ငါး

ကျိုးကြေနေတဲ့စိတ်အခွံထဲ ငွေကြေးဟာ မမြင်ရတဲ့ပထမအသက်

သေနေတဲ့ဘဝတွေထဲက ရှင်နေတဲ့ဒုက္ခနဲ့ ရှင်နေတဲ့ဘဝတွေထဲက သေနေတဲ့စိတ်

တစ်ယောက်ရဲ့လျှာပေါ်မှာ စုတ်ပြတ်သတ်သွားတဲ့ တစ်ယောက်ရဲ့အမြှေးပါးလို

မီးသဂြုင်္ိလ်စက်ထဲကနေ ကိုယ့်ဘဝကိုယ် သွေးရူးသွေးတန်းဆွဲလုနေရတဲ့အဓိပ္ပါယ်

စိတ်ကူးဟာအိပ်မက်လိုပေါ့ပါးပြီး လက်တွေ့မှာဘဝဟာသွေးသံရဲရဲ

နာနေတဲ့စိတ်ထဲ စိပ်နေတဲ့အနာတွေကြား လူ့ယဉ်ကျေးမှုကြီးတစ်ခုလုံးကို

ခေတ်ကြီးကခုတ်လှဲသွားတယ်

ဒုက္ခလောင်စာတွေနဲ့စိုစွတ်နေတဲ့အခန်းထဲ မီးပွားကလေးကအစ

အချိန်တိုင်းဟာ သေရေးရှင်ရေး

ပလက်ဖောင်းပေါ် မိုက်မိုက်မဲမဲထိုးဟောင်နေတဲ့သီချင်းလို

ကိုယ့်အသံဟာ ကိုယ့်နားစည်ကိုရိုက်ခွဲနေရုံသက်သက်ပဲ

အကွာအဝေး





အမှန်လွန်ဝါဒဆိုရင် အမှားတွေပဲထူထောင်လိုက်တော့မယ်

အခုမြင်နေရတဲ့မြင်ကွင်း မြင်ကွင်းထဲအမြင်စိုက်ဝင်နေတာလား

အမြင်လွှာထဲ မြင်ကွင်းရောက်လာတာလား

အကြားဆီ အသံဝင်လာတာလား အသံဆီ အကြားရောက်သွားတာလား

တစ်စက်ချင်းစပ်ဆက်နေတဲ့ရေစီးရေလာထက်

အလျင်နဲ့မျောနေတဲ့မြစ်ရေတွေကိုပဲ တစ်နေကုန်ထိုင်ငေးလို့ မဆုံးဘူး

တစ်စက်ချင်းလား အလျင်လား ....

စိတ်ဟာတစ်စက်ချင်းဝတ်မှုန်ကူးပြီး လူ့အသိဥာဏ်နဲ့သားဖောက်တဲ့ခေတ်ကြီးထဲ

တဖျတ်ဖျတ်ကြွေ .... လို့

တဆတ်ဆတ်ကြေ ..... လို့

ဂိုးထဲကိုလက်နဲ့ပုတ်သွင်းလိုက်တဲ့ဖြစ်စဉ်

ဒိုင်လူကြီးရဲ့ မျက်ကွယ်ဟာ ဂိုးဝင်ပြီး မျက်မြင်အနေအထားအရ ဒါဟာ အနီကဒ်

မမြင်ရတဲ့အမှန်တရားဟာ မျက်ဖြူလန်အောင်ထိ ခွက်ထိုးခွက်လန် စုံလုံးကန်းတယ်

စစ်ပြေးလမ်းပေါ်က လွင့်စင်ကျလာတဲ့ ကဗျာ - ၃





ဘယ်သူတွေလဲ .....

မီးစွယ်ငေါငေါတွေထဲ အာဟာရလို အာသာငမ်းငမ်း အရိုးကောက်နေတာ

ထက်ပိုင်းကျိုးနေတဲ့ သင်္ဘောကြီးထဲ ဆာလောင်မှုဆီမီးတွေ လျှံဝေကျနေသလို

အဝေးကသန်းခေါင်ယံကို ညအကန်းထဲ ဓားတွေလို မောင်းသွင်းလာခဲ့တဲ့ သေတမ်းစာ

လူ့ဘုံဆိုတာ တစ်ယောက်ရဲ့နောက်ကျောဆီ တစ်ယောက်ရဲ့စိတ်အတွင်းသားတွေနဲ့

သေရာပါတိုးလျှိုပေါက်ဖောက်ဝင်နေတဲ့ အမှတ်အသား

လူမှုဆက်ဆံရေးဟာ သင်တုန်းဓားပေါ် လွင့်စင်ပြုတ်ကျသွားတဲ့ သန္ဓေသားရဲ့ အသားစိုင်

စိတ်လိုလက်ရအသားမာတက်နေတဲ့ အသားပိုကတုတ်ကျင်း

ဒူးထောက်ထားတဲ့ဆုတောင်းခြင်းဆီ အလျှံတညီးညီးပြေးဝင်လာတဲ့ တော်လဲမှု

ကွယ်လွန်ခြင်းစစ်စစ်ဆိုတာ မီးစာမကုန်သေးပဲ ဆီခမ်းသွားတဲ့ အဝေးကမီးအိမ်တွေဆီ

သွေးလွှတ်ကြောတွေကတစ်ဆင့်  လောင်စာလိုပို့လွှတ်နေတဲ့ ကရုဏာတရား

ပိန်းပိတ်အောင်အုံ့ဆိုင်းနေတဲ့မြူတွေထဲ အဆိပ်ငွေ့တွေကို

လေဖမ်းဒန်းစီးတရားနဲ့ မျိုချနေရတဲ့ ဝေဝါးမှု

လုံးပတ်ဟာ လုံးလည်လိုက်ပြီး လုံးစေ့ပတ်စေ့ထဲ လုံးလုံးလျားလျား





သွေးမတိတ်တဲ့ရာသီ ပွင့်ထွက်နေတဲ့ စိတ်အသားတစ်ပေါ် စိတ်လိုလက်ရ စိုက်ဝင်နေတဲ့မီး

လင်းနေတဲ့လမ်းဟာ ပြတ်နေတဲ့လက်ပေါ်မှာ အဆီတဝင်းဝင်း

အမှန်တွေပြောလို့ အမှားတွေကဒဏ်ခတ်မယ်ဆိုရင် ယုံတမ်းစကားပဲပြောတော့မယ်

ဆိုကြပါစို့.....

မိုးရွာမှထွန်ချရတဲ့ခေတ်ပေါက်စလေးထဲ ဆန်တစ်ပြည် ၃ ကျပ်ဟာ

သုံးသီးလည်းစားပြီး သီးထပ်ရုံတင်မက သီးပါဝကွက်ညှပ်လိုက်တော့မှ ၁၃၀၀ ကျပ်ဖြစ်သွားတာမျိုး

ဘာသာစကားလား စကားဘာသာလား

တောင်နေတဲ့အတွေးဟာ အီနေတဲ့ဆယ်ကျော်သက်ကို သားစပ်လိုက်တာမျိုး

လွယ်သလိုမရေးကြေးဆို ဘူးသီးမသီးဘူးကို ဘာသာစကား ၁၀ မျိုးနဲ့အသွင်မတူရင်တောင် မူ တူနေဖို့

ကိုယ့်ဥပဒေနဲ့ကိုယ် သူကတမန်တော်ဆိုရင် ကိုယ်ကဗားရှင်းအသစ်စက်စက် ဘုရားသခင်

ကျက်နေတဲ့ကြက်ကို ကြွပ်နေအောင်ကြော်ပြီး ကြွက်သားပေါက်လေးလို

ကျွတ်ကျွတ်မြည်အောင်  ကြွပ်ကြွပ်ဝါးဖို့

ချွေတာရေးကို ခြွေချပြီး ချီတုံချတုံစိတ်နဲ့ ချည်ငင်လိုက်တာမျိုး

လူနာ





အဓိပ္ပါယ်ဟာ အမှောင်ထဲမှာ နက်နက်စူးစူး ဖြာနေတယ်

တစ်ဘဝလုံးလွဲခဲ့တဲ့အတိုင်း ဒုက္ခသားအိမ်ကြီးထဲ အလယ်ဇောငါးချက်နဲ့ စလယ်ဆုံး လောင်တော့တာပဲ

အရေပြားပေါ်တွားတက်နေတဲ့ စားဝတ်နေရေးတက်တူးရယ်

စိတ်အမျှင်အိမ်အိုကြီးထဲ တတိတိဝင်ကိုက်နေတဲ့ လူမှုဗေဒဗိုင်းရပ်စ်တွေရယ်

ဘယ်စိတ်နဲ့ခလုတ်ဆွဲဆွဲ မူမမှန်တဲ့ကျည်ဆံမှာ ဘဝဟာ အတုံးလိုက်အတစ်လိုက်ကြီး ချိတ်ပါသွားသလိုမျိုး

တစ်နွယ်မှမငင်မိပါပဲနဲ့ တစ်ဘဝလုံးစာ ပြိုကျနေတဲ့စင်ကြီးထဲ

နိဒါန်းသားဦးနဲ့တင် မီးနေခန်းကကိုမထွက်ရတော့ဘူး

သူသူငါငါမနက်ခင်းကလေးကအစ ကိုယ့်မှာ အချိန်တိုင်းဖောင်ဖျက်နေရတဲ့ဖြစ်စဉ်

ဘုရားကျောင်းဆောင်နဲ့ ဘုရားစင်မှာ ပညတ်ကဘယ်နှစ်ရွေးသား ပရမတ်က ဘယ်နှစ်အောင်စ

တရားကိုဓားလိုဆွဲကိုင်နေသရွေ့တော့ ဘယ်နွယ်မြက်သစ်ပင်မှ ဆေးဘက်ဝင်မှာ မဟုတ်တော့ဘူး

အမြင်လွှာထဲစိုက်ဝင်နေတဲ့ မြင်ကွင်းလား မြင်ကွင်းထဲစိုက်ဝင်နေတဲ့ အမြင်လား

အလင်းနဲ့အမှောင်ကြားထဲမှာ အရောင်တစ်ခုရှိနေမယ်ဆိုရင် ညှိမှုလို့ခေါင်းစဉ်တပ်မယ်

ခုတ်ထား ..... ထွက်နေတဲ့အရိပ်ကို လွှဲနေတဲ့စိတ်နဲ့ ခုတ်ထား

ဘယ်အစွန်းထွက်မှုကိုမှ အစွန်းထွက်မလာစေနဲ့

မီးလောင်နေတဲ့ အကျဉ်းသား





ဘာအတွက်အသက်ဆက်ရှင်သန်မလဲ ..... ဖျားနာနေတဲ့မေးခွန်းထဲ စိတ်အမျှင်ဟာ တငွေ့ငွေ့

" ကောင်းကင် " ဝါကျကို မြေသားထဲ လက်တစ်ဆန့်စာနဲ့ နှိုက်ရှာနေရသလို

အဆက်အသွယ်ပြတ်တောက်နေတဲ့ ဘဝထဲမှာ မျှော်လင့်ချက်ဟာ တမလွန်ကတစ္ဆေတစ်ကောင်

အသက်ရှင်နေတဲ့တံတားကြီးလို ကျောပေါ်က ခြေရာတွေကို

အထပ်ထပ်ပွတ်သပ်လို့ အထပ်ထပ်ငေးမောလို့

စိတ်တစ်ဆုံးလွှင့်တင်ထားတဲ့ ခံနိုင်ရည်ထဲမှာ ကိုယ့်အသက်ဇီဝကို အငမ်းမရဖြဲရှာနေရတယ်

နံရံမှာရေးထွင်းထားတဲ့မြို့ကြီး ကွဲကြေတိမ်းပါးသွားခဲ့ချိန် အညိုးတကြီးနဲ့ စွတ်စိုလာတဲ့မီးတောက်

သေမင်းနဲ့ချိန်းဆိုထားတဲ့ညလို သံသရာဆီ တစ်ရစ်ခြင်း တဖျတ်ဖျတ် လွင့်မျောနေတဲ့စိတ်

သားအိမ်တုကြီးထဲ အက္ခရာအစအဆုံး မျိုးစပ်ထားခဲ့သမျှဆန္ဒမှာ

" နာကျင်မှု " ဝါကျတစ်ခုပဲ လူ့ဘဝကနေရရှိခဲ့တယ်

ဝင်သက်ထွက်သက်နဲ့အမျှ တစ်ဘဝစာ ကီးဝင်နေတဲ့ ဆာလောင်မှု

လွတ်ရက်ပျောက်ဆုံးနေတဲ့ သံသယအကျဉ်းသားတစ်ယောက်ရဲ့ ငေါထွက်လာတဲ့ နာကျည်းစိတ်

အနာဂတ်ရဲ့ညအကန်းကြီးထဲ လိုအပ်နေခဲ့တဲ့ စိတ်တဖျတ်စာမီးတောက်

အလိုမတူပဲသွေးကြောထဲထိုးသွင်းခံထားရတဲ့ စိတ်ကျရောဂါ

စိတ်အတွင်းသားထဲ စိုက်ဝင်နေတဲ့ဓားမှာ ဘဝဟာခုတ်ရာတစိုစို





လိပ်စာပျောက်နေတဲ့အသံဟာ ဖန်မီးသီးတစ်လုံးလို ရိုက်ခွဲခံထားရ

သင်တုန်းဓားပေါ် ဇက်ထိုးတင်ပေးထားရတဲ့နေ့စွဲတွေလို မြင်မြင်သမျှဟာ အချိန်ကိုက်ဗုံးပဲ

စိတ်ကိုစွဲလောင်နေတဲ့ ကမ္ဘာဦးမီးလို ဝင်သက်ထွက်သက်ကလေးကအစကြွပ်ဆတ်

အမှောင်မျိုထားတဲ့ခေတ်ကြီးထဲ ကိုယ့်အသက်နဲ့ရင်းပြီး

ကိုယ့်လမ်းကို ကိုယ် လင်းချင်ယောင်ဆောင်ခဲ့ကြတယ်

ခွေးသားပေါက်လေးနို့ဆာလို့အော်သံကို လိင်ဆက်ဆံသံနဲ့မကွဲသလို

သံသယမျက်လုံးတွေနဲ့ပဲ ချောင်းကြည့်ခံနေရ

ငါ့အသက်တာကို ငါဆုတ်ဖြဲမိတော့မယ်

ငါ့စိတ်အလွှာကိုငါဆုတ်ဖြဲမိတော့မယ်

မိသားစုဆီဆန့်ထွက်နေတဲ့ဆန္ဒကို လက်ရှိဘဝနဲ့ ဝါးလုံးထိုးခုတ်သတ်နေရတဲ့ဖြစ်စဉ်

အပူရှပ်ပါတယ်ဆိုနေမှ စကားလိမ်တွေနဲ့ပဲ လာလာသင်းကွပ်ကြ

ကွာလာလမ်ပူမြို့ကြီးနဲ့ ဖုန်းပြောဖြစ်ခဲ့တယ်





ကိုယ့်အရိပ်ကို မြွေထင်လို့ ထခုန်နေရတာ မဟုတ်ဘူး

ဆောက်သွားလို သတင်းတွေနဲ့ နားစည်ဝအပျိုရည်အဖျက်ခံရတာ

အလိုတူတူ မတူတူ သတ်ကွင်းထဲရောက်ခဲ့ကြပြီပဲ သူငယ်ချင်း

ငါတို့စိတ်မှာတပ်ထားတဲ့ အသိဥာဏ်အင်ဂျင်နဲ့ လောကဓံဆူးတောထဲ

ရထားလိုခုတ်မောင်းသွားကြရုံမဟုတ်လား

အခု ငါ့အသံဟာ ကြိုးစင်ပေါ် အကန်းလို တွားတက်နေရတဲ့ ခြေလှမ်း

လူယဉ်ကျေးတို့ ကမ္ဘာထဲ ဝါဒမီးခိုးမျှင်တွေကြားမှာ အထပ်ထပ် မွန်းကျပ်နေရတဲ့ အသက်ဓာတ်

ငါ့သူငယ်အိမ်ထဲ ဓားလိုခွဲဝင်လာတဲ့မြင်ကွင်းမှာ မီးစွဲလောင်နေတဲ့ မင်းအလောင်းကို ငါတွေ့ခဲ့တယ်

မင်း ..... သွားနှင့်လိုက်ပါ သူငယ်ချင်း

ဝါဒတရားအတွက် အသက်တရားပေါ်ဓားတင်နေတဲ့ လူယဉ်ကျေးတွေရဲ့ ကမ္ဘာကြီးကို

စိတ်ချ လက်ချ မင်းထားပစ်ခဲ့လိုက်ပါတော့

မျက်တွင်းဟောက်ပက်မနက်ခင်းတွေကို အရိုးပေါ်အရေတင်သက်ပြင်းတွေနဲ့ ငါ နူတ်ဆက်ကျန်ခဲ့မယ်

ရှင်သန်ခြင်းကို ဘုရားလိုကိုးကွယ်ထားပါလျက်နဲ့

အသက်ဓာတ်ကို အမိုက်တရားကြားထဲ ထိုး ထိုး ထည့်ဖွက်နေရတဲ့ဘုံ

သားသတ်ကွင်းထဲက နေလောင်သစ်သီးများ





ထမင်းသိုးကို ခွေးအငတ်လှမ်းဟပ်သလို မေတ္တာအတုတွေနဲ့ပဲ အငမ်းမရအာသာဖြေနေရ

နေ့စဉ်သတင်းစာလို ဝမ်းရေးဟာ ဘဝအမြှေးပါးထဲ အဓမ္မရိုက်သွင်းခံနေရတဲ့သပ်တစ်ချောင်း

ညညဆို သောကလောင်စာတွေနဲ့ပဲ မီးလင်းဖိုလို မိုးအလင်း ကျွမ်းလောင်ပစ်ခဲ့ရ

အရေဆုတ်ခံထားရတဲ့သားကောင်လို ကိုယ့်ဒဏ်ရာကို ကိုယ်တိုင်ငေးကြည့်နေရတဲ့အဖြစ်

တစ်ယောက်ရဲ့လောင်ကျွမ်းမှုကို တစ်ယောက်က စုံလုံးကန်းထားရ

တစ်ယောက်ရဲ့ပျက်ကျမှုအပေါ် တစ်ယောက်က မျက်နှာလွှဲထားရ

အမှန်တရားကိုသယ်ဆောင်လာမယ့် ကာလယန္တယားကြီးအတွက်

ငါတို့ဦးခေါင်းတွေကို သံလမ်းပေါ် ဝကွက် ထိုးအပ်ထားခဲ့ကြတယ်

ခေတ်ကြီးတစ်ခုလုံးရဲ့ ရိုက်မောင်းပုတ်မောင်းထဲ ပုတ်ရိနေတဲ့စိတ်အလွှာဟာ

နေလောင်သစ်ရွက်တွေလို တဖြုတ်ဖြုတ်ကြွေလို့ တဖျတ်ဖျတ်ပဲ့လို့

အရေခွံလဲပစ်လိုက်ရုံနဲ့ ဘဝပြောင်းမသွားတဲ့ မြွေတစ်ကောင်ရဲ့ဖြောင့်ချက်ဆိုတာ

ငါတို့သွေးကြောထဲက တဆတ်ဆတ်ခုန်နေတဲ့ နေ့စဉ်ချွတ်ခြုံကျလာတဲ့အဆိပ်ပဲ

ငါ့အသံဟာငါ့လည်မျိုကိုဖောက်ထုတ်သွားခဲ့တဲ့ နေ့ ငါ့တရားဟာငါ့အသားကို ခုတ်လှီးသွားခဲ့တဲ့ ည





နံရံပေါ်စီးကျနေတဲ့ သွေးစီးကြောင်းလို အမှောင်ထဲစိုက်ဝင် အသားသေနေတဲ့စိတ်

နာကျင်မှုသိပ်သည်းဆ မီးခိုးမျှင်စိတ္တဇ အက်ကွဲနေတဲ့အသံတွေဟာ စိတ်ကို တရိရိလှီးထုတ်ခြင်း

ကိုယ်ပိုင်အခန်းနံပါတ်ဟာ သွေးဆုံးနေတဲ့မိန်းမလို ညယောင်ဆောင်ထားတဲ့ အမှောင်တိုက်ကြီးပဲ

သေခြင်းတရားရဲ့ဖိတ်စာအသစ်စက်စက်အပေါ် စိတ်လိုလက်ရ မီးကုန်ယမ်းကုန် ဖွင့်ထားမိတဲ့သီချင်း

ငါ့ရင်နဲ့ထွင်းတဲ့အလင်းမှာငါ့ခြေထောက်တွေမလင်းခဲ့ကြဘူး

အသံတစ်ဖက်ဆာနေတဲ့စပီကာအကွဲကြီးလို ငါ့အသိတရားကို ငါကိုယ်တိုင်ပဲ ခုတ်သတ်

သဂြုင်္ိလ်ပြီး စစ်ပြေးလမ်းထဲ ပစ်ထည့်ထားလိုက်မိတော့မယ်

မြို့ကြီးပြကြီးရဲ့အရေပြားဆိုတာ ခုတ်သားစတွေလို ယင်တလောင်းလောင်းနဲ့ အညှီရုံကြီး

စိတ်ကြွဆေးနဲ့အိပ်ယာဝင်ပြီးရင် ပဋိသန္ဓေတားဆေးနဲ့မျက်နှာသစ်တယ်

စွန့်ပစ်သန္ဓေသားဟာ မြို့ပြညထဲ နေ့စဉ်ထွက်ကျလာတဲ့ အသားပိုအမှိုက်

ခေတ်ကြီးကခါးတော့ နောက်ဆုံးခံတပ်မှာ ခံနိုင်ရည်မရှိခဲ့ဘူး




အမြှုပ်တစီစီထနေတဲ့ ခွေးတစ်ကောင်လို ခေတ်ကြီးက ထိုးထိုးဟောင်တယ်

ဆုတောင်းမှားတယ်ပဲပြောပြော သေချင်လို့တောပြောင်းတယ်ပဲဆိုဆို

ဝမ်းစာကိုထောက်ထားတဲ့ သေနတ်အောက်ကနေ ပြည်ပကို ဖြိုးဖြိုးဖြောက်ဖြောက် တွားတက်ခဲ့

နီယွန်ညကြီး ဝါးလုံးထိုးမောင်းဝင်လာသလို စိန်စီအိပ်မက်တွေနဲ့ပဲ

ဖြစ်သလိုလေး အိပ်ယာဝင်ပစ်ခဲ့လိုက်တယ်

ထိုးမယ့်ဆင်လို နောက်တစ်လှမ်းဆုတ်နေတုန်း ပွဲမဝင်ခင် အပြင်ကကျင့်နေတုန်း

မြွေတစ်ကောင်ရဲ့ ခါးဆစ်ရိုးတွေပြုတ်ထွက်သွားသလို ကိုယ်ကျင့်တရားဟာ တစ်ဆစ်ချင်း

အမှည့်ခြွေခံနေရတာမဟုတ်ဘူး အရွက်တွေကြွေသွားတာမဟုတ်ဘူး

ဘဝဟောက်ပက်ကြီးထဲ ဖြစ်စဉ်တိုင်းရဲ့နိဒါန်းကို ပလိုင်းပေါက်နဲ့ဖားကောက်နေရခြင်းမှာ

ဝမ်းနဲ့လွယ်မွေးထုတ်လိုက်တဲ့ဓားတွေလို အမှားတွေဟာ တမြိမြိမြခဲ့ရ

အမှောင်ကိုလွယ်ထားရတဲ့မျက်လုံးထဲ လောက်တွေ တရွရွတွားတက်လာသလို

ဘယ်ဆောက်သွားမျိုးနဲ့မှ အိမ်ပြန်လမ်းကို မထွင်းဆစ်နိုင်တော့ဘူး

နေ့နေ့ညည ကိုယ့်ခြေထောက်ကို ကိုယ်တိုင်ကိုယ်ကျ ဝံ့ဝံ့စားစား သံခြေချင်းခတ်ထားရ

ကိုယ့်စိတ်ကလေးကိုယ် လုံလုံခြုံခြုံထူးခတ်ရင်း စက်ရုပ်တစ်ကောင်လို စက်သွားတွေ လှည့်ခဲ့ရ

အလုပ်ရှင်လက်ညိုးညွှန်ရာမှာ ခလုတ်ကသင်းမှန်သမျှ ဘဝတစ်ခုလုံးနဲ့တိုက်စားပြပြီး

ရဲရဲရင့်ရင့် ချောမွေ့ပြခဲ့ရ

အလင်းကိုကွယ်ဝှက်ထားတဲ့ညမှာ ငါတို့ဟာ သံခြေကျင်းအထပ်ထပ်




တစ်ချက်တည်းနဲ့ကျင်းဝင်အောင် မြောင်းပဲဖောက်ရတော့မလိုလို

အလောင်းပဲကောက်ရတော့မလိုလို

ဘုရားသခင်ရဲ့လျှာတစ်ချောင်းလုံး ဝကွက် အပ်ထားခံရသလို

စစ်ပွဲအရေခြုံထားရင် တရားဝင်လူသတ်ခွင့်ရ / မရ

မည်ကာမတ္တ ဗလာခေါင်းစဉ်နဲ့တော့ ဇာတ်နာအောင် အရေပြားကို မီးမြိုက်မခံနိုင်ဘူး

The Pursuit of Happyness လို ကိုယ့်ငရဲကိုယ်လောင်နေရတာတောင်

အမှောက်မှောက်အမှားမှား

ကြိုးစင်ပေါ်တက်နေရတဲ့ခြေလှမ်းချင်းအတူတူ ပါးစပ်တွေနဲ့ခလုတ်ဝင်တိုက်ကြ

စိတ်တွေနဲ့ မုဒိမ်းဝင်ကျင့်ကြ

တစ်ဘဝစာမိုးချုပ်လို့ တစ်ဘဝလုံးအမှောင်ကိုက်လို့

တစ်ဘဝစာ လောင်မြိုက်လို့ တစ်ဘဝလုံး ဖောင်ပျက်လို့

ကမ္ဘာဦးနေရောင်ခြည်စိတ်နဲ့သာမောင်းဝင်လာခဲ့ရင်

လည်စင်းစင်းခံပြီး ဆီးကြိုပစ်မှာပေါ့

စက်ဝိုင်းထဲစိုက်ဝင်နေတဲ့စိတ်တွေနဲ့ ကမ္ဘာကိုလှည့်ပစ်လိုက်ကြ



အသိတစ်ချက်အလွဲမှာ အမိုက်တရားဆိုတာ ရဲခနဲထတောက်မယ့် မီးလျှံ

မီးလျှံဟာအစွယ်ငေါငေါနဲ့ မီးလျှံဟာအမျက်ဒေါသနဲ့ တစ်ယောက်စိတ်ကနေ တစ်ကမ္ဘာစာ လျှပ်ကူး

လျှပ်ကူးမှုဟာ စိတ်အလျင်မှာစိုက်ဝင်နေတဲ့ထိုးကွင်းလို တစ်ဘဝစာလောင်မီးကျနေတဲ့ လူ့အဖြစ်

လူ့အဖြစ်ကိုရကတည်းက စ လွဲခဲ့ရတဲ့ လှေနံဓားထစ်မှာ ပေါပေါလောလောဆုတ်ဖြဲခံလိုက်ရတာက အသက်ဓာတ်

အသက်ဓာတ်နဲ့ကိုယ်အိုးစားမကွဲခင် ရင်နဲ့ရက်ထားတဲ့အနုပညာကို အဆိပ်တဟူးဟူးကြားထဲကနေ တွင်းထွက်လိုမွေးမြူခဲ့ရ

တွင်းထွက်လိုမွေးမြူခဲ့ရခြင်းမှာ တွင်းအောင်းသတ္တဝါတစ်ကောင်လို စိတ်လိုလက်ရ မြေသားဆန်ဆန် မှုန်ရီဖျော့ရှ

မှုန်ရီဖျော့ရှမှုကို စိတ်တစ်ဆုံးလွှင့်တင်ပစ်လိုက်ရင်း နိုင်လိုမင်းထက်ဝါကျဟာ

ဘဝအကြမ်းထဲက ခွာထုတ်မရတဲ့ အသားပိုကင်ဆာ

အသားပိုကင်ဆာဟာ ပတ်စာခွာဖျာသိမ်းသလို လူ့သမိုင်းတစ်လျှောက် ကမ်းတက်သိမ်းမယ့် အသေခံဗုံးခွဲသမား

အသေခံဗုံးခွဲသမားဆိုတာ ဘဝတွေကိုရိတ်သိမ်းသွားသလို လူ့စိတ်အလွှာကိုသင်ဓုံးဓားပေါ်ဆွဲတင်နေတဲ့ Terrorist

Terrorist မှန်ရင် အပ်နဖားပေါက်ထဲ ချည်မျှင်သွင်းသလိုစိတ်နဲ့ ခွာထုတ်ပစ်လိုက်ဖို့

လူ့အဖွဲ့အစည်းဟာယန္တရားတစ်ခုလုံး တောမှောက်
Related Posts Plugin for WordPress, Blogger...