လူတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို သေဆုံးသွားသည့်တိုင် ၊
သူသိအောင်ဖွင့်မပြောပဲနဲ့ မြတ်နိုးစွာ ချစ်နေခွင့် ရှိပါသလား ။
နေမင်းအသင်္ချေ
၁၉၈၁
ကျွန်တော့်ရဲ့ ဘဝက ကြမ်းရှလွန်းတယ် ။
လူမှန်းသိတတ်စအရွယ်ထဲက မိသားစု ထမင်းဝိုင်းလေးကို ပျောက်ဆုံးခဲ့ရပြီး ၊
ဝေ့ သီနေတဲ့ ညနေညိုရီတွေမှာ ကျွန်တော့်ရဲ့နေ့စွဲတွေဟာ သိပ်ကို အထီးကျန်ဆန်လွန်းခဲ့ပါတယ် ။

ကျောင်းဝတ်အင်္ကျီအဖြူလေးနှစ်ထည်နဲ့ ဘောင်းဘီတို အစိမ်းလေး တစ်ထည်ကိုသာ ၊
ပိုင်ဆိုင်ခဲ့ရတဲ့ ကျနော်ဟာ သိမ်ငယ်စိတ်တွေ မဖြစ်ခဲ့ပေမယ့် ၊
မိဘနှစ်ပါးရဲ့ အလယ်မှာ ညအိပ်ရာဝင်ခွင့်မရခဲ့တဲ့ အတွက်တော့ အကြိမ်ကြိမ် ကြေကွဲနေခဲ့မိတယ် ။

ဘဝကို နောက်ပြန်ရစ်ကြည့်လို့ရမယ်ဆိုရင် မိဘနှစ်ပါးရဲ့ လက်ကို ကိုင်ဆွဲပြီး ၊
ကလေးကစားကွင်းတွေထဲမှာ တစ်ရက်လောက်တော့ ပြေးလွှားဆော့ကစားဖူးချင်သေးတာပေါ့ ။

( ၇ )နှစ်သားအရွယ်ထဲက ကိုယ်တိုင် လွယ်အိတ်လွယ်ပြီး ကျောင်းတက်ခဲ့ရပေမယ့် ၊
မိဘ နှစ်ပါးရဲ့ လက်ကို ကိုင်ဆွဲပြီး ကျောင်းသွားခွင့် တစ်ကြိမ်လောက်တော့ ရဖူးချင်ပါရဲ့ ။

ပညာမတတ်တဲ့အပြင် တစ်ခုလပ်ဖြစ်သွားလို့ ဝမ်းစာကို ပင်ပန်းခြင်းကြီးစွာ ရှာဖွေနေရတဲ့ ၊
အမေ့ရဲ့ ချွေးနည်းစာဟာ ကျွန်တော့်အတွက်တော့ လိုတာထက်ပိုပြီး ပြည့်စုံနေခဲ့ပြီးသားပါ ။

တစ်ခါတစ်ရံမှာ လက်ဆုံစားဖြစ်တဲ့ ကျနော်တို့ သားအမိ နှစ်ယောက်ရဲ့ ညစာ ထမင်းဝိုင်းလေးဟာ ၊
ငစိန်ဆန် ထမင်းနဲ့ ပင်တိုင်လိုဖြစ်နေတဲ့ ငါးဖောင်ရိုးခြောက် မီးဖုတ်လေးနဲ့ ဆိုပေမယ့် ၊
ကျွန်တော့်အတွက်တော့ အသက်ဆက် အဟာရတွေပါ အမေ ။

ကျွန်တော့်အမေ ကျွန်တော့်ကို ရှာဖွေ ကျွေးမွေးခဲ့တာလေးကို ပြန်ပြောင်းအမှတ်ရမိပါရဲ့ ။
အရင် အိမ်ထောင်ဆက်က ရခဲ့တဲ့ သားနှစ်ယောက်ရဲ့ မိသားစုတွေနဲ့အတူ ၊
ကျွန်တော်တို့ အိမ်လေးကို လာပြီး အမြဲလိုလို ဒုက္ခနဲ့ သောကတွေ ပေးနေတတ်တဲ့ ၊
မိသားစု ပြဿနာတွေကြောင့် ၊ အဖေဟာ ကျွန်တော့်ကို ချစ်ရက်နဲ့ ၊
ကျွန်တော် ( ၇ ) နှစ်သား အရွယ်မှာပဲ ကျွန်တော်နဲ့ အမေ့ကို စွန့်သွားခဲ့တယ် ။

မှတ်မှတ်ရရ ကျနော်ချစ်တဲ့ အဖွားဆုံးလို့ ( ၃ ) ရက်လောက်နေတော့ ၊
အိမ်အိုလေးကို ရောက်နေတဲ့ အမေ့ရဲ့ အရင်အိမ်ထောင်နဲ့ သားနှစ်ယောက်ထဲက အကြီးကောင်က ၊
ကျွန်တော့်ကို ရေနွေးအိုးနဲ့ ပစ်ပေါက်လို့ ကျွန်တော့်ရဲ့ ဘယ်ဖက် လက်တစ်ဖက်ဟာ ၊
သေရာပါ အမာရွတ်ထင်ကျန်သွားခဲ့တယ် ။

အိမ်ရှေ့က ခြံထောင့်လေးထဲမှာ တစ်ယောက်ထဲ ရေတွင်းတူးနေခဲ့တဲ့ အဖေဟာ ၊
ကျွန်တော့်ကို ပွေ့ပြီး ဆေးရုံပြေးရင်း အဲဒီကိစ္စ အတွက်နဲ့ပဲ အမေနဲ့စကားများပြီး ၊
အိမ်အိုလေးပေါ်ကနေ အပြီးတိုင် ဆင်းသွားခဲ့တာပေါ့ ။

ကျွန်တော့်ရဲ့ အားကိုးရာ ကောင်းကင်ကြီးတစ်ခု ပျောက်ဆုံးသွားခဲ့ခြင်းပါပဲ ။
အမေတူအဖေကွဲ အသက် ( ၂၀ ) ကျော် ကွာတဲ့ အကိုနှစ်ယောက်ရဲ့ နှိပ်စက်အနိုင်ယူမှုတွေအပြင် ၊
မရီးတွေကပါ ရေတိုင်ကီထဲ ဇောက်ထိုးနှစ်လိုနှစ် ၊ နေပူထဲမှာ အချိန်တော်တော်ကြာ ရပ်ခိုင်းလိုခိုင်း ၊
အစ်ကိုအကြီးဆုံးက နရင်းရိုက်တာ လက်ဆ များသွားလို့ ၊
ဘယ်ဖက်နားက သွေးယိုပြီး ဆေးခန်းရောက်တော့ ၊
အမေငိုနေတာကိုကြည့်ပြီး အမေ့ကို သနားနေမိတယ် ။

" အမေရယ်..... လူ့ဘဝရဲ့ ခမ်းနားမှုဆိုတာ ဘာတွေလဲဟင်.... " လို့
အဲဒီအချိန်က ကျနော်ဟာ မမေးတတ်ခဲ့ပါဘူး ။
အဲဒီအချိန်က ကျနော်ဟာ မမေးတတ်ခဲ့ပါဘူး ။
ခေါင်မိုးမလုံတော့တဲ့ ဘဝလေးထဲမှာ အမေဟာ လောကဓံကို ခါးစောင်းတင်ပြီး ၊
အရပ်တစ်ကာလှည့်လို့ အိမ်တိုင်ရာရောက် နတ်တင်ပေးတဲ့ တစ်ကိုယ်ရည်
နတ်ကတော်ဘဝကို နေ့ချင်းညချင်း အသွင်ပြောင်းသွားခဲ့တယ် ။

အဖေနဲ့အမေရဲ့ ပြတ်စဲခြင်းမှာ အဲဒါကလည်း အကြောင်းတရား တစ်ချက်အဖြစ်ပါဝင်နေခဲ့တာကို ၊
ကျွန်တော်အရွယ်ရောက်ချိန်မှာ သိနားလည်ခဲ့ရတယ် ။

အဖေက ရတနာ သုံးပါးကိုသာ မမှိတ်မသုံ ဦးလည်ယုံကြည်တဲ့ ထေရဝါဒ ဥပသကာ ဖြစ်ပေမယ့် ၊
အမေကတော့ ဘာမှန်းမသိတဲ့ ရိုးရာနတ် ဆိုတာတွေနဲ့သာ အချိန်ကုန်နေခဲ့တာဖြစ်ပါတယ် ။

ဘာပဲဖြစ်ဖြစ် အမေ့ရဲ့ ရိုးရာနတ်တင်ပေးတတ်တဲ့ အမေဖြူ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ၊
ကျွန်တော့်ရဲ့ ထမင်းပန်းကန်လေးထဲ ငစိန်ဆန်ထမင်းနဲ့ ငါးဖောင်ရိုးခြောက်မီးဖုတ်လေးတွေ ၊
အမြဲရှိနေတတ်တဲ့ အတွက် အမေ့ရဲ့ ကျေးဇူးတရားတွေဟာ ဆပ်မကုန်နိုင်လောက်အောင် ၊
ကြီးမားနေခဲ့တာတော့ အမှန်ပါပဲ ။

အမေအိမ်ပြန်နောက်ကျတဲ့ နေ့တွေမှာ ကျွန်တော်ဟာ အိမ်အိုလေးထဲ ထိုင်ရင်း ၊
မီးမထွန်းတတ်ခဲ့ပဲ အမှောင်လေးထဲမှာ သီချင်းတွေ အကျယ်ကြီး အော်ဆိုနေခဲ့မိတယ် ။

အဖေရှိစဉ်က သင်ပေးထားခဲ့တဲ့ အောင်ခြင်း( ၈ )ပါး သီချင်းလေးကို ၊
အစီအစဉ်မကျ အမြီးအမောက်မတည့်စွာနဲ့ အော်ဆိုရင်း ၊
ဗိုက်ဆာဆာနဲ့ အိမ်တံခါးဝလေးမှာ အိပ်ပျော်သွားတတ်လေ့ရှိတဲ့ ကျွန်တော်ဟာ ၊
အိပ်နေရင်းနဲ့လည်း ရှိုက်ငိုနေတတ်သေးတယ်လို့ အမေက ပြန်ပြောပြတတ်ပါတယ် ။

တစ်ခါတစ်ရံမှာလည်း ကျွန်တော်က အရမ်းစိတ်ကူးယဉ်တတ်ပါသေးတယ် ။
အထူးသဖြင့် ကျွန်တော်တို့ ခြံနောက်ဖေးက လူနှစ်ဖက်စာလောက်ရှိတဲ့ မလွှပင်ကြီးရဲ့ အောက်မှာ ၊
တစ်ယောက်ထဲ ထိုင်နေတတ်တဲ့ ကျွန်တော်ဟာ ကွင်းပြင်ကျယ်ကြီးကို ငေးမောရင်း ၊
စိတ်ကူးတွေထဲမှာ မိစုံဖစုံနဲ့ ပျံဝဲနေတဲ့ ငှက်လေးတွေဟာ ကျွန်တော်ပဲ ဖြစ်နေမိတော့တယ် ။

လေတိုက်တိုင်းယိမ်းနွဲ့နေတဲ့ ယူကလစ်ပင်တန်းတွေရဲ့ ရနံ့တွေထဲမှာ မိန်းမောရင်း ၊
ကြိုးပြတ်စွန်တွေရဲ့ လေလွင့်ရာကို ကြည့်ပြီး အလိုလို ဝမ်းနည်းနေတတ်သေးသလို ၊

ခြံကြီးထဲက အပင်မြင့်မြင့်ကြီး တစ်ပင်ကို နှစ်ရှည်လများ တွယ်တက်နေတဲ့ ဂွေးတောက်နွယ်ကိုင်းကြီးကို ၊
ဒန်းစီးရင်း တစ်ယောက်ထဲ အတွေးတွေထဲမှာ ပျော်ဝင်နေတတ်သေးတယ် ။

လေးတန်းကျောင်းသားအရွယ်ရောက်တော့ ခြံနောက်ဖေးက မလွှပင်ကြီးအောက်မှာ ၊
မနက်စောစော မလွှပွင့်လေးတွေ ကောက်ရင်း အမေ့ကို ချက်ကျွေးခိုင်းခဲ့သေးတာပေါ့ ။

ကျွန်တော့်ဘဝမှာ မှတ်မှတ်ရရ တစ်ခုရှိနေခဲ့တယ် ။
ဘာလဲဆိုတော့ .....
တစ်နေ့မှာ အမေက နတ်သွားတင်ပေးရမယ့် အိမ်တစ်အိမ်ကို ကျွန်တော့်ကို ခေါ်သွားခဲ့တယ် ။

အဲဒီအိမ်ရောက်တော့ အမေက ထုံးစံအတိုင်း နတ်ဝင်တာပေါ့ ။
နတ်ဝင်လာတော့ အိမ်ရှင်တွေနဲ့ နတ်ကို ယုံကြည်သူတွေက အမေ့နားတိုးကပ်ပြီး ၊
မေးကြမြန်းကြ ၊ ကြက်ကြော်တွေ ဆက်ကြ ၊ ငါးကြော်တွေ ဆက်ကြပေါ့ ။

ခဏကြာတော့ နတ်ဝင်နေတဲ့ အမေက အဲဒီနားက လူတွေကို ၊
ကြက်သားကြော် ငါးကြော်တွေကို ဖဲ့ကျွေးနေတာတွေ့တော့ ၊
ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့ ( ၇ ) နှစ်သား ကျွန်တော်က မတ်တပ်ရပ်လိုက်မိတယ် ။
ကျွန်တော့်ကို အမေမြင်ပြီး ကျွေးမလားဆိုတဲ့ စိတ်နဲ့ပါ ။
ဒါပေမယ့် အမေသာ နတ်ဝင်လို့ပြီးသွားတယ်..... ကျွန်တော့်ကို မကျွေးခဲ့ပါဘူး ။

ကျွန်တော်လေ.....
အဲဒီအဖြစ်အပျက်လေးကို မေ့ပျောက်လို့ မရနိုင်လောက်အောင်ကို ကြေကွဲခဲ့မိပါတယ် ။

အမေသာအားကိုးရာ ရှိနေတဲ့ အချိန်မှာ ဒါဟာ အမေ့ရဲ့ ဥပေက္ခာတရားပဲ..... လို့ ၊
မသိနားမလည်သေးတဲ့ အချိန်က လွဲမှားစွာ ထင်ခဲ့ပြီး ကြေကွဲနေခဲ့မိတာပါ ။

တစ်ကယ်တော့ အမေဟာ အိုကြီး အိုမ နတ်ဝင်သည်ဘဝနဲ့ ၊
ကျွန်တော့်ရဲ့အသက်ကို ဆက်ပေးနေခဲ့တာ မဟုတ်လား ။

ကျွန်တော့်ရဲ့ ဆာဟာရ လွင်ပြင်ထဲ အမေ့ရဲ့ ငါးဖောင်ရိုးခြောက်လေးဟာ ၊
အသက်ဆက်အိုအေစစ် တစ်ခုပါအမေရယ် ။
အသက်ဆက်အိုအေစစ် တစ်ခုပါအမေရယ် ။
ရှင်သန်ရာဘဝတစ်လျှောက်လုံး ခါးသီးမွန်းကြပ်တဲ့ အထီးကျန်ခြင်းတွေကြောင့် ၊
ကျွန်တော်ဟာ အမြဲလိုတွေဝေငေးမောပြီး တွေးတောနေတတ်တဲ့သူတစ်ယောက်အဖြစ်နဲ့ ၊
လရောင်ဆမ်းတဲ့ ညတွေကိုမြတ်နိုးလာခဲ့မိတော့တယ် ။

၂၀၁၁
တစ်ကယ်ဆိုရင် ကန္တာရကျောပိုးသူရဲ့ ရင်ထဲမှာ ဆွတ်ပျံ့တဲ့ လရောင်ချိုတွေကို တမ်းတရင်း ၊
သိမ်မွေ့နူးညံ့တဲ့ ချစ်ခြင်းတွေ မြစ်တစ်စင်းလို အလျားလိုက်စီးဆင်းနေဆဲပါ ။

ရှင်သန်ရာ ဘဝတစ်လျှောက်လုံး သိမ်ငယ်စိတ်တွေနဲ့ အနည်ထိုင်ခဲ့တဲ့ ကျွန်တော်ဟာ ၊
သူမနဲ့ ပက်သက်ပြီးကတည်းက ကျွန်တော့်ကမ္ဘာမှာ ကျွန်တော်ဟာ သူရဲကောင်းဖြစ်နေခဲ့တယ် ။

ရင်ခွဲခံခဲ့ရတဲ့ ကျွန်တော့်ရဲ့ စာမျက်နှာတိုင်းဟာသူမရဲ့ အလင်းစက် တစ်ချို့ကြောင့် ၊
သင်ခန်းစာ အဖြစ်နဲ့ အရှင်လတ်လတ် ဘဝပြောင်းသွားခဲ့ကြတယ် ။

ရင့်ရော်လွင့်ပါးသွားတဲ့ အထီးကျန်နေ့စွဲတွေအကြောင်း သူမကို ပြောဖြစ်ရင်း ၊
သူမရဲ့ ခပ်ဟဟ ရယ်သံတစ်ချို့မှာ စောင်းလေညင်း သဲ့သဲ့ရိုက်ခတ်ခဲ့သလို ၊
ကျွန်တော့်ရဲ့ လောကဓံတွေ အဲဒီအချိန်လေးအတွင်းမှာပဲ အငွေ့ပျံသွားခဲ့ကြတယ် ။

ကျွန်တော့်ရဲ့ ကောင်းကင်မှာ အမြဲတမ်း ထွန်းလင်းနေတဲ့ လမင်းအိမ်လေးရေ.....
အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်ဗျာ ။
ဖုန်သွေ့နေတဲ့ကျွန်တော့်ရဲ့ ဒိုင်ယာရီတွေဟာ သူမရဲ့ မေတ္တာတရားကြောင့် ၊
သက်ဝင်စွာ သီချင်းဆိုတတ်ခဲ့တယ် ။
သက်ဝင်စွာ သီချင်းဆိုတတ်ခဲ့တယ် ။
တစ်ခါတစ်ရံမှာ သူမရဲ့ စိတ်အလိုမကျမှုတွေဟာ ကျွန်တော့်အတွက်တော့ ၊
တစ်သံသရာလုံးက ငရဲတွေ တစ်ခဏအတွင်း ကျရောက်ခဲ့သလို ကူကယ်ရာမဲ့ခဲ့ဖူးသေးတာပေါ့ ။

ကျွန်တော့်ရဲ့ လမင်းအိမ်လေးကို အဲဒီလို တိမ်ညိုတွေ ခဏတာ ဖုံးတဲ့ အခိုက်အတန့်လေးဟာ ၊
ကျွန်တော့်အတွက်တော့ တစ်ကမ္ဘာစာ အမှောင်ကျခဲ့ခြင်းပါပဲ ။

လမင်းအိမ်လေးရေ.....
ကျွန်တော့်ရဲ့ နယ်လွန်စိတ်တွေ အမှောင်ကျခဲ့ခြင်းထက် ၊
လမင်းအိမ်လေးရဲ့ အပြုံးတွေ ညှိုးနွမ်းသွားမှာကို ကျနော်ပိုပြီး စိုးရိမ်မိပါရဲ့ ။

ကျွန်တော့်ကြောင့်တော့ စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့နော် ။
သိင်္ဂါရနှင်းတို့ရဲ့ ဆွတ်ပျံ့တဲ့ လရောင်အောက်မှာ ကျွန်တော့်ရဲ့ ဘဝကန္တာရဟာ ၊
ချစ်ခြင်းတရားရဲ့ ဆွဲလဲသံတွေကြောင့် စည်စည်ဝေနေခဲ့တယ် ။

ကောင်းကင်ရဲ့ နက္ခတ်တွေထဲမှာ သောကြာကြယ်ပဲဖြစ်ချင်ခဲ့တာဟာ ၊
လမင်းအိမ် ဆိုတဲ့ သူမရဲ့ အလင်းကမ္ဘာထဲ သဲတစ်ပွင့်စာအဖြစ် မှုန်ရီစွာ ကူလင်းလက်ပေးချင်လို့ပါ ။

အသိရခက်တဲ့ သူမရဲ့ အတွင်းစိတ်အချို့ကို ကျွန်တော်မဖတ်နိုင်ခဲ့ဘူး ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို သိမ်မွေ့စွာ ဆက်ဆံပေးတဲ့အတွက် ၊
ကျွန်တော့်နှလုံးအိမ်ဟာ အချိန်အမျှ နွေးထွေးစွာ ကြည်မွေ့နေခဲ့ပါတယ် ။

လတစ်စင်းလို အေးချမ်းတဲ့ လမင်းအိမ်လေးရေ.....
ကျွန်တော့်ရဲ့ တိတ်ဆိတ်ညတွေဟာ လမင်းအိမ်လေးကြောင့် သက်ဝင်တောက်ပခဲ့သလို ၊
ကြည်ပြာရောင် ကောင်းကင်ယံထက် စိတ်ရွက်လှေကို လွှတ်တင်ရင်း ၊
လမင်းအိမ်လေးနားမှာ ၊ ငါ့ရဲ့လမင်း သီချင်းလေးကို ဖွဖွလေး ရွတ်ဆိုခွင့်ပြုပါနော် ။

တစ်ကယ်ဆိုရင် လောကရဲ့ ထောင့်တစ်နေရာကနေ မကြာခင်ထွက်ခွာသွားရတော့မယ့် ၊
ကျွန်တော့်ရဲ့ ကျန်ရှိ နေ့စွဲတွေဟာ လမင်းအိမ်ဆိုတဲ့ သူမရဲ့ နွေးထွေးစွာ ဆက်ဆံမှုတွေကြောင့် ၊
အရာရာကို ပါးလျစွာ မေ့လျော့နေစေခဲ့ပါတယ် ။

ဗန်ဂိုးမဆွဲဖြစ်ခဲ့တဲ့ ပန်းချီကားချပ်တွေထဲမှာ ၊
ကျွန်တော့်ရဲ့ နှလုံးအိမ်ထဲက လမင်းအိမ်လေးလည်း ပါဝင်ခဲ့တယ် ။

ဆိုက်ပရပ်စ် လမ်းတို့ရဲ့ ကြမ်းပြင်ထက်မှာ ကြယ်တွေစုံခဲ့သလို ၊
ကျွန်တော့်ရဲ့ အိပ်မက်ကောင်းကင်ထက်မှာလည်း ကြယ်တွေစုံနေခဲ့တယ် ။

ဗီသိုဗင်ရဲ့ တေးသွားတွေထက် ၊
သူမရဲ့ ကရုဏာတရားကသာ ကျနော့်စိတ်တွေကို ချွင်ချွင်မြည်စေခဲ့တယ် ။

ရှိတ်စပီးယား ပြဇာတ်တွေထက် ၊
သူမရဲ့ ကိုယ်ရေးရာဇဝင်ကသာ ကျွန်တော့်ရဲ့ ဘဝကျောက်စာဖြစ်တယ် ။

မံမီရုပ်ကြွင်းတို့ရဲ့ သမိုင်းဝင်မှုထက် ၊
သူမရဲ့ လက်ရေးမူကသာ ကျွန်တော့်အတွက် ထာဝရမှတ်တမ်းဖြစ်တယ် ။

ဒါဗင်ချီရဲ့ ပန်းချီကားချပ်တွေထက် ၊
သူမရဲ့ ရုပ်လွှာကသာ ကျွန်တော့်အတွက် အနဂ္ဃဖြစ်တယ် ။

သူမဟာ ကျွန်တော့်ရဲ့ နှလုံးအိမ် ဖြစ်သလို ကျွန်တော့်ရဲ့ အလင်းအိမ်လည်းဖြစ်တယ် ။
သူမဟာ ကျွန်တော့်ရဲ့ အဇ္ဈတ္တ ဖြစ်သလို ကျွန်တော့်ရဲ့ ဘဝကောင်းကင်လည်းဖြစ်တယ် ။
သူမဟာ ကျွန်တော့်ရဲ့ ဂီတ ဖြစ်သလို ကျွန်တော့်ရဲ့ ကဗျာတွေလည်းဖြစ်တယ် ။
သူမဟာ.....
သူမဟာ.....
သူမဟာ.....
သူမဟာ.....
လမင်းအိမ်လေးရေ.....
ကျွန်တော် မပြောဖြစ်ခဲ့တဲ့ အကြွင်းမဲ့ ချစ်ခြင်းတွေအကြောင်းကို
ဟောဒီ ဒိုင်ယာရီ စာအုပ်လေးထဲမှာ လွတ်လပ်စွာ ရေးခွင့်ပြုပါတော့ ။
ကျွန်တော် မပြောဖြစ်ခဲ့တဲ့ အကြွင်းမဲ့ ချစ်ခြင်းတွေအကြောင်းကို
ဟောဒီ ဒိုင်ယာရီ စာအုပ်လေးထဲမှာ လွတ်လပ်စွာ ရေးခွင့်ပြုပါတော့ ။
ကျွန်တော်လေ.....
ကျွန်တော် ..... လမင်းအိမ်လေးကို မြတ်နိုးစွာ တန်ဖိုးထားပြီး ရင်နဲ့မဆန့်အောင် ချစ်တယ်ဗျာ ။
တိတ်ဆိတ်ပြီး အရာရာ သွေ့ခြောက်လို့ ငြိမ်သက်နေတဲ့ အခန်းကျဉ်းလေးထဲမှာ ထိုင်ရင်း ၊
သူ့လက်ထဲက ဒိုင်ယာရီ စာအုပ်လေးကို ဖြည်းညင်းစွာပိတ်လိုက်တယ် ။

ဆို့နင့် ကြေကွဲတဲ့ စိတ်တွေကြောင့် ယူကြုံးမရတဲ့ ခံစားမှုရဲ့ စိတ်စေရာအတိုင်း ၊
သူ့မျက်ဝန်းထဲက မျက်ရည်တွေ အတားအဆီးမရှိ ပြိုဆင်းကျလာခဲ့တယ် ။

" လင်းလင်း..... စိတ်ထိခိုက်မနေပါနဲ့တော့ကွာ..... "
" ကိုညီရဲ့ ဈာပန မှာငါတို့တွေ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးခဲ့ပြီးပြီပဲ..... "
" သူ့ဘဝလေး ကောင်းရာလားဖို့အတွက် ငါတို့တွေ သူ့ကို ရည်စူးပြီး ၊
ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ရင်း ဆုတောင်းအမျှဝေပေးကြတာပေါ့နော် ။ "

ဘယ်အချိန်က ရောက်နေမှန်းမသိတဲ့ သုတက သူ့နောက်နားမှာ ရပ်ရင်း ၊
သူ့ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လို့ သူ့ကို ဖြေသိမ့်ခဲ့တယ် ။

ဖြေသိမ့်စကားတွေ ပြောနေတဲ့ သူ့မျက်ဝန်းထဲမှာလည်း မျက်ရည်တွေနဲ့ပါလား ။
" ကိုညီ့ကို လျှို့ဝှက်တဲ့ လူတစ်ယောက်အနေနဲ့ပဲ သိထားခဲ့တယ်ကွာ..... "
"သူလည်ချောင်းကင်ဆာဖြစ်နေလို့ အဲဒီလမင်းအိမ် ဆိုတဲ့ ကောင်မလေးကို သူ ဖွင့်မပြောခဲ့တာပါ ။ "
" သူ့ရဲ့ ဒီနေ့စဉ် ဒိုင်ယာရီ စာအုပ်လေးကို လမင်းအိမ် ဆိုတဲ့ ကောင်မလေးကို သွားပေးမယ်ကွာ..... "
"မင်းဘယ်လိုသဘောရလဲ သုတ....."
"အေးကွာ..... အခုလောက်ဆို သူလည်း ၊
ကိုညီ လိုင်းပေါ် မတက်ဖြစ်တဲ့ ရက်တွေမှာ ကိုညီ့ကို ရှာနေမလားပဲ ။ "

"ဘာပဲဖြစ်ဖြစ် သူ့ဒိုင်ယာရီထဲမှာ ရေးထားတဲ့ လမင်းအိမ်လေးနဲ့ ပက်သက်သမျှတွေ
အကုန်ရှိနေတာပဲ..... "
အကုန်ရှိနေတာပဲ..... "
" ရှေ့လထဲငါ မြန်မာပြည် ပြန်ဖြစ်ရင် အဲဒီလိပ်စာအတိုင်း ငါသေသေချာချာ သွားပေး ပေးပါ့မယ်ကွာ ။ "
၂၀၁၂
ညီလင်းနိုင် ဈာပန တစ်နှစ်တိတိပြည့်တဲ့နေ့
ညနေ ( ၅ ) နာရီတိတိ ရွှေတိဂုံစေတီတော်ရဲ့ တောင်ဘက်မုဂ်မှာ ငှက်လွှတ်ကုသိုလ်ယူရင်း ၊
သုတမင်း ရဲ့နုတ်ဖျားက စကားတိုးတိုးလေး ထွက်ကျလာတယ် ။

" ဘဝတစ်လျှောက်လုံးအထီးကျန်နေ့စွဲတွေနဲ့သာ ရှင်သန်ခဲ့ရတဲ့ သူငယ်ချင်းရေ..... "
"ဖြစ်လေရာ ဘဝပဆက်ဆက် ခမ်းနားသိုက်ဝန်းတဲ့ မိသားစုလေးနဲ့အတူ ၊
မင်းသိပ်မြတ်နိုးခဲ့ရတဲ့ လမင်းအိမ်လေးကို ချစ်မြတ်နိုးတဲ့ အကြောင်းတွေ
မင်းကိုယ်တိုင်ကိုယ်ကျ ပြောကြားဖွင့်ဟနိုင်တဲ့ သူ ဖြစ်ပါစေကွာ....."

" မင်းမသိလိုက်တဲ့ အကြောင်းလေးတစ်ခု ရှိနေပါသေးတယ် သူငယ်ချင်းရယ်....."
မင်းသိပ်မြတ်နိုးခဲ့ရတဲ့ လမင်းအိမ်လေးဟာ ၊
မင်းအကြောင်းသိခဲ့ရတဲ့ နေ့မှာပဲ ၊
လူဝတ်ကြောင်ဘဝကို စွန့်ခွာပြီး သာသနာ့ဘောင်ထဲကို အပြီးတိုင် ဝင်သွားခဲ့ပါပြီကွာ ။ "

ညီလင်းနိုင်
4 comments:
ဒီဝတ္ထုတိုတစ်ပုဒ်လုံးကို ပြီးဆုံးသည်အထိ အသက်ရှုမိသလား .. မရှုမိသလားမသိဘဲ ခံစားသွားပါတယ် . . ကိုညီ :)
ဒီဝတ္ထုလေးထဲလမင်းအိမ်ဆိုတာ တကယ်ရှိနေပြီး ကိုညီ့ကိုတကယ်အားတွေပေးနေပါစေလို့ စိတ်ရင်းနဲ့ဆန္ဒပြုပါတယ် ကိုညီ
လူတိုင်းကိုယ်စီမှာဒဏ်ရာတွေ ရှိတက်ပါတယ် . .
ကိုညီလည်း ရခဲ့တဲ့ဒဏ်ရာဆိုတာတွေကိုမေ့ပြီး . . ပျော်ရွှင်နိုင်ပါစေ
နောက်နေ့တွေလည်းလာလည်ပါအုံးမယ် . . :)
နတ်သမီး
ကွန်းမန့်ပေးထားတာ ဘာလို့ပျောက်သွားတာလဲမသိဘူးး >,<
ဘာမှလဲမပေါ်ဘူးး . . နတ်သမီးတော့ရွာလည်သွားပြီ :P
နတ်သမီး
ကယ်ကယ်ရေ... တကယ့်ကိုပဲ လေးလေးရင်ထဲကို နေမင်း လမင်း အသင်္ချေ ဖြစ်ခဲ့ရပါတယ်။။။ ဘ၀ဆက်တိုင်းဆက်တိုင်း မှာ ပျော်ရွှင်စရာ မိသားစုလေးနဲ့ကြုံတွေ့ရပြီး လမင်းအိမ်ကို မြတ်နိုးခြင်းအတိနဲ့ ချစ်ခြင်းသစ္စာတရားကြောင့် ပျော်ရွှင်စရာချစ်ခြင်းတွေနဲ့ ပြီးပြည့်စုံပါစေ.......
နောက်တစ်ကြိမ်လာဖတ်တာ . . (မကျေနပ်လို့) :P
ပျော်ရွှင်ပါစေ
နတ်သမီး
Post a Comment