ညီလင်းနိုင်: ဆိပ်ကမ်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ဆိပ်ကမ်း








ဒီဆိပ်ကမ်းလေးထဲ

လူရာမဝင်တဲ့ ထွက်သက် ဝင်သက်နဲ့

ဒုက္ခိတ အငုံ့စိတ်ကလေး

ဆွတ်ဆွတ်ကျင်ကျင် လွတ်ကျကွဲဖူးတယ် ။ 



ဒီဆိပ်ကမ်းလေးထဲ

နွေကျစ်တဲ့ ကြိုးတစ်စင်းလို

ဘဝခြားခဲ့ရတဲ့ သံယောဇဉ်တို့အတွက်

အလွမ်းတွေ ရွှဲရွှဲလောင်ခဲ့ဖူးတယ် ။ 



 
ဒီဆိပ်ကမ်းလေးထဲ

လျှပ်စီးစိုက်ဝင်ခံရတဲ့ ကောင်းကင်လို

အထိတ်တလန့်နဲ့ ကွဲအက်

သိမ်ငယ်မှုတွေ တစိမ့်စိမ့်စွေကျခဲ့ဖူးတယ် ။ 


 
ဒီဆိပ်ကမ်းလေးထဲ

ခွာအဆုပ်လိုက် ဖြတ်လျှောက်ခံရတဲ့ ဗုံတစ်လုံးလို

ထစ်ချုန်းရုန်းပွင့် ထိရှအန်ထွက်

လောကဓံတွေ ညဉ့်နက်ခဲ့ဖူးတယ် ။ 


 
ဒီဆိပ်ကမ်းလေးထဲ

လရောင်အဆွတ်ခံရတဲ့ ပင်လယ်လို

အလွမ်းအူရင့်တဲ့ ညတစ်လျှောက်လုံး

အမူးမူးအလွင့်လွင့်နဲ့ ရူးရင့်ခဲ့ဖူးတယ် ။ 


 
ဒီလိုနဲ့

ခရိုးခရိုင် ဒီဆိပ်ကမ်းလေးထဲ

အလိုမတူပဲ ရခဲ့တဲ့

လောကဓံရဲ့ ကိုယ်လေးလက်ဝန်နဲ့

စံပယ်တွေ တနူံ့နူံ့ပြိုလဲရင်း

ဝဋ်နာကံနာ ဟောက်ပက်ကြီးဆီ

ဆွေးဆွေးငင်ငင် နစ်  ဝင်  ခဲ့  ရ  ပေါ့ ။ 





 

ညီလင်းနိုင် 






Related Posts Plugin for WordPress, Blogger...