ညီလင်းနိုင်: သီရိခင်ထူး / အမှတ် ( ..... ) သစ္စာဝါဒီလမ်း / အောင်ဆန်းရပ်ကွက် / အင်းစိန်မြို့

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

သီရိခင်ထူး / အမှတ် ( ..... ) သစ္စာဝါဒီလမ်း / အောင်ဆန်းရပ်ကွက် / အင်းစိန်မြို့








ဘယ်လိုဥပေက္ခာမျိုးနဲ့ ၁၉၉၄ မြေနီလမ်းညကို သဲသဲကွဲကွဲ ခြွေမှုတ် ငြိမ်းသတ်ပစ်လိုက်ရမလဲ

ယူကျုံးမရ အံလွဲစိတ်ဟာ ပါးပျဉ်းငေါငေါနဲ့ အစွယ်တစ်ဆုံး ရန်ငြိုးဖွဲ့တယ်

သွေးကြောထဲ တဂျုန်းဂျုန်းခုတ်မောင်းနေတဲ့ မှတ်ဥာဏ်ဟာ " သီရိခင်ထူး "

အလိုမတူပဲ ဆွဲဖြဲခံလိုက်ရတဲ့ တနင်္ဂနွေဟာ ရင်ကွဲနာစိတ်ကြီးလွယ်ပြီး တဆတ်ဆတ်ခုန်လို့ ....

အဲဒီတနင်္ဂနွေမှာ ကိုယ့်စိတ်ဟာ ကျကျနန အရိုး မြေကျသွားတယ်

ပုံပြင်ဟောင်းကလေးကို ဆီမီးတွေဆမ်းလို့ ..... ကြည်မွေ့စရာကို ငုံထွေးလို့ ....

မင်းလက်ဖျားလေးကို ကိုယ့်ရင်ထဲခေါက်သိမ်းလို့ .....

အဲဒီလို အိပ်မက်မျိုး လအစင်းတစ်ထောင်ခြံရံပြီး ကိုယ် ကြေကြေကွဲကွဲ စိုက်ပျိုးတယ်

မှန်ကွဲစလိုအခင်းအကျင်းတွေထဲ သိမ်ငယ်စိတ်ဟာ သေကောင်ပေါင်းလဲ သက်ဆုံးတိုင်နေမှတော့

နံရိုးမှာ ရေးထွင်းထားတဲ့ မြို့ကလေးနဲ့ ကိုယ့်စိတ်ကို သာသာယာယာ ခြေကျင်းခတ်ထားလိုက်မယ်

သေတွင်းထဲက နောက်ဆုံးညစာလို အထိအရှဟာ အံ့သြဘနန်း အငမ်းမရ အရိုးမျက်တယ် ညီမလေး

နာကျင်မှုဆိုတာ ကိုယ့်ဘဝနဲ့ ရေးခြစ်ထားခဲ့တဲ့ တစ်သက်စာ တက်တူး

ဝေးကွာခြင်းကိုပဲ ကိုယ့်မှာ တခုတ်တရ မြိနေအောင် တမြမြစိတ်နဲ့ သွေးခဲ့ရ

သေမထူးနေမထူး ဘဝမှာ ဒဏ်ရာတွေသာ သိုက်သိုက်မြိုက်မြိုက် ထစ်ချုန်းတယ်

လွမ်းစိတ်ကလေး တစ်ပွင့်ကြွေသွားတိုင်း ဆွေးရိစိတ်က တစ်ခင်းလုံး ထ... ထ... ပွင့်သလိုမျိုး

တုတ်နဲ့ထိုးပြီး အရေပြားဆွဲလှန်ခံလိုက်ရတဲ့ မျှော့တစ်ကောင်လို စိတ်တစ်ခုလုံး သွေးသံရဲရဲ

မင်းတို့ရဲ့လက်ထပ်ပွဲသတင်းမှာ ညအကန်းကြီးလို ကိုယ် စုန်းစုန်းချုပ်တယ်

အချစ်ဟာ ဘဝတစ်သက်စာလုံးအတွက် စိတ်အဟာရ ဖြစ်/ မဖြစ်

ရေခဲမြစ်တွေလို ရာသီတစ်ပတ်အရွေ့မှာ အရည်ပျော် / မပျော်

ဘယ်လိုကျမ်းစာမျိုးနဲ့မှ အချစ်ကို ခြေချုပ်မမိစေချင်ဘူး၊ အချစ်ရဲ့ခေါင်းစဉ်ဟာ အချစ်ပဲ ဖြစ်စေချင်တာ 

မွေးညင်းထဲ တရွရွတိုးဝင်ပြီး မွှန်းနေတဲ့မီးတောက်လို ချစ်စိတ်ဟာ ဝဝလင်လင်ထူထောင်တယ်

တစ်ကိုယ်စာပြောရေးဆိုခွင့်ဟာ ဘယ်တော့မှ ရှိမလာခဲ့ဖူးတဲ့ တယ်လီဖုန်း

တစ်သက်လုံး ငုံထားခဲ့ရတဲ့ ချစ်စိတ်အမြုံကလေးကိုပဲ ကိုယ့်မှာ တသသ ထုတ်ထုတ် မြတ်နိုးနေရ

ဘဝဟာ ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ဆီလည်ရေလည် သေတွင်းဖြောင့်တယ်

ကိုယ်ဟာ အနုပညာ ဖြတ်နင်းခံလိုက်ရတဲ့ နိမ့်နိမ့်ပါးပါး မြေမှုန်တစ်စ

ဘယ်တော့မှမရနိုင်တော့တဲ့ နောင်တတစ်ခင်းလုံးနဲ့ ရိုးမြေကျထွန်ယက်ခဲ့တယ်

ကိုယ့်ကြေကွဲမှုနဲ့ လွှင့်တင်လိုက်တဲ့သီချင်းမှာ မင်း အိပ်ရာဝင် ချမ်းမြေ့ပါစေ " သီရိခင်ထူး "

စိတ်အကွဲဟောက်ပက်ကြီးနဲ့ မင်းကို သတိရစိတ်တွေကတော့ မိုးအဆုံးမြေအဆုံး ခပ်ထုတ်မဆုံးဘူး

အဲဒီ ဝဋ်နာကံနာနဲ့ပဲ ကိုယ့်တစ်ကိုယ်စာ ဝပ်ကျင်းကလေးလည်း ငွေ့ငွေ့လောင်လောင်နာတာရှည်ခဲ့ရပေါ့။







ညီလင်းနိုင် 







18 comments:

'လွမ်းစိတ်ကလေး တစ်ပွင့်ကြွေသွားတိုင်း ဆွေးရိစိတ်က တစ်ခင်းလုံး ထ... ထ... ပွင့်သလိုမျိုး'

ဒီစာကြောင်းမှာ အကြာကြီး ရပ်နေမိတယ်၊ လှလိုက်တဲ့ အဖွဲ့ကလေး...၊

 

ကိုညီလင်းနိုင်ရေ .. အကို့ရဲ့ ၀င်္က၀ုတ်တိ အသုံးအနှုန်းလေးတွေကို အရမ်းပဲ အားကျမိပါတယ် ကိုညီလင်းနိုင် .. ရေးထားတာလေး သိပ် ညက်ညောလွန်းနေတယ်ရှင့် :)

 

အဲဒီလို အိပ်မက်မျိုး လအစင်းတစ်ထောင်ခြံရံပြီး ကိုယ် ကြေကြေကွဲကွဲ စိုက်ပျိုးတယ်

မှန်ကွဲစလိုအခင်းအကျင်းတွေထဲ သိမ်ငယ်စိတ်ဟာ သေကောင်ပေါင်းလဲ သက်ဆုံးတိုင်နေမှတော့

နံရိုးမှာ ရေးထွင်းထားတဲ့ မြို့ကလေးနဲ့ ကိုယ့်စိတ်ကို သာသာယာယာ ခြေကျင်းခတ်ထားလိုက်မယ်

သေတွင်းထဲက နောက်ဆုံးညစာလို အထိအရှဟာ အံ့သြဘနန်း အငမ်းမရ အရိုးမျက်တယ် ညီမလေး

နာကျင်မှုဆိုတာ ကိုယ့်ဘဝနဲ့ ရေးခြစ်ထားခဲ့တဲ့ တစ်သက်စာ တက်တူး

ဝေးကွာခြင်းကိုပဲ ကိုယ့်မှာ တခုတ်တရ မြိနေအောင် တမြမြစိတ်နဲ့ သွေးခဲ့ရ

သေမထူးနေမထူး ဘဝမှာ ဒဏ်ရာတွေသာ သိုက်သိုက်မြိုက်မြိုက် ထစ်ချုန်းတယ်

လွမ်းစိတ်ကလေး တစ်ပွင့်ကြွေသွားတိုင်း ဆွေးရိစိတ်က တစ်ခင်းလုံး ထ... ထ... ပွင့်သလိုမျိုး


ရေရေလည်လည် မိုက်တယ် အစ်ကို
GOOD !!

 

လန့်တွားတာပဲ။အ ရိုးမြေကျသွားတယ်ဆိုလို့။ ရှေ့က အ ကိုမြင်ဖူး။ အစ်ကို့ကဗျာတွေဖတ်ရင် ရင်ထဲ ထိထိမိမိခံစားရတယ်။ စကားလုံးတွေကလဲ ထိထိမိမိပဲ။အားကျလိုက်တာအစ်ကိုရေ။

 

ကိုယ်ဟာ အနုပညာ ဖြတ်နင်းခံလိုက်ရတဲ့ နိမ့်နိမ့်ပါးပါး မြေမှုန်တစ်စ
ဘယ်တော့မှမရနိုင်တော့တဲ့ နောင်တတစ်ခင်းလုံးနဲ့ ရိုးမြေကျထွန်ယက်ခဲ့တယ်
ကိုယ့်ကြေကွဲမှုနဲ့ လွှင့်တင်လိုက်တဲ့သီချင်းမှာ မင်း အိပ်ရာဝင် ချမ်းမြေ့ပါစေ
------ ရင်ဘတ်ထဲရောက်အောင်လာခဲ့တဲ့စာသားလေးတွေပါရှင်

 

ဘယ်လိုကျမ်းစာမျိုးနဲ့မှ အချစ်ကို ခြေချုပ်မမိစေချင်ဘူး၊ အချစ်ရဲ့ခေါင်းစဉ်ဟာ အချစ်ပဲ ဖြစ်စေချင်တာ ။။။။။။။။။။။
စာသားလေးကြိုက်သွားတယ်။။။။။။။။။။။။။။။။။

 

စာသားလေးတွေ အရမ်းမိုက်နော် အကို။ ရသ ကဗျာလေး။

 

စာသားလန်းလန်းလေးနဲ့ အဓိပ္ပါယ်ခပ်ဆန်းဆန်းလေးတွေ တွဲဖက်ထားတာမို့ အရမ်းကို ဖတ်လို့ကောင်းပြီး..ခံစားချက်တွေ ပေါ်လွင်တယ်..

 

ပုံပြင်ဟောင်းကလေးကို ဆီမီးတွေဆမ်းလို့ ..... ကြည်မွေ့စရာကို ငုံထွေးလို့ ....
မင်းလက်ဖျားလေးကို ကိုယ့်ရင်ထဲခေါက်သိမ်းလို့ .....
အဲဒီလို အိပ်မက်မျိုး လအစင်းတစ်ထောင်ခြံရံပြီး ကိုယ် ကြေကြေကွဲကွဲ စိုက်ပျိုးတယ်...
လှလိုက်တဲ့ ဖွဲ့နွဲ့ပုံလေး... နူးညံ့သိမ်မွေ့လွန်းတယ်... စကာလုံးတိုင်းမှာ အနှစ်သာရအပြည့်နဲ့နက်ရှိုင်းသလို လေးနက်မှုလည်းရှိပါတယ်... မစပယ်ချိုပြောသလိုပေါ့ ရင်ဘတ်ထဲရောက်အောင်လာခဲ့တဲ့စာသားလေးတွေပါရှင်... လေးစားပါတယ်ကိုညီလင်းနိုင် :)))

 

ကံကောင်းလိုက်တဲ့ သီရိခင်ထူး ဒီလောက်ထိချစ်တဲ့သူရှိတယ်

~ Kk ~

 

အရေးအသားကမြှင့်လွန်းတော့ စစချင်းနားမလည်ဘူးဖြစ်နေတာ
နောက်ထပ်ဖတ်မှ နားလည်တော့တယ်
အကိုရဲ့အရေးအသားကိုတော့အရမ်းအားကျတယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

 



ဖတ်ရှုနှစ်သက်ခဲ့ ပါတယ်ရှင်

 

တင်စားမှုအသုံးအနှုန်းလေးတွေကို နှစ်သက်မိပါကြောင်း

 

"စိတ်အကွဲဟောက်ပက်ကြီးနဲ့ မင်းကို သတိရစိတ်တွေကတော့ မိုးအဆုံးမြေအဆုံး ခပ်ထုတ်မဆုံးဘူး"

အဲဒါလေးကို အကြိုက်ဆုံးပဲ အစ်ကိုရေ ...

 

လွမ်းမှာတမ်းမှာ နစ်ဝင် နာကျင် မင်တက် ငေး မော မျော လွင့် ...

 

နှင်းဆီ...အလာနောက်ကျသွားတာခွင့်လွတ်ပေးပါနော်..

 

အရမ်းကောင်းတယ် ပြောမပြတတ်အောင်ကို

 

ဗုဒ္ဓေါ . . ဒီကဗျာ . . ဒီကဗျာမှာ အဲဒီလက် . . အဲဒီလက်က အရင်လက်ထဲက လွတ်မြောက်နေပြီလို့ခံစားမိတယ် . . အိုးးးးး !! :)


မိငြိဏ်းခက်

 

Post a Comment

Related Posts Plugin for WordPress, Blogger...