ညီလင်းနိုင်: စိတ်အတွင်းသားထဲ စိုက်ဝင်နေတဲ့ဓားမှာ ဘဝဟာခုတ်ရာတစိုစို

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

စိတ်အတွင်းသားထဲ စိုက်ဝင်နေတဲ့ဓားမှာ ဘဝဟာခုတ်ရာတစိုစို





လိပ်စာပျောက်နေတဲ့အသံဟာ ဖန်မီးသီးတစ်လုံးလို ရိုက်ခွဲခံထားရ

သင်တုန်းဓားပေါ် ဇက်ထိုးတင်ပေးထားရတဲ့နေ့စွဲတွေလို မြင်မြင်သမျှဟာ အချိန်ကိုက်ဗုံးပဲ

စိတ်ကိုစွဲလောင်နေတဲ့ ကမ္ဘာဦးမီးလို ဝင်သက်ထွက်သက်ကလေးကအစကြွပ်ဆတ်

အမှောင်မျိုထားတဲ့ခေတ်ကြီးထဲ ကိုယ့်အသက်နဲ့ရင်းပြီး

ကိုယ့်လမ်းကို ကိုယ် လင်းချင်ယောင်ဆောင်ခဲ့ကြတယ်

ခွေးသားပေါက်လေးနို့ဆာလို့အော်သံကို လိင်ဆက်ဆံသံနဲ့မကွဲသလို

သံသယမျက်လုံးတွေနဲ့ပဲ ချောင်းကြည့်ခံနေရ

ငါ့အသက်တာကို ငါဆုတ်ဖြဲမိတော့မယ်

ငါ့စိတ်အလွှာကိုငါဆုတ်ဖြဲမိတော့မယ်

မိသားစုဆီဆန့်ထွက်နေတဲ့ဆန္ဒကို လက်ရှိဘဝနဲ့ ဝါးလုံးထိုးခုတ်သတ်နေရတဲ့ဖြစ်စဉ်

အပူရှပ်ပါတယ်ဆိုနေမှ စကားလိမ်တွေနဲ့ပဲ လာလာသင်းကွပ်ကြ



အလိုမတူပဲ သွေးကြောထဲထိုးသွင်းခံနေရတဲ့ စိတ်ကျဆေးပြားတွေလို

ကိုယ့်စိတ်ဟာကိုယ့်လက်ထဲမှာတင် မလင်းပဲလောင်သွားတဲ့မီး

နာရေးကြော်ငြာမှာ ကိုယ့်နာမည်ကို ခဏ ခဏ ချောင်းကြည့်နေရတယ်

လင်ကောင်မပေါ်တဲ့သန္ဓေသားလို သေလို့သာသွားတယ် လူရာဝင်မသွားရှာတဲ့ ငြိမ်းချမ်းရေး

* ပိုင်ဆိုင်မှုအတွက်စစ်မက်များ ×××× ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရာ ××××

ဂန္တဝင်မြောက်တဲ့အချစ်နဲ့ ×××× ကာကွယ်သူတို့ရဲ့ဓားတွေ ××××

သူရဲကောင်းတို့မွေးဖွား ×××× ဒါဟာငါတို့သမိုင်းရဲ့ ××××

ခမ်းနားခဲ့တဲ့နေ့ရက်များ ×××× ဧရာဝတီ ..... *

ဟုတ်တယ် .....

ငါတို့မျိုးဆက်သမိုင်းဟာ ဧရာဝတီမိခင်မြစ်ကြီးထဲ ဘယ်တော့မှ ပြန်လည်နိုးထမလာခြင်းတွေနဲ့အတူ

စုန်ရေလို တစောက်ကန်း စီးဆင်းသွားခဲ့ကြ

လက်ဖျံရိုးတစ်ချောင်းထဲမှာ ရှင်သန်နေကြတဲ့သွေးချင်းတွေပဲ

ဘာပဲပြောပြော ....

စိတ်တူကိုယ်တူ စုစုစည်းစည်းနဲ့ အရင်လို အသေအကြေ ဗုံးကြဲတိုက်ကြတာပေါ့ဆိုတဲ့ ပြည်တွင်းစစ်

The person who has done, the greatest services in the cause of international peace

gets the highest Nobel prize.

တစ်ပြည်လုံး နိုဘယ်ဆုရရင်တောင် ဘယ်သူအရင်ရခဲ့တာကနေ ပြဿဒ်စွဲလောင်ဦးမယ့် မငြိမ်းသောမီး

သေလည်းမထူးဘူး နေလည်းမထူးဘူး ယဉ်ယဉ်လေးရူးနေရတာကိုက ရှင်သန်ခြင်းရဲ့ အလိုတော်

ဦးသန့်နာမည်ခေါင်းပေါ်ရွက်ပြီး ကမ္ဘာပတ်နေကြတဲ့ ခေတ်သစ်ကျွန်ဆိုတာ

ငါတို့ရဲ့စိတ်အတွင်းသားမှာ အလိုအလျောက်စိုက်ဝင်နေတဲ့ လတ်လတ်ဆတ်ဆတ် တက်တူးကြီး

မီးကျည်ခဲဆမ်းထားတဲ့စိတ်ကို အချိန်ပြည့်ဝတ်ဆင်နေရတဲ့ကောင်ပါ ညီမလေးရယ်

မနက်ခင်းတစ်ခုရဖို့ ငှက်ဆိုးထိုးသံတွေနဲ့ တစ်ညလုံး စုံလုံးကန်းနေခဲ့ရတဲ့ကောင်ပေါ့

ခွေးတစ်ကောင်လို ကိုယ့်ဒဏ်ရာကိုယ် လုံလုံခြုံခြုံ ထုပ်ပိုးထားရတဲ့ကောင်

သံလမ်းပေါ်မေးတင်ပြီး ရထားခြေအစုံကိုညှို့ယူနေရသလို

စိတ်အကွဲကြီးနဲ့ ဖာဖာထေးထေး မျက်နှာဖုံးစွပ်ထားရ

ဖက်ဆစ်ဝါဒအောက်ကသုံ့ပန်းပြေးတစ်ယောက်လို

အင်္ဂါမစုံတော့တဲ့ ဟောဒီကဗျာကို ဖဝါးနဲ့သာ နာလိုက်ကြပါတော့။





ညီလင်းနိုင်

* ရာဇဝင်များရဲ့သတို့သမီး - ရေး- ဆို-ထူးအိမ်သင် *





0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...