ညီလင်းနိုင်: ကျိန်စာ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ကျိန်စာ








ဒီလိုနဲ့ 

ပွဲတော်ကြီးထဲ 

လက်ဖျံရိုးထဲက အမှန်တရားဟာ 

လျှာဖျားပေါ်က ထွန်သွားတွေအောက် 

တိတ်တိတ်ဆိတ်ဆိတ် သေဆုံးခဲ့ရပြီ ။ 



ခွာစိမ်းစိမ်းတွေ တင်းကြမ်းပြည့်လမ်းများ 

ဦးဆွေးဆံမြည့် တစ်ကိုယ်စာလှိုင်းများ 

မက်မက်စက်စက် ဒုက္ခအရင့်အမာများ 

ဖုန်သွေ့သွေ့ဆည်းဆာအိုများ 

နေ့စေ့လစေ့ တံလျှပ်လှိုင်းများ 

ထစ်ချုန်းတောက်ခဲ့ ပရိယေသနများ 

မိုးထဲရေထဲ ဥပက္ခာများ ။ 




ဒီလိုနဲ့ 

လမ်းအသေတွေကို ထမ်းပိုးရင်း 

ရာဇဝင်တွေ ဆွံ့အခဲ့ကြတယ် ။ 



နွံနစ်ခဲ့ရလေသော ဂျိုးဖြူတို့ရေ 

အမှည့်လွန်ခေတ်ကို နောက်ပြန်ရစ်ပြီး 

သူရဲကောင်းတို့ရဲ့ ဝိညာဉ်သွေးနဲ့ 

သင်တို့ရဲ့ အမည်နာမကို 

စကြာဝဠာရဲ့ နုတ်ခမ်းတွေပေါ်မှာ 

ကမ္ဗည်းရေးထိုးထားခဲ့ပါမယ် ။ 



ဒီလိုနဲ့ 

ဒဏ်ရာတွေ 

ဥခွံကွဲတဲ့တစ်နေ့ 

သူရဲကောင်းဓားကို 

စိတ်မှာလွယ်ပြီး 

ငါတို့နိုးထလာခဲ့မယ် ။



သူရဲကောင်းတို့ရဲ့ အမှန်တရားဆိုတာ 

ရင်ဘတ်နဲ့ခုတ်ချရင်တောင်

ခေတ်ကို ပြတ်ကျစေနိုင်တယ်လေ ။






ညီလင်းနိုင်


( ခရမ်းရိပ် အနုပညာမဂ္ဂဇင်း ဧပြီလ - ၂၀၁၂  )


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...