ညီလင်းနိုင်: အနာဂတ်ကောင်းကင် ၃

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အနာဂတ်ကောင်းကင် ၃





 




 
အိုမာခရမ်ရဲ့ ချစ်သူလက်ထက်

ကောင်းကင်ရဲ့အမျက်ကို ပိုမြတ်နိုးတယ်

ဟောဒီမှာ

နှင်းပက်ထွေးခဲ့သလို

ချောင်းချောင်းထလို့

ကောင်းကင်တော်မှာ

လင်းလက်ခဲ့သမိုင်းတွေ ဝေဝေစီနေတာများ

မာယာကော့ဖ်စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ်တွေ

ဒိုင်အောက်ဂျနိစ်ရဲ့ မီးအိမ်ငယ်တွေ

ဂေါ်ဂင်ရဲ့ ပန်းချီပန်းခင်းတွေ

ဘိုင်ရွန်ရဲ့ လရောင်ညတွေ

ဆိုကရေးတီးစ်ရဲ့ အိပ်မက်ဝိဥာဉ်တွေ

အရစ္စတိုတယ်ရဲ့ အမှန်တရားတွေ

ကောင်းကင်ရဲ့ သိင်္ဂါရမြင်းကိုစီးနင်းရင်း

ဇာတ်ကြိုးဖွင့် ရွက်လွှင့်နေတာများ

အနာဂတ်ဟာ ကောင်းကင်မှာ ပန်းတွေပွင့်ခဲ့ပေါ့ ။



အိုမာခရမ်ရဲ့ ချစ်သူလက်ထက်

ကောင်းကင်ရဲ့အမျက်ကို ပိုမြတ်နိုးတယ်

ဟောဒီမှာ

ဒီလိုနဲ့ မိုးလင်းခဲ့ရ ဒီလိုနဲ့ မိုးချုပ်ခဲ့ရ

ပီတိ သုခ စိတ်ဆန္ဒအတိုင်း

တစ်ယောက်ရင်ဘတ်ပေါ် တစ်ယောက်ထွန်ယက်ကြ

သံယောဇဉ်တွေ ဖူးကြ ပွင့်ကြ

ကမ္ဘာဦးအပြုံးတွေ ထွန်းကြ ညှိကြ

နက္ခတ်သစ်တွေ ထွင်းကြ ဖွားကြ

ဧရာဝတီကို ကယ်ကြ ဆယ်ကြ

ပရဟိတ လှူကြ တန်းကြ

ပျိုးကြဲလက်တွေ ပြိုင်တူလင်းကြ

ကရုဏာမြစ်တွေ သွင်သွင်စီးကြ

ဂန္ဒီအရိုးတွေ တွန်ထလာသလို

ဒဏ္ဍာရီတွေ ရှင်သန်ထမြောက်ခဲ့ကြတယ် ။



အိုမာခရမ်ရဲ့ ချစ်သူလက်ထက်

ကောင်းကင်ရဲ့အမျက်ကို ပိုမြတ်နိုးတယ်

ဟောဒီမှာ

လရောင်ကြယ်ရောင် ဝင်းပဆောင်ပြီး

ရွှေရောင်ပျို့သက် ငွေနှင်းစက်နဲ့

နွေးထွေးမေတ္တာ ပေးဝေကာပင်

ကြင်နာရင်သွေး ပွင့်သီနွေးသို့

ကမ်းလက်ရေစီး သွင်သွင်စီးပြီး

စိုငြီးရစ်ခွေ သိုင်းဖွဲ့နေလျက်

တွဲလက်မြဲစေ လင်းပွင့်ဝေပြီး

ကြုံစေမီးလျှံ လောကဓံကို

တူတူရင်ဆိုင်ကြပါစို့ ။







ညီလင်းနိုင် 





2 comments:

နူးညံ့ပြီး ဆွဲဆောင်မှုအပြည့်ရှိလှတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားပါတယ်
နောက်လည်းသည်ထက်မကကဗျာကောင်းလေးတွေကိုထုဆစ်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

 

စာသားတွေမြင့်ပြီး ဖတ်တဲ့ သူကနုံအလို့ လားတော့မသိဘူး
သိပ်ပြီးလိုက်လို့ မမှီချင်ဖူးဖစ်နေတယ်..း)
ကဗျာလေးလာခံစားသွားတယ်နော်..

 

Post a Comment

Related Posts Plugin for WordPress, Blogger...