ညီလင်းနိုင်: စစ်ပြေးလမ်းပေါ်က လွင့်စင်ကျလာတဲ့ ကဗျာ ၂

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

စစ်ပြေးလမ်းပေါ်က လွင့်စင်ကျလာတဲ့ ကဗျာ ၂










ချို့တဲ့ခြင်းမှန်သမျှကို လှိုင်လှိုင်ကြီးပိုင်ဆိုင်ထားတယ်  

ရင်ကွဲလောက်တဲ့ ပေါက်ကွဲသံတွေက အသားစမှန်သမျှကို ခပ်ထုတ်သွားခဲ့ပြီ

ငေါထွက်လာတဲ့ အရိုးမှာ ဝမ်းနည်းမှုဟာ တဆတ်ဆတ်ခါနေတယ်

နေ့မြင်ညပျောက်ဝပ်ကျင်းကလေးထဲ အသက်ဓာတ်ကို အချိန်ပြည့် ထိုးဖွက်ထားရ 

ယမ်းနံ့ ၊ သွေးနံ့ ၊ မျက်ရည်ရဲ့ ရနံ့တွေကြား ဘဝဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုရပါ့ 

 စစ်ပွဲရဲ့ ဝိသေသဆိုတာ အချိန်ပြည့် မှော်ဝင်နေတဲ့ ငရဲခန်း 

တစပြင်ထဲခင်းကျင်းထားရတဲ့ ဘဝမှာ သောကတွေသာ ထူထူထောင်ထောင်ဖွံ့ထွားတယ်

အိမ်မီးလောင် ယာမီးလောင်တာထက် ဘဝကို မီးစွဲလောင်နေတာ ငြိမ်းမရဘူး

အသားတစ်ဆွဲလှန်ခံရတာထက် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုခံရတာ ရင်နာတယ်

ဗုံးဆန်အောက်က ဝိဥာဉ်များ ဦးသန့်ဆီ စာပို့ပါ

မာသာထရီဆာဆီ စာပို့ပါ

ဘုရားသခင်ဆီ စာပို့ပါ

အတ္တလွန်ဆွဲရာအောက်မှာ နံရိုးတွေ တဖွေးဖွေး ဘဝတွေ အဆွေးဆွေး

ရှင်သန်ခြင်းဟာ နေ့နေ့ညည လောင်မီးကျနေပြီ

အလျှံတညီးညီး မြင်ကွင်းဟာ တစ်ဘဝလုံးစာ ချောက်ချားစရာကြီး

အသက်ဓာတ်ဟာ ပေါပေါလောလော ဆုတ်ဖြဲခံနေရ

သွေးညှီနံ့အလူးလူးအောက် အမှန်တရား ဆွဲကြိုးချခံထားရ

ကောင်းကင်မှာ ချိတ်ဆွဲထားတဲ့လတစ်စင်း မွမွရွရွ ကျကွဲသွားသလို

အရာရာဟာ အမှောက်မှောက်အမှားမှားနဲ့ အမှောင်ရင့်ရင့်စူးခဲ့ကြ 

ကမ္ဘာဦး နံရိုးတစ်စုံရဲ့ အသိဥာဏ်ထဲ

ကိုယ်ချင်းစာတရားကို တပ်ဆင်ပေးလိုက်သေးရဲ့လား ဘုရားသခင် ။






ညီလင်းနိုင် 





5 comments:

ကိုညီလင်းရေ
ဘုရားသခင်ဆီ စာပို့ပါ
အတ္တလွန်ဆွဲရာအောက်မှာ နံရိုးတွေ တဖွေးဖွေး ဘဝတွေ အဆွေးဆွေး
ရှင်သန်ခြင်းဟာ နေ့နေ့ညည လောင်မီးကျနေပြီ................
စာသားတွေရှယ်ပဲနော် များများရေးနိုင်ပါစေလို့
ခင်မင်တဲ့ jasmine

 
This comment has been removed by the author.
 

ကမ္ဘာဦး နံရိုးတစ်စုံရဲ့ အသိဥာဏ်ထဲ
ကိုယ်ချင်းစာတရားကို တပ်ဆင်ပေးလိုက်သေးရဲ့လား ဘုရားသခင် ။
ဟုတ်တယ် ဒါမေးသင့်တဲ့ မေးခွန်းပဲ..
စာသားလေးတွေနဲ့ ပုံဖေါ်ထုဆစ်ထားပုံလေးကိုကြိုက်တယ်..
ခင်တဲ့
လေပြေ

 

စာသားတွေအကုန်လုံးကောင်းတယ်ရှင်...ရှင်လဲကဗျာရူးပဲလား..မသိလို့မေးကြည့်မိတာပါ..
ဘာကြောင့်ဆို မိုးနတ်လဲ ကဗျာရူးမို့ နောက်ဆို ခဏခဏလာဖြစ်တော့မယ်ထင်တယ်လေ...
ကဗျာဆရာ တော်တော်များများရဲ့ ကဗျာတွေကိုဖတ်ဖူးတယ်..ဒါပေမဲ့ ညီလင်းနိုင်ရဲ့ ကဗျာတွေက
တစ်မျိုးလေးရယ်..
ခင်မင်နေတဲ့..မိုးနတ်

 

ကမ္ဘာဦး နံရိုးတစ်စုံရဲ့ အသိဥာဏ်ထဲ

ကိုယ်ချင်းစာတရားကို တပ်ဆင်ပေးလိုက်သေးရဲ့လား ဘုရားသခင် ။
....နက်နက်နဲနဲ တွေးခဲ့ရပါသေးတယ်...

 

Post a Comment

Related Posts Plugin for WordPress, Blogger...