အသိဥာဏ်ရှိသော သတ္တဝါကို လူဟု ခေါ်သည်လို့ ယေဘုယျအားဖြင့် လက်ခံထားကြပါတယ် ။
လူဟာ အသိဥာဏ်အရာမှာ မြေပြင် ကမ္ဘာပေါ် ရှိရှိသမျှသော သတ္တဝါတွေထက် သာလွန်ခြင်းအားဖြင့် ၊
သတ္တလောကကို ဦးဆောင်ခွင့်ရနေခြင်းလည်း ဖြစ်ပါတယ် ။
တစ်နည်းအားဖြင့် ကမ္ဘာကို ဖန်တီးပြုပြင်နေသူများဟာ လူ ဆိုတဲ့ သတ္တဝါများပါပဲ ။
ဒီကမ္ဘာဟာ လူ တစ်ဦးတစ်ယောက်စီတိုင်းရဲ့ လက်ထဲမှာ ရှိနေပါတယ် ။
ဒီအတွက် လူ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူဟာ လူပီသကြောင်း တစ်ဦးစီ တစ်ယောက်စီတိုင်းက
သက်သေပြဖို့ လိုအပ်လာပါပြီ ။
ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်အတိုင်းဆိုရင် ၊
ဘုရားရှင်မှန်သမျှသည် အနိစ္စတရားကို ပြနိုင် ဟောနိုင်ဖို့အတွက် ဆုတ်ကပ်မှာသာလျှင် ၊
ပွင့်တော်မူလေ့ရှိပါတယ် ။
ဒီဘဒ္ဒကမ္ဘာမှာ လေးဆူမြောက် ပွင့်တော်မူခဲ့တဲ့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ၊
လူ့သက်တမ်း နှစ် ( ၁၀၀ ) တမ်းမှာ ပွင့်တော်မူခဲ့ပါတယ် ။
လူ့အရေအတွက် နှစ် ( ၁၀၀ ) ပြည့်တိုင်း ( ၁ ) နှစ် ဆုတ်လာမယ်ဆိုရင် ၊
သာသနာသက္ကရာဇ်နှစ် ၂၅၀၀ ကျော်လာပြီဖြစ်တဲ့အတွက် ၊
အခုလက်ရှိ လူ့သက်တမ်းဟာ ပျမ်းမျှ ( ၇၅ ) နှစ် ပတ်ဝန်းကျင်ဆိုတာ လူတိုင်းလက်ခံနိုင်တဲ့ တရားပါပဲ ။
ဆုတ်ကပ်မှာ လူဖြစ်ခဲ့ရတဲ့ လူဟာ လူပီသသေးရဲ့လားဆိုတာကို ကျွန်တော်တို့ ဆန်းစစ်ကြည့်ရအောင်ပါ ။
အသိဥာဏ်နည်းပါးတဲ့ ( ဝါ ) အသိဥာဏ်အရာမှာ လူထက် နိမ့်ကျပါတယ်ဆိုတဲ့ ၊
တိရိစ္ဆာန်တွေအကြောင်းကို ပထမဦးစွာ လေ့လာကြည့်ပါမယ် ။
နေရာတိုင်းလိုလို အိမ်တိုင်းလိုလိုမှာ အလွယ်တကူ တွေ့နိုင် မြင်နိုင် ရှိနေနိုင်တဲ့ ၊
ခွေး ၊ ကြောင် ၊ ကြက် ၊ နွား အစရှိတဲ့
တိရစ္ဆာန်လေးတွေကိုပဲ ဆန်းစစ်ကြည့်ရအောင်ပါ ။
ကြက်လေးတွေဟာ သူတို့ရဲ့ မွေးကင်းစ သားသမီးတွေကို မိမိ အသက်ရှင်နေရက်နဲ့ ၊
အကြောင်းတစ်စုံတစ်ရာကြောင့် စွန့်ပစ်ခြင်း ( ဝါ )
ကိုယ်ဝန်ရှိနေစဉ်မှာ ရည်ရွယ်ချက်နဲ့ မိမိသန္ဓေသားကို ပျက်စီးအောင် ဖျက်ဆီးခြင်း ၊
စတာတွေကို တွေ့ဖူး မြင်ဖူးကြပါသလား ။
ဗြဟ္မာပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်း ဆုံနိုင်ဖို့ရာထက်တောင်
ခက်ခဲလွန်းနေပါတယ်ဆိုတဲ့ ၊
ရခဲတဲ့ လူ့ဘဝကို ရရှိပိုင်ဆိုင်ထားတဲ့ လူ ဆိုတဲ့ သတ္တဝါတွေကတော့ ၊
နေရာအနှံ့ တိုင်းပြည် အနှံ့မှာ
မိမိရင်သွေးငယ်တွေကို အလွယ်တကူ ဖျက်ဆီး စွန့်ပစ်နေကြဆဲပါပဲ ။
ခွေးတစ်ကောင်ရဲ့ ဘဝမှာ ပညာရေးမရှိ ၊ ဘာသာရေးမရှိတဲ့အတွက် ၊
ကြီးသူရိုသေ ရွယ်တူလေးစား ငယ်သူသနား ဆိုတဲ့
ဆောင်ပုဒ်လည်း မရှိတာကြောင့် ၊ အသိဥာဏ်မဲ့ တိရစ္ဆာန်စာရင်းထဲရောက်နေတာ မဆန်းပါဘူး ။
ဒါပေမယ့် ခွေးတွေမှာ လူတိုင်း အလွယ်တကူ တွေ့နိုင် မြင်နေနိုင်တဲ့ အချက်တစ်ခု ရှိနေပါတယ် ။
ဘာလည်းဆိုတော့ မိမိကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ ဇာတ်မတူသူ သခင်အပေါ်မှာတောင်
ကျိုးနွံစွာ စောင့်ရှောက်ရင်း ၊
အသက်ကိုပါ ပေးဆပ်ကာကွယ်ရဲတဲ့ စိတ်ဓာတ်ပါပဲ ။
ဘာသာရေး ၊ ပညာရေး တို့အပြင် လူမှုရေးဆိုတဲ့ လောကပါလ စောင့်ရှောက်တဲ့ ၊
တရားတွေနဲ့ နေထိုင်ကြီးပြင်းလာတဲ့ လူ့အဖွဲ့အစည်းမှာတော့ ၊
အသက်သခင်ဖြစ်တဲ့ မွေးမိခင် ဖခင်တွေကိုတောင် သတ်ဖြတ်တဲ့အထိ စိတ်ရိုင်းဝင်နေခဲ့ကြပါပြီ ။
ဆင်တွေဟာ သူတို့မေထုံအမှုပြုနေစဉ်မှာ ဘယ်သူ့ကိုမှ အမြင်မခံပါဘူး ။
တောဆင်ရိုင်း အထီး အမ တစ်စုံ ကာမစပ်ယှက်နေတာကို တွေ့မြင်ခဲ့ရင် ၊
အသက်လုပြီး အရင်ပြေးဖို့သာ အားထုတ်နိုင်မှ တော်ကာကျပါမယ် ။
သူတို့ကသာ တွေ့မြင်သွားလို့ရှိရင်တော့ အသက်ရှင်လျက် အိမ် ပြန်ရဖို့ မလွယ်ကူလို့ပါပဲ ။
အဖိုးပြောပြခဲ့ဖူးတဲ့ သူတို့ငယ်စဉ်က အကြောင်းလေးကို ပြန်လည် မျှဝေချင်ပါတယ် ။
အဖိုးငယ်စဉ်က ရခိုင်ရိုးမဘက်မှာ သူငယ်ချင်း နှစ်ယောက်နဲ့ တောလည်ထွက်တော့ ၊
တောနက်ပိုင်းထဲမှာ ဆင်ဖိုဆင်မ ကာမစပ်ယှက်နေတာကို တွေ့ကြပါလေရော ။
အဲဒီမှာတင် သူငယ်ချင်း သုံးယောက်ဟာ တစ်ကြိမ် တစ်ခါမှ မမြင်ဖူးကြတာမို့ ၊
တောင်ကမူလေးကို အကာအကွယ်ယူရင်း ကြည့်နေပါသတဲ့ ။
လေအောက်မှာ ရှိနေတဲ့ ဆင်က သူတို့ကိုယ်နံ့ရလို့ထင်ပါရဲ့ ၊
ချက်ချင်း သူတို့ရှိတဲ့ဖက်ကို စိုက်ကြည့်ပြီး ၊ စူးစူးဝါးဝါးအော်ရင်း နှစ်ကောင်လုံး ပြေးလာပါတယ် ။
အဲဒီမှာတင် အဖိုးနဲ့ သူငယ်ချင်းတွေဟာ တောနက်ကြီးထဲက ပင်စည်ကြီးတွေကို ကွေ့ပတ်ပြေးရင်း ၊
မလွတ်နိုင်ဘူးထင်တာနဲ့ ၊ အပင်ကြီးကြီး တစ်ပင်ပေါ်ကို တက်ပြေးကြတာပေါ့ ။
ဆင်ထီး ဆင်မ နှစ်ကောင်လုံးဟာ သူတို့ရှိနေတဲ့ အပင်ကြီးကို ဘယ်ညာ တစ်ဖက်စီ ရပ်ရင်း ၊
စည်းချက်ညီညီ တွန်းလှဲပါတော့တယ် ။
အချိန်တော်တော်ကြာအောင် တွန်းပြီးတဲ့အထိ အပင်ကြီးက လှုပ်ရုံသာ လှုပ်ပြီး မလဲတဲ့အခါမှာ ၊
ဆင်ထီးကြီး တစ်ကောင်ထဲ အဝေးကို ထွက်ခွာသွားပါတယ် ။
နည်းနည်း စိတ်သက်သာရာရပြီး သက်ပြင်ချရုံရှိသေး ၊ ဆင်ထီးကြီး ပြန်ရောက်လာပါတော့တယ် ။
သူ့ချည်းပြန်လာတာတော့ မဟုတ်ပါဘူး ၊ သူ့နှာမောင်းနဲ့ အပြည့် စုပ်ယူလာတဲ့ ရေတွေကို
ပင်စည်ခြေရင်းမှာ ပတ်ပတ်လည်ဖြန်းရင်း ၊
အစွယ်နဲ့ထိုး ခွာနဲ့ရှပ်ပြီး ပင်စည်အောက်ခြေကို ယိုင်နဲ့အောင် စလုပ်ကြတော့တာပေါ့ ။
အဲဒီတော့မှ အဖိုးတို့ သုံးယောက်ဟာ အပင်ပေါ်မှာ ကြူကြူပါအောင် အော်ငိုကြပါသတဲ့ ။
ဆင်ထီးကြီး နောက်တစ်ခေါက် ထပ်အသွားမှာတော့ ၊
အဖိုးတို့ဟာ ဒီတိုင်းထိုင်စောင့်နေရင်တော့ သေဖို့ပဲ ရှိတယ်ဆိုပြီး ၊
ဆင်မကြီးရဲ့ မျက်ကွယ်ကနေ အရဲစွန့် ဆင်းပြီး ထွက်ပြေးကြပါတော့တယ် ။
အတော်ဝေးဝေး လွတ်လောက်တဲ့ တောင်ကုန်းပေါ် ရောက်တော့မှ အမောဖြေထိုင်ရင်း ဆက်ကြည့်တော့ ၊
ကြိမ်ဖန်များစွာ အလှုပ်ခံနေရတဲ့ အပင်ကြီး လဲသွားပြီးတဲ့နောက် ၊
နှစ်ကောင်စလုံးဟာ အကိုင်းအရွက်ကအစ ကျိုးကြေအောင် နင်းခြေကြပါတော့တယ် ။
နောက်ဆုံး အပင်ကြီးသာ ညက်ညက်ကြေသွားပေမယ့် သူတို့ သုံးယောက်ကို မတွေ့တဲ့အခါမှာတော့ ၊
ဆင်ထီးကြီးဟာ စူးစူးဝါးဝါးအော်ဟစ်ရင်း ဆင်မကြီးကို နှာမောင်းနဲ့ရိုက် ၊
အစွယ်နဲ့ ထိုးရင်း သတ်ပစ်လိုက်ပါသတဲ့ ။
သဘောကတော့ သူသေချာမစောင့်နိုင်လို့ လွတ်သွားကြလေခြင်း ဆိုပြီး သတ်ပစ်လိုက်တာ ထင်ပါရဲ့ ။
ကျွန်တော်ဟာ ဒီဇာတ်လမ်းလေးမှာ ဆင်တွေရဲ့ အရှက်အကြောက်ကြီးပုံကို အံ့သြမင်သက်ရင်း ၊
ကြီးစွာ လေးစားမိပါတယ် ။
ဒီနေ့ခေတ်မှာ ယဉ်ကျေးသော အရှက်အကြောက်ရှိသော ဘာသာတရားရှိသောဆိုတဲ့ ၊
လူ့အဖွဲ့အစည်းထဲမှာတော့ ၊
ကာမဆက်ဆံနေတဲ့ ပုံတွေ ၊ ဇာတ်ကားအခွေတွေ ၊ ကိုယ်တိုင်ရိုက် ( HOME MADE ) အခွေတွေဟာ ၊
သာမန်အရပ်သူ အရပ်သားတွေကနေ နာမည်ကြီး ပြည်သူ့ရှေ့ဆောင် အနူပညာရှင်တွေအထိပါပဲ ။
ကမ္ဘာသုံး အင်တာနက်အပေါ်မှာ ကြည့်မဆုံး မြင်မဆုံးနဲ့ ကာမပင်လယ်မှာ ကိုယ်တုံးလုံးတွေ ၊
ထင်ရာစိုင်းနေပုံများ လူယဉ်ကျေးတို့ရဲ့ သမိုင်းတဲ့လား ။
တိရစ္ဆာန်လောကမှာ တရားဥပဒေဆိုတဲ့ စည်းမျဉ်းမရှိသလို ၊
အမှန်အမှားအတွက် ဘက်မလိုက် ဆုံးဖြတ်ပေးမယ့်သူ တရားသူကြီးလည်း မရှိပါဘူး ။
မိမိရဲ့ လုံ့လ ဝီရိယအတိုင်း ရရှိပိုင်ဆိုင်ထားမှုအပေါ်မှာ ၊
သူတစ်ပါးက လာရောက်ယူငင် ဖျက်ဆီးသွားတာတွေ ရှိနေခဲ့ရင် ၊
အနိုင်ကျင့် စော်ကားမှုတွေ ရှိနေခဲ့ရင် ၊ ကာကွယ်ပေးသူ တရားဥပဒေဆိုတာ မရှိတဲ့
အတွက် ဖြေသာနိုင်ပါသေးတယ် ။
သားရိုင်းတိရစ္ဆာန်ပီပီ ရက်စက်ကြမ်းတမ်းနေကြတဲ့ အချို့ သတ္တဝါတွေမှာတောင် ၊
ကောက်ကျစ်ယုတ်မာခြင်းတွေကိုတော့ ရှာမတွေ့နိုင်သေးပါဘူး ။
လူ့အဖွဲ့အစည်းမှာတော့ တရားမျှတမှုအတွက် နိုင်လိုမင်းထက် အနိုင်ကျင့်ခံရမှုတွေကို ကာကွယ်နိုင်ဖို့ ၊
ဥပဒေဆိုတာကို ပြဌာန်းထားခဲ့ကြပါတယ် ။
လူတွေအတွက် ပြဌာန်းထားတဲ့ တရားဥပဒေဟာ လူတိုင်းအတွက်
ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းထွက်လာခဲ့ရင် ၊ အဖြေထပ်တူကျနိုင်ပါ့မလား ။
ယူဂန်ဒါက အေဒီအမင် ဆိုတဲ့ အာဏာရှင်ရဲ့ ဥပဒေဟာ သူနဲ့ သူ့မိသားစုအတွက်မဟုတ်ကြောင်း
သမိုင်းက သက်သေပြခဲ့ပြီးပါပြီ ။
မဟော်သဓာလို တရားသူကြီးမျိုး ၊ ခုံတော်မောင်ကျဘမ်းလို တရားသူကြီးမျိုးတွေ ၊
ဒီကမ္ဘာမှာ မွေးဖွားလာနိုင်ပါဦးမလား ။
အသားအရောင်မတူ အမျိုးအနွယ်မတူ နေထိုင်စားသောက်ပုံမတူတဲ့ ကြောင် နဲ့ နွားရဲ့ ရန်ပွဲ ၊
ကျွန်တော်တို့တွေ့ဖူးခဲ့ကြပါသလား ။
အချင်းချင်း အကျိုးမပြုခဲ့ကြရင်တောင် ဒုက္ခမပေးခဲ့ကြတာ ထင်ရှားနေပါတယ် ။
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာရော ..... လူချင်းတူရင်တောင် အသားအရောင်ချင်းခွဲ ၊
မျိုးနွယ်ချင်းတူရင်တောင် ဘာသာချင်းခွဲ ၊ အသားအရောင် နဲ့ ဘာသာတရားတွေ တူနေရင်တောင် ၊
အယူအဆချင်းကွဲလို့ တစ်ယောက်အပေါ်တစ်ယောက် အာဃာတ အငြိုးတွေနဲ့ ရိုက်နှက် ၊
လူမျိုးတုံး သတ်ဖြတ်နေကြတာများ
ဒီကမ္ဘာမှာ လူ ဆိုတာ ယဉ်ကျေးသူတွေတဲ့လားကွယ် ။
ဖြတ်သန်းနေရတဲ့ ဘဝ ၊ ရေပွက်ပမာ ခဏတာလေးမှာ ရှင်သန်နေသမျှ ကာလပတ်လုံး ၊
မိမိနဲ့ ထိတွေ့မိတဲ့ ဝန်းကျင်တိုင်းမှာ ၊
အမှိုက်တစ်စ မီးတစ်စ မဖြစ်ကြစေဖို့ ယဉ်ကျေးတဲ့ ၊ လူပီသတဲ့ လူသားတိုင်း ၊
ကိုယ်စီ ကိုယ်စီ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ ။
( women journal တွင် ပုံနှိပ်ဖော်ပြပြီး ။ )
ညီလင်းနိုင်
4 comments:
အသိပညာပေးတဲ့ ဆောင်ပါးလေးအတွက်
ကျေးဇူးပါရှင်
(ဖြတ်သန်းနေရတဲ့ ဘဝ ၊ ရေပွက်ပမာ ခဏတာလေးမှာ ရှင်သန်နေသမျှ ကာလပတ်လုံး )၊
ကိုယ်တိုင်စဉ်းစားမိတာလေးကတော့
ငါ ယဉ်ကျေးပါရဲ့လား
လူပီသ ပါရဲ့လားလို့လေ
ခင်မင်တဲ့ sis jasmine
အခုခေတ်က ကမ္ဘာကြီးလဲ ယိုယွင်းပျက်ဆီးလာပြီ..
လူတွေလဲ ပျက်ဆီးလာကြပြီ...
နောက်ဆုံးသောကာလကိုရောက်နေပြီဆိုတာ
သတိထားကြဖို့ လိုလာပြီ...
တန်ဖိုးရှိတဲ့ ဆောင်းပါးလေးအတွက်ကျေးဇူးပါရှင်....
တော်တော်ကို သတိထားကြဖို့လိုလာပြီ
**အမှိုက်တစ်စ မီးတစ်စ မဖြစ်ကြစေဖို့ ယဉ်ကျေးတဲ့ ၊ လူပီသတဲ့ လူသားတိုင်း ၊
ကိုယ်စီ ကိုယ်စီ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ ။ **
တန်ဖိုးရှိစာလေး..သိမ်းထားလိုက်ပြီနော်...။။
Post a Comment