ညီလင်းနိုင်: ကြယ်တွေကြွေနေတဲ့ ကောင်းကင် ( ၁ )

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ကြယ်တွေကြွေနေတဲ့ ကောင်းကင် ( ၁ )











အခန်း ( ၁ )



အလင်းတိုင်း လောင်ကျွမ်းစေတတ်တာတော့ မဟုတ်ဘူး

ငါကြုံတွေ့ခဲ့ရတဲ့ အလင်းကတော့

ငါ့ကိုဝါးမျိုသွားစေမယ့် မီးတောက် ဖြစ်ခဲ့တယ် ။




ဂျိမ်း.....


ကျယ်လောင်တဲ့ အချုပ်ခန်းတံခါး ပိတ်သံအဆုံးမှာတော့ သိမ်ငယ်စိတ်တွေကြောင့် ၊

ကျွန်တော့် တစ်ကိုယ်လုံး သေးကွေးကျုံလှီသွားသလို ခံစားလိုက်ရတယ် ။


ဘဝတစ်သက်တာမှာ ဒါဟာ ပထမဆုံး အချုပ်ခန်းထဲကို ဝင်ဖူးတယ် ဆိုတဲ့အသိက ၊

အားငယ်စိတ်တွေကို အလျှံတညီးညီး တောက်လောင်စေခဲ့တယ် ။


၁၅ ပေပတ်လည်လောက် အခန်းကျဉ်းလေးထဲ အလယ်မှာက အိမ်သာ ။


အိမ်သာအတွက် ဘေးနှစ်ဖက်ကို အုတ်ဘောင်လေးနဲ့ ကာထားပေမယ့် ၊

ရှေ့တည့်တည့်ကြီးကတော့ ဘာမှ အကာအရံမရှိဘူး ။


တော်ရုံအရှက်နည်းတဲ့သူတောင် အခင်းကြီးငယ်သွားဖို့အတွက် အတော်ကို ခက်ခဲမယ့်ကိစ္စပါ ။


မျက်နှာချင်းဆိုင်မှာက ကိုယ်တွေလို အချုပ်ခန်းတစ်ခု ရှိနေခဲ့တာကိုး ။


အချုပ်ခန်းအားလုံးပေါင်း ၈ ခုလောက်ရှိနေပြီး အားလုံးဟာ မျက်နှာချင်းဆိုင် အခန်းတွေချည်းပါပဲ ။


အလယ်မှာကတော့ လျှောက်လမ်းသေးသေးရှိနေခဲ့တယ် ။


အဲဒီတော့ ကျွန်တော်တို့ဖက်က လူတွေ အိမ်သာတက်ရင် ၊

မျက်နှာချင်းဆိုင်အခန်းကလူတွေက အလိုက်တသိနဲ့ မျက်နှာလွှဲနေယုံပါပဲ ။


သူတို့ဖက်အခြမ်းက လူတွေလည်း အိမ်သာထဲအခင်းကြီးငယ်သွားရင် ၊

ကျွန်တော်တို့ဖက်ကလူတွေ အနေနဲ့ မျက်နှာလွှဲနေကြပေါ့ ။


အချုပ်ခန်းထဲက ထောင့်တစ်နေရာမှာ အေးစိမ့်နေတဲ့ သံမံတလင်းပေါ် ၊

စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ရင်း အခန်းထဲက ရောက်နှင့်နေပြီးသူတွေကို

တစ်ချက် ဝေ့ကြည့်လိုက်မိတယ် ။


မျက်နှာတွေကိုယ်စီမှာ သောကငွေ့တွေလွှမ်းပြီး ၊

အချုပ်ခန်းတစ်ခုလုံး အေးစိမ့်တဲ့ အငွေ့အသက်နဲ့အတူ ၊

ညှီစို့စို့အနံ့တွေကြောင့် ခေါင်းထဲ မိုက်ကနဲ ဖြစ်သွားတယ် ။


အခန်းထဲမှာ ကျွန်တော် အပါအဝင် အားလုံးပေါင်း ၁၂ ယောက်ရှိနေပေမယ့် ၊

အရာရာဟာ တိတ်တိတ်ဆိတ်ဆိတ် ။


မြန်မာဆိုလို့ ကျွန်တော် တစ်ယောက်ထဲဆိုတာ သေချာတယ် ။


မလေးလူမျိုး ၃ ယောက် ၊ အိန္ဒိယ ၂ ယောက်နဲ့ အင်ဒိုနီးရှားလူမျိုး ၅ ယောက် ၊ 

ကျန်တာက တရုပ်တစ်ယောက်နဲ့ ကျွန်တော် ။


ဟုတ်တယ်.....

ကျွန်တော် မလေးရှား နိုင်ငံရဲ့ အချုပ်ခန်း တစ်ခုထဲ ရောက်နေခဲ့တာပါ ။


မိဘရင်ငွေ့အောက်မှာ ရှိနေခဲ့စဉ်က ၊ 

ဘဝအတွက် ရည်ရွယ်ချက် ရည်မှန်းချက်တွေကို အိပ်မက်ကောင်းကင်မှာ စိုက်ထူရင်း ၊

ကျွန်တော့် စိတ်ကူးနန်းတော်မှာ ကျွန်တော်ဟာ ကြီးကျယ်ခမ်းနားခဲ့ဖူးတယ် ။


ဘဝဟာ ပင်လယ်ဆိုရင် လှိုင်းလေတို့ရဲ့ ရိုက်ပုတ်မှုဒဏ်ကို ၊

တစ်ချိန်မှာ ကြုံတွေ့ရနိုင်တယ်ဆိုတဲ့ အသိကို ဘဝနဲ့ရင်းပြီး သိခဲ့ရတယ် ။


ကျွန်တော် စတင် ကြုံတွေ့နေရပြီဖြစ်တဲ့ လှိုင်းတွေထဲမှာ ၊

ကျွန်တော့်ရဲ့ ဘဝလှေငယ်လေးကို ကြံ့ကြံ့ခံ ထူထောင်နိုင်ဖို့ ၊

ကျွန်တော့် စိတ်တွေကို ထက်ထက်မြက်မြက်သွေးထားမှ ဖြစ်တော့မယ် ။


ထဲထဲဝင်ဝင် စိမ့်ဝင်နေတဲ့ သံမံတလင်းရဲ့ အအေးဓာတ်ကြောင့် ၊

ကိုယ်ခန္ဓာတစ်ခုလုံး အတွင်းထဲကပါ လှိုက်ပြီး အေးလာတယ် ။


တစ်ညလုံး အခုချိန်ထိ မအိပ်ရသေးတာမို့ မျက်ခွံတွေ လေးလံနေသလို ၊ 

တစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှုက စိုးစိုးစီစီ ။


ကိုယ့်နဖူးကိုယ် ပြန်စမ်းမိတော့ အတော်ကြီး သိသိသာသာပူနေတာကြောင့် ၊

ကျွန်တော် ဖျားနေပြီဆိုတာ သေချာသွားခဲ့တယ် ။


မနက်ခင်းရဲ့နေထွက်စ အလင်းရောင်လေး 

အချုပ်ခန်းရဲ့ အပေါ်ထောင့်လေဝင်ပေါက်ထဲကနေ ကတိုက်ကရိုက် စီးဝင်လာချိန်မှာပဲ ၊

သံမံတလင်း အေးအေးစက်စက်ပေါ်မှာ ကျွန်တော် ကွေးကွေးလေး အိပ်ပျော်သွားခဲ့တယ် ။









အခန်း ( ၂ )





အလင်းကိုရိတ်သိမ်းသူဟာ အမှောင်ဆိုရင်

ဘဝကိုရိတ်သိမ်းသူဟာ ကံကြမ္မာဖြစ်တယ်

အမှောင်နဲ့ကံကြမ္မာရဲ့ ဆုံမှတ်မှာ

ဒုက္ခတရားတွေ နက်နက်ကြေကြေ ပွင့်ဝေခဲ့ပေါ့ ။




မနက်စာ လာပို့ပြီဆိုလို့ ကပျာကယာထပြီး မျှော်နေလိုက်တယ် ။ ဗိုက်ကအတော်ကို ဆာနေတာမို့ ၊ 

ဘာပဲလာလာစားကောင်းမှာ သေချာတယ်လို့တောင် တွေးထားမိသေးတာပေါ့ ။

ဂိတ်ပေါက်ဝက အချုပ်ခန်းစောင့်တဲ့ ရဲက နီးစပ်ရာအချုပ်ခန်းထဲက ၊

အချုပ်သားတစ်ယောက်ကို ခေါ်ထုတ်လိုက်တယ် ။

ပြီးတော့ အချုပ်ခန်းတွေထဲက လူတွေအတွက် မနက်စာဝေခိုင်းတာပေါ့ ။

တစ်ယောက်စာ ဝေစုအတွက် ဘီစကစ် ၃ ချပ်နဲ့ ကော်ခွက်လေးထဲမှာက ၊

တစ်ဝက်သာရှိတဲ့ လက်ဖက်ရည်ကြမ်း ။

မတတ်နိုင်ဘူး ဘာလာလာ ဝမ်းစာကိုတော့ ဖြည့်ရမယ် မဟုတ်လား ။

မနက်စာစားပြီးလို့ ခဏနေတော့ အချုပ်သား အသစ်တွေ ထပ်ရောက်လာတယ် ။

ကျွန်တော်ရှိနေတဲ့ အခန်းလေးထဲကို မြန်မာနိုင်ငံသား ၃ ယောက် ၊ 

အင်ဒိုတစ်ယောက်နဲ့ နီပေါ နှစ်ယောက် ထပ်ရောက်လာခဲ့တယ် ။

မျက်နှာချင်းဆိုင် အခန်းထဲမှာတော့ အသစ်ဝင်လာတဲ့ တစ်ယောက်ကို ၊

ရောက်နှင့်နေပြီးတဲ့ သူတွေက ဝိုင်းပြီး ရိုက်နေတာ တွေ့လိုက်ရတယ် ။

ဘယ်နေရာမှာမဆို ကြီးနိုင်ငယ်ညှင်း ဥပဒေသဆိုတာ အတော်ကို ရုပ်ဆိုးလွန်းတာပဲ ။

ကျွန်တော်တို့အခန်းကလူတွေ စိတ်မကောင်းစွာ ကြည့်နေတုန်း ၊ ရဲရောက်လာတယ် ။


တော်သေးတာပေါ့ ရဲရောက်လာပေလို့ဆိုပြီး ပင့်သက်ချမိရုံရှိသေး ၊

ရဲပြောလိုက်တဲ့စကားကြောင့် ကျွန်တော် ကြက်သီးမွှေးညှင်းတွေ ထသွားခဲ့တယ် ။


" ဒီကောင့်ကို မင်းတို့ရိုက်နေတာလား ကစားနေတာလား "

" ရိုက်တယ်ဆိုတာ အနည်းဆုံးတော့ မျက်နှာတစ်ခုလုံးဖူးဖူးရောင်သွားရမှာပေါ့ကွာ "

" အခုတော့ ..... မင်းတို့ဟာက ကစားနေသလိုပဲ "

" ဘာလဲ..... နမူနာအနေနဲ့ မင်းတို့ကို အပြင်ဆွဲထုတ်ပြီး ငါ ရိုက်ပြရမလား ပြော "


ရဲ လာဆူနေတာကို နားထောင်နေတဲ့ မျက်နှာချင်းဆိုင်အခန်းကလူတွေ 

မျက်နှာငယ်လေးတွေ ကိုယ်စီနဲ့ မင်သက်နေကြတယ် ။


" ဟ ..... ဘာစောင့်နေကြတာလဲ "

" မင်းတို့ကို အခုအပြင်ဆွဲထုတ်လိုက်ရမလား ပြော "


ဗလတောင့်တောင့်နဲ့ ရဲဆီက ခပ်ငေါက်ငေါက် စကားသံ အဆုံးမှာတော့ ဘာပြောကောင်းမလဲ ၊ 

ဘာမှကိုပြောမကောင်းတာပါ ။

မျက်ကန်းကြီး ပဒူတွင်းထဲပြုတ်ကျသလို ပြေးမရ ရှောင်မရနဲ့ ဘာမှခုခံကာကွယ်ခွင့်မရှိတဲ့သူအပေါ် ၊

တစ်ချက်ထိုးတစ်ချက်ထိ လက်သီး တံတောင် ခြေပျံ ဒူးပျံတွေ တဖွဲဖွဲကျလာတာများ ၊

အချုပ်ခန်းလေးဟာ နေ့ချင်းညချင်း ကြိုးဝိုင်း ။

ဒါပေမယ့် ဒီကြိုးဝိုင်းထဲမှာတော့ ဒိုင်မရှိခဲ့ဘူး ။


တစ်ကိုယ်လုံး စုတ်ပြတ်သတ်ပြီး နူတ်ခမ်းတွေ ဖူးဖူးရောင် ၊

မျက်လုံးတွေပိတ်ပြီး သွေးအလူးလူးနဲ့ မလှုပ်နိုင်တော့မှ ၊

ရဲက ကောင်းချီးပေးတယ် ။


" ယောင်္ကျားတွေ ထိုးတယ် ရိုက်တယ်ဆိုတာ အဲလိုဖြစ်နေရမှာပေါ့ကွ "

" ယောင်္ကျားပီပီ သတ္တိရှိကြစမ်းပါ "


မြတ်စွာဘုရား .....

အချုပ်ခန်းကျဉ်းလေးထဲမှာ ပြေးခွင့် ခုခံကာကွယ်မရှိတဲ့ သူကို ၊

၁၀ ယောက်လောက်က ဝိုင်းရိုက်တာဟာ သတ္တိတဲ့လား ။

ကျွန်တော်ထိုင်နေရင်း ခေါင်းတွေမူးလာတယ် ။

မကြည့်ချင်ပေမယ့် မြင်နေရတဲ့ မြင်ကွင်းကို မျက်နှာလွှဲနေလိုက်မိတယ် ။

အသစ်ရောက်လာတဲ့ ကိုယ့်ရွှေ သုံးယောက်နဲ့ မိတ်ဆက်စကားပြောမိတော့ ၊

သူတို့အကြောင်းလေးက စိတ်ဝင်စားစရာပါ ။


" ကျွန်တော်တို့က အေးဂျင့်နဲ့ လာတာပါ ..... "

" ဝက်ခြံထဲမှာ ဝက်ချေးကျုံး သန့်ရှင်းရေးနဲ့ ဝက်စာကျွေးနေရတော့ မလုပ်ချင်တော့လို့ ထွက်ပြေးရင်း

အခု အဖမ်းခံလိုက်ရတဲ့ နေရာကို ရောက်သွားတာပေါ့ ။ "


" သြော်..... အဖမ်းခံလိုက်ရတဲ့နေရာဆိုတော့ အလုပ်ထဲမှာ အဖမ်းခံရတာလား "

" ရိုးရိုးအိုဗာစတေးအမှုပဲလား "


" ၂ မှု ဆိုပါတော့ဗျာ ..... "

" အိုဗာစတေးမှုရော .... အလုပ်အတွက် စွဲချက်တင်လိုက်တဲ့ အမှုရော ဆိုပါတော့ ..... "


ကျွန်တော် နားမရှင်းဘူး ဖြစ်သွားတယ် ။

အိုဗာစတေးမှုကတော့ ဟုတ်တာပေါ့ ၊  အလုပ်အတွက် စွဲချက်တစ်မှု ထပ်တင်တယ် ဆိုတော့ 

စိတ်ဝင်စားသွားတယ် ။

ဘာအလုပ်မို့လို့လည်း ဆိုပြီး သိချင်စိတ်ကြောင့် အားနာပေမယ့် ဆက်မေးဖြစ်ခဲ့တယ် ။


" အလုပ်က ဒုစရိုက်အလုပ် ဖြစ်နေလို့လား

ကျွန်တော်မေးတာ တစ်မျိုး မထင်ပါနဲ့နော် "


သိချင်စိတ်ကြောင့်သာ မေးလိုက်ရတာပါ ။ အတော်ကို အားနာမိတာတော့ အမှန်ပါပဲ ။

သူတို့ ၃ ယောက်ကလည်း အချင်းချင်း ပြန်ကြည့်နေရင်း ရှက်ရွံ့ဟန်နဲ့ပဲ ပြောပြပါတယ် ။


" ဟုတ်ကဲ့ ..... ရပါတယ် ..... ပြောပြလို့ ရပါတယ် "


ကျွန်တော် သိချင်တာကို သိခွင့်ပေးလို့ ကျေနပ်သွားမိတယ် ။


" ကျွန်တော်တို့ အေးဂျင့်ရှာပေးတဲ့အလုပ်က လစာနည်းတာရယ် ၊ 

အလုပ်ကြမ်းတမ်းတာရယ်ကြောင့် အဲဒီနေရာကနေ ထွက်ပြေးကြတာပေါ့ ။

အိုဗာစတေးအဖြစ် ခံယူလိုက်တယ် ဆိုပါတော့ အကိုရာ ။ " 


" ထွက်ပြေးပြီး တစ်လလောက်အထိ ဘယ်မှာမှ အလုပ်ရှာမရဘူး ၊ 

နောက်ဆုံး ထမင်းငတ်လာတော့လည်း ရရာအလုပ်ပဲ ဝင်လုပ်ရတာပေါ့ "

" အခုအလုပ်ကလည်း မြန်မာပွဲစား တစ်ယောက် ရှာပေးတာပါ ၊ 

အလုပ်ရှာပေးခကို လစာထဲကနေ ကြိုတင်ငွေ တစ်ယောက်အတွက် ၂၀၀ စီ ဖြတ်ယူသွားတာပေါ့ ။ "


ကျွန်တော် ရင်ထဲ အောင့်လာတယ် ။ 

ဆွေးဆွေးမြေ့မြေ့လေးပြောပြနေတဲ့ သူ့မျက်နှာကို ကြည့်ရင်း ၊

စိတ်မကောင်းစွာပဲ ဆက်နားထောင်နေမိတယ် ။



" အင်း ..... အဲဒီတော့ အလုပ်ရရော ဆိုပါတော့ "


" ဟုတ်ကဲ့ ..... အလုပ်က အေးဆေးပါပဲ ၊ အရမ်းကို သက်သာပါတယ် ။

ဟိုတယ်မှာ လုပ်ရတာပါ ၊ ဘာမှကို မလုပ်ရသလောက်ပါပဲ ။

အေးဆေး ထိုင်နေရုံသက်သက်ပဲ ဆိုပါတော့ ။ "


ကျွန်တော် အံ့သြသွားမိတယ် ၊ သူတို့အတွက်လည်း ကြည်နူးစိတ်ဖြစ်မိတယ် ။


" ဟား..... ရှယ်ပဲဗျာ .... ဟိုတယ်မှာ အလုပ်ရတယ် ။

အလုပ်ကလည်း ထိုင်နေရုံသက်သက်ပဲ ။

ကောင်းလှချည်လားဗျာ ..... ခင်ဗျားတို့ ကံကောင်းတာပေါ့ဗျ ။ "


သူတို့မျက်နှာလေးတွေပေါ်မှာ မချိပြုံးလေးကို မြင်လိုက်ရတယ် ။


" ကျွန်တော့်စကား မဆုံးသေးဘူး အကိုရ .....

ထိုင်နေရတယ်ဆိုတာက လူစောင့်ပေးနေရတာ ဆိုပါတော့ ။ "


" အင်းလေ ..... လူစောင့်ပေးနေရုံပဲဆိုတော့ အေးဆေးပဲပေါ့ ။ "


" ဒီလို အကိုရ ..... ဟိုတယ်မှာ အခန်းလေးတွေ အများကြီးရှိတယ်လေ .....

အဲဒီအခန်းတွေထဲမှာ မိန်းကလေးတွေ ရှိတယ်

ပြည့်တန်ဆာတွေပဲ ဆိုပါတော့ ။ "


" ဟာ..... သွားပြီ ။ "


ကျွန်တော် ယောင်ယမ်းပြီး နူတ်ကထွက်သွားမိတယ် ။


" ဟုတ်တယ်အကို ..... အဲဒါ ပြည့်တန်ဆာတွေကို စောင့်ပေးရတဲ့ အလုပ်ဆိုပါတော့ .....

တစ်နေ့တော့ ..... ရဲတွေ ထရပ်ကားတွေနဲ့ ရောက်လာတယ်

ရှာဖွေရေးတွေမှာ သုံးတဲ့ခွေးတွေရော ပါတယ်လေ

အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ အော်ပရာစီ ဝင်တယ်ပဲ ပြောပါတော့ "


စိတ်ဝင်တစား နားထောင်နေရင်း ကျွန်တော့်ရင်ထဲ မွန်းကျပ်လာမိတယ် ။

သူက ဖျော့တော့တဲ့ အသံနဲ့ ဆက်ပြောပြတယ် ။


" ကျွန်တော်တို့ ဘယ်မှ ပြေးမရဘူးလေ မိန်းကလေးတွေရော ကျွန်တော်တို့ သုံးယောက်ပါ 

အဖမ်းခံလိုက်ရတာပေါ့ ။

မလေးရှားရဲ့ အထင်ကရ တီဗွီတစ်ခု ဖြစ်တဲ့ TV3 ပါတစ်ခါထဲပါလာတယ်လေ

အကုန်လုံးကို မှတ်တမ်းတင်ရိုက်ပြီး တီဗွီက လွှင့်တာပေါ့ ။ "


ကျွန်တော့်စိတ်ထဲ ကျလိကျလိဖြစ်သွားတယ် ။

ကရုဏာသက်မိတာရော ၊ ရယ်ချင်နေတာရော ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး ။



" ဟား..... ခင်ဗျားတို့က ဘယ်ဆိုးလို့လည်းဗျ .....

မလေးရှားနိုင်ငံရဲ့ အထင်ကရ TV3 ထဲတောင် ပါဖူးတယ် နည်းတဲ့ ကုသိုလ်မှတ်လို့ "


ကျွန်တော်ပြောရင်း ရယ်မောနေလိုက်မိတယ် ။

သူတို့လည်း ကျွန်တော့်စကားကြောင့် ရှက်ရွံ့နေတဲ့ အမူအယာတွေပျောက်ပြီး ၊

ထဲထဲဝင်ဝင် အတူတူ ရယ်မော ဖြစ်ကြတယ် ။


ဘဝဆိုတာ ဒီလိုပါပဲ ..... 

မထင်မှတ်တဲ့ ထောင့်ချိုးတွေက မထင်မှတ်တဲ့ မီးတောက် တစ်ချို့အတွက်

အထိတ်တလန့်ကြားထဲကနေ ရယ်မောနိုင်ဖို့ကိုလည်း

ကျွန်တော်တို့ ပြင်ဆင်ထားသင့်တယ် မဟုတ်လား ။




ညီလင်းနိုင် 



အခန်းဆက် ဆောင်းပါးရှည်မို့ လတ်တစ်လော ရေးပြီးသလောက်အထိပဲ 

ဘလော့မိတ်ဆွေတွေအတွက် တင်လိုက်ပါတယ် ။ 

လောလောဆယ် ဂျာနယ်တစ်စောင်နဲ့ ပြောထားပေမယ့် ၊ 

ကိုယ်တိုင် ခံစား ထိရှခဲ့ရတဲ့ အတွေ့အကြုံတွေမို့ ၊ 

ဒီစာမူဟာ မဂ္ဂဇင်းအတွက်ပဲ ဖြစ်သင့်တယ်လို့ ကျွန်တော် ယူဆမိတယ် ။ 

ဒါကြောင့် မဂ္ဂဇင်းတစ်ခုအထိ ဖြစ်မလာသေးရင် ၊ 

ဘယ်ဂျာနယ်မှာမှ မထည့်ဖို့ လောလောဆယ် ဆုံးဖြတ်ထားပါတယ် ။ 

အပိုင်းလိုက် ခွဲတင်မှာမို့ အခု အခန်း ၂ အထိကို အပိုင်း ၁ လို့ သတ်မှတ်ထားပါတယ် ။ 

နောက်ထပ် ဆက်တင်လာမယ့် အပိုင်းတွေအတွက် ၊ 

ဘလော့ဂါ မောင်နှမတွေအနေနဲ့

သည်းခံ စောင့်စားပေးကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ 






15 comments:

ဘ၀ထဲက အရောင်မျိုးစုံလင်တဲ့ ဒုက္ခပါလား...ဖတ်ရင်း စိတ်မကောင်း ဖြစ်မိတယ် ဒကာတော် ကိုညီလင်းနိုင်ရေ။

စကားမစပ် ဘုန်းဘုန်းဆိုဒ်တောင် လိပ်စာလေး ပြောင်းသွားပီ သည်လို ဖြစ်သွားပီ။ အားလပ်တဲ့အခါ ပြောင်းချိတ်ပေးစေချင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

 

ကိုညီလင်းနိုင်ရေ .. ဘ၀ထဲက ပုံရိပ်စစ်တွေနဲ့ ခံစားချက်အစစ်တွေကို ဖတ်ပြီးမျှဝေ ခံစားသွားတယ်နော် .. အားလုံးသော သူတွေကိုလည်း အားတင်းထားပါလို့ အားပေးစကားလေး ဆိုချင်ပါတယ် :)

 

အကိုရေ...စောင့်မှာပေါ့ဟ...မိုးနတ်အရမ်းကို စိတ်မကောင်းစွာနဲ့
စိတ်ဝင်တစား ဖတ်သွားပါတယ်....အကိုရေးထားတာ အရေးအသား
ပိုင်နိုင်လိုက်တာ အကိုရယ်..အထွေအထူးကြီး လက်စွမ်းပြမထားပဲနဲ့
ရေးဟန်က အရမ်းပေါ့ပါးပြီး စီနီယာ အရမ်းကျတယ်..
ရေးဟန်လေးကို အားကျပါတယ် အကိုတော်..
ဒါထက် အကိုရေ..တခုလောက် ကူပါအုံး...
မိုးနတ်လဲ ဖြစ်ဖူးတော့ ကိုယ်ချင်းစာမိတယ်...
မောင်လေး မိုးခကျော်သွင် ဆိုက်လေးလဲ မိုးနတ်တုန်းကလို
blog not found ဖြစ်နေတာ တွေ့ရတယ်...သူ့မေးလိပ်စာလဲ
မိုးနတ် မသိတော့ ဘယ်လိုကူရမှန်းမသိဘူးဖြစ်နေတယ်..
အကိုရော ကူညီပေးလို့ ရမလားဟင်.....
ခင်တဲ့....မိုးနတ်

 

အလင်းကိုရိတ်သိမ်းသူဟာ အမှောင်ဆိုရင်
ဘဝကိုရိတ်သိမ်းသူဟာ ကံကြမ္မာဖြစ်တယ်
အချစ်ကိုရိတ်သိမ်းတာကတော့နာကျင်ခြင်းများဖြစ်နေမလားနော်----
ဒီပိုစ်ေ့လေးမဖတ်ခင်ကတဲက ပွဲစားဆိုရင်(ပိုက်ဆံယူပြီး အလုပ်များလိမ်ညာသွင်းသူ)အရမ်းမုန်းနေခဲ့တာ ခုတော့ ပိုပြီးမုန်းတယ်
နိဗ္ဗန်တောင်သူတို့နဲ့ တူတူမသွားချင်ဘူး....
ဖတ်ကောင်းလွန်းလို့ စောင့်ဆိုလဲစောင့်ပါ့မယ် အားတာနဲ့တင်ပေးပါနော်

 

ဖတ်ရတာ စိတ်မကောင်းစရာပဲနော်. တကယ်ဖြစ်ပျက်နေတာတွေပေါ့

 

အစ်ကိုရေ . . . ကျနော်တော့ အစ်ကို့စာလေးဖတ်နေရင်းနဲ့ ကျနော့် အခန်းလေးတောင် ပျောက်ပြီး မမြင်ယောင်ကောင်းတဲ့ သံတိုင်တွေကြားက တရားရုံးတက်မဲ့ညလေး ကျနော်တို့ တွေ့ဖြစ်တဲ့ ညတွေကို မြင်ယောင်လာတယ်။
မမြင်ကောင်းမရောက်ကောင်းပေမယ့် မေ့ပစ်လို့မရ ဝယ်ယူလို့မရတဲ့ ဘဝအတွေ့ အကြုံ ပေါ့ဗျာ။ ။ ။
PS= ကျနော်တို့ အကြောင်းရောက်လာရင်တော့ ဇာတ်သိမ်းအထိပါတော့မှာပေါ့နော် . . . :)

 

တကယ့်အဖစ်အပျက်ပေါ့နော်..
အင်း..စိတ်မကောင်းပါဘူးအကိုရေ..

 

ဖတ်နေရင်းနဲ့ တစ်ကိုယ်လုံးထူပူသွားတာပဲအစ်ကိုရေ။နောက်လာမယ့်အခန်းဆက်တွေကိုလဲ မျှော်လင့်နေပါတယ်။

 

စိတ်ကူးသက်သက်နဲ့ ဖန်တီးယူလို့ မရတဲ့ ကျောရိုးတစ်ခု အပေါ်မှာ ညက်ညောတဲ့ အရေးအသားက အသာအယာပဲ ဆွဲခေါ်သွားခဲ့ပါတယ်..၊

လက်ဖက်ကောင်းကိုမှ ကြိုက်မိပြီ ဆိုတော့လည်း တောင်တက်နှေးတာကို ကျနော်တို့ ယိုးမယ်ဖွဲ့ဖို့ မရှိပါဘူးလေ...။

 

အရမ်းစိတ်ဝင်စားဖို့ ကောင်းလိုက်တာ
စောင့် မျှော်ဖတ်ရှု နေပါတယ် အစ်ကို ရေ
နောက်ထပ် အပိုင်းတွေမြန်မြန် တင်ပါနော်...

 

တစ်ကယ့်ဖြစ်ရပ်ဆိုတာကို သိလိုက်ရလို့ စိတ်မကောင်းဖြစ်မိပါတယ် အကို ....
အရေးအသားလေးတွေကကောင်းလွန်းလို့ ဇာတ်လမ်းလေးထဲမှာလည်း မျှောသွားခဲ့ရတယ်
ကျန်သေးတဲ့ အပိုင်းတွေကိုလည်း စောင့်မျှော်အားပေးနေမယ်နော် အကိုရေ
ဘ၀မှာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ တစ်ထပ်တည်းဖြစ်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

 

ဒီစာမျိုးက ပျံ့နှံ့လေကောင်းလေဖြစ်ပါတယ် ... သတင်းရသကို ထဲထဲဝင်ဝင်ပေးတာမို့ စောင့်ဖတ်နေပါ့မယ် ...

 

“ကျွန်တော် စတင် ကြုံတွေ့နေရပြီဖြစ်တဲ့ လှိုင်းတွေထဲမှာ ၊
ကျွန်တော့်ရဲ့ ဘဝလှေငယ်လေးကို ကြံ့ကြံ့ခံ ထူထောင်နိုင်ဖို့ ၊
ကျွန်တော့် စိတ်တွေကို ထက်ထက်မြက်မြက်သွေးထားမှ ဖြစ်တော့မယ် ။”
အစ်ကိုရဲ့ဖြစ်ရပ်လေးကို ဖတ်ရင်းစိတ်မကောင်းဖြစ်မိပါတယ် ... ဆက်ရန် ဆက်ရန်တွေ မျှော်နေပါ့မယ် ...

 

တကယ့်ကိုယ်တွေ့ဖြစ်၇ပ်မှန်လားနော်...
ဖတ်ရင်းနဲ့စိတ်တော်မကောင်းဘူး..ဇာတ်လမ်းထဲမှာမျောဝင်သွားတာပဲ...ဆက်ရန်လေး..မျှော်နေပါမယ်..

 

Post a Comment

Related Posts Plugin for WordPress, Blogger...