ညီလင်းနိုင်: သံသယဆူးတွေ စိုက်ဝင်နေတဲ့ ရာဇဝင်ထဲက မြို့တော်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

သံသယဆူးတွေ စိုက်ဝင်နေတဲ့ ရာဇဝင်ထဲက မြို့တော်











ငုံထားတဲ့အသံကို ဘယ်လို အမိုက်တရားနဲ့ ဖောက်ခွဲပစ်လိုက်ရမလဲ

သတ်ကွင်းလို နိစ္စဓူဝမှာ မြင်ကွင်းအနှံ့ဟာ ကြိမ်မီးအုံးငွေ့ရည်စွဲတယ်

ဘဝတိုတိုကိုလွယ်ပိုးထားရင်း ဒုက္ခရှည်ရှည်မြစ်ကိုပဲ အဆန်ကူးနေရ

ဆုတောင်းမှားတဲ့ ပုရပိုက်မှာ ကျိန်စာဟာ အစွယ်ငေါငေါ

လူကြီးမင်းရဲ့ ကတိကဝတ်ဆိုတာ ဆီသည်မလက်သုတ်ပဲ

အတွေးအခေါ်ဟာ အဆီရွှဲသလောက် လက်တွေ့ဟာ အရိုးများတယ်

အမှားအယွင်းဟာ အညှီစ အပေါ် ယင်အုံသလို တရွရွ တက်လာသလောက်

အမှန်တရားဟာ အမြစ်ဖြတ်ခံလိုက်ရသလို တုံးလုံးပက်လက် သေခန်းဖြတ်တယ်

ဆုပ်ကပ်ဟာ ဘဝကိုဆုတ်ဖြဲနေသလို အသိဥာဏ်ကိုပါ ဆုတ်ဖြဲတယ်

လက်ဖြတ်ခံထားရတဲ့ အကန်းကြီးလို နေ့နေ့ညည ရေမျောကမ်းတင်

သွေးနဲ့ရင်းလိုက်ရတဲ့အနာဂတ်မှာ ဘာမှမထူးခြားတာတစ်ခုပဲ ထူးခြားမှုရှိတယ်

ဘယ်အရာကိုမှ မယုံကြည်ရတာကိုပဲ ယုံကြည်လိုက်ကြစို့ရဲ့

မြို့ပြရဲ့သမီးပျိုဆိုတာ ဒေါင်းမြီးကွက် အကကို အနောက်ကနေ ကြည့်နေရသလို

အရှက်တရားဟာ ခွက်ထိုးခွက်လန် မချိသွားဖြဲ အော်ဂလီဆန်တယ်

ဘဝဆိုတာ မီးတောက်ကို မွေးဖွားဖို့ လွယ်ကူသလောက်

မီးတောက်ရဲ့ လားရာအရပ်ကို သံသရာတစ်ဆုံး ရှာမရနိုင်တာမျိုး

ပခြုပ်ထဲက အငုံ့စိတ်ဟာ ဘယ်တော့မှကို ပါးပျဉ်းထောင် ထမလာနိုင်တော့ဘူး

အဲဒီ အမှန်တရားကို လင်းလင်းချင်းချင်းဆွတ်ခူးပစ်လိုက်ဖို့ 

အရေပြားတွေကိုဆွဲလှန်ပြီး မီးရှို့ပစ်လိုက်ရင်တောင်

ငါတို့မြင်ကွင်းဟာ အမှောင်ရဲ့ လက်တော်မှာ သံခြေကျင်းအထပ်ထပ်နဲ့

ကိုယ်စီကိုယ်ငှ အကျဉ်းကျနေရတုန်း ။ 







ညီလင်းနိုင် 







13 comments:

အားပေးခဲ့ပါတယ်...ချင်....

 

အတွေးအခေါ်ဟာ အဆီရွှဲသလောက် လက်တွေ့ဟာ အရိုးများတယ်
အဲဒီ အမှန်တရားကို လင်းလင်းချင်းချင်းဆွတ်ခူးပစ်လိုက်ဖို့

အရေပြားတွေကိုဆွဲလှန်ပြီး မီးရှို့ပစ်လိုက်ရင်တောင်

ငါတို့မြင်ကွင်းဟာ အမှောင်ရဲ့ လက်တော်မှာ သံခြေကျင်းအထပ်ထပ်နဲ့

ကိုယ်စီကိုယ်ငှ အကျဉ်းကျနေရတုန်း ။
အကုန်လုံးကောင်းတယ်..
ကဗျာလေးလာဖတ်သွားပါတယ်အကိုရေ..း)

 

ဆုတောင်းမှားတဲ့ ပုရပိုက်မှာ ကျိန်စာဟာ အစွယ်ငေါငေါ

လူကြီးမင်းရဲ့ ကတိကဝတ်ဆိုတာ ဆီသည်မလက်သုတ်ပဲ

အတွေးအခေါ်ဟာ အဆီရွှဲသလောက် လက်တွေ့ဟာ အရိုးများတယ်

အမှားအယွင်းဟာ အညှီစ အပေါ် ယင်အုံသလို တရွရွ တက်လာသလောက်


ဖတ်ရှုခဲ့ပါတယ်ရှင် ..............။

 

အဓိပ္ပာယ်ရှိလွန်းလှတဲ့ ကဗျာလေးတစ်ပုဒ်ကိုခံစားသွားပါတယ်ဗျာ
နှစ်သစ်မှာစိတ်သစ်ကိုယ်သစ်နဲ့ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

 

ဟုတ်ပဟုတ်ပ။ အမှန်တရား အမြစ်ဖြတ်ခံထားရတာ။ အမှားတွေပဲမင်းမူနေကြတယ်အစ်ကိုရေ။

 

ခေါင်းစဉ်တော့ ကြိုက်တယ် :P

 

လူကြီးမင်းရဲ့ ကတိကဝတ်ဆိုတာ ဆီသည်မလက်သုတ်ပဲ
အတွေးအခေါ်ဟာ အဆီရွှဲသလောက် လက်တွေ့ဟာ အရိုးများတယ်
စကားလုံးသုံးထားတာတွေ မိုက်တယ်ကိုညီလင်းရေ.....

 

အစ်ကို ညီမဘလော့မှာ ချက်ဘောက်ရှိပါတယ်။ အကူအညီတစ်ခုတော့တောင်းချင်ပါတယ်အစ်ကို။ ပို့စ်တွေအောက်မှာ ဖေ့ဘုတ် like button နဲ့ ကွန်မန့်ဘောက်ထည့်ချင်တာလုပ်ကြည့်တာမရလို့ပါအစ်ကို။

 

လူကြီးမင်းရဲ့ ကတိကဝတ်ဆိုတာ ဆီသည်မလက်သုတ်ပဲ ဟဟဟဟဟ အရမ်းမိုက်တယ်။ တော်တော် တော်တဲ့အစ်ကို :D

 

သံသယတွေ ရှိသရွေ့ လင်းပွင့်မှုဟာ အကျဉ်းသား ဆိုတာ သေချာခဲ့ပါတယ် ...

 

စကားလုံးတွေက အလန်းစားပါလား အကိုရ.......
ခေါင်းစဉ်မှာကိုက ကြွေနေတာ......ဘာတဲ့...
“သံသယဆူးတွေ စိုက်ဝင်နေတဲ့ ရာဇ၀င်ထဲက မြို့တော်” ဆိုပဲ
မိုက်တယ် အကိုရေ....ခံစားခဲ့ပါတယ်နော်..
ပြီးတော့လေ....ဟို...ရဲရဲဝံ့ဝံ့နဲ့ခေါ်ပါလို့....
မိုးနတ်က ညီမလေးပါ....:)

 

ဘဝဆိုတာ မီးတောက်ကို မွေးဖွားဖို့ လွယ်ကူသလောက်

မီးတောက်ရဲ့ လားရာအရပ်ကို သံသရာတစ်ဆုံး ရှာမရနိုင်တာမျိုး

မိုက်တယ် :))

 

စကားလုံးတွေကတော့ အမြဲလန်းနေပါတယ်...

 

Post a Comment

Related Posts Plugin for WordPress, Blogger...