ညီလင်းနိုင်: မင်း/ငါ မရှိတော့ဘူးဆိုရင် ဟောဒီကမ္ဘာကြီးကို ဘယ်သူ့လက်အပ်ထားခဲ့ရမလဲ - ၂

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

မင်း/ငါ မရှိတော့ဘူးဆိုရင် ဟောဒီကမ္ဘာကြီးကို ဘယ်သူ့လက်အပ်ထားခဲ့ရမလဲ - ၂







ကမ္မသတ္တိကြောင့်ပဲလူ့ဘဝကိုရရ ဘုရားသခင်ကြောင့်ပဲ လူ့ဘဝကိုရရ


ဝါဒတစ်ခုကြောင့် လူ့ဘဝမဆုံးရှုံးစေရဘူး ဝါဒတစ်ခုကြောင့် လူ့ဘုံကို မီးမြှိုက်မခံနိုင်ဘူး


တည်တည်တံ့တံ့ပြောကြေးဆို ငါ့စေတီပုထိုးတွေတည်တံ့နေစေဖို့ ငါအသက်ဆက်ရှင်နေရမှာ ဖြစ်သလို


မင်းရဲ့ဘုရားကျောင်းလေးပြိုလဲမသွားဖို့ မင်းအသက်ကို ငါ့နှလုံးသားနဲ့ ကျားကန်ပေးထားမယ်


ရှေ့စိတ်ဟာဘရိတ်ပေါက်နေပါစေ နောက်စိတ်မှာ နှင်တံနဲ့ / ဆင်ခြင်ဥာဏ်နဲ့


နောက်စိတ်ကဇက်ကြိုးကို နောက်ထပ် နည်းနည်းလေးမှ လက်မလွတ်စေနဲ့


လူတစ်ယောက်ရဲ့ စကားတစ်ခွန်း လူ့အဖွဲ့အစည်းကို ဘယ်လောက်ကိုယ်စားပြုသလဲ


လူ့အဖွဲ့အစည်းတစ်ခုရဲ့ စကားတစ်ခွန်း လူ့လောကကို ဘယ်လောက် ကိုယ်စားပြုသလဲ


လူ့လောကရဲ့ စကားတစ်ခွန်း ကမ္ဘာကြီးကို ဘယ်လောက် ကိုယ်စားပြုသလဲ


လူ့သမိုင်းရဲ့ ရာဇဝင်တွေထဲ ဘယ်စစ်ပွဲကများ ချိုမြိန်ခဲ့ဖူးသလဲ


ချောင်ပိတ်ရိုက်ခံလိုက်ရတဲ့ ခွေးအဖျင်းတစ်ကောင်လို တဖျောဖျောသွန်ကျလာတဲ့မီးကျည်ခဲတွေကြားထဲမှာ


မျက်တွင်းဟောက်ပက်မေးခွန်းဟာ တရိရိလောင်လို့ တမြေ့မြေ့ကျွမ်းလို့ .....


အကြမ်းဖက်မှုဟာမျက်နှာဖုံးနဲ့ ပဋိပက္ခဟာအကယ်ဒမီရှော့ခ်နဲ့ အသက်တစ်ရာရှည်ရဖို့ စိတ်အလွှာရှည်ကြမှဖြစ်မယ်


မှန်ကွဲစတွေမှာဆက်ထုံးရှာမိသလို ဆီပူပူထဲ ငါးမဒန်းကလေး ကန်ချခံလိုက်ရသလို


အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ပစ်လိုက်လို့မရဘူး


ခံတွင်းထဲမီးတောင်ထည့်ပြီး စိတ်ကိုမောင်းဖြုတ်ချလိုက်သလို ကောလဟာလဆိုတာကြီးကလည်း ဗလုံးဗထွေး


အမှောင်ဖီးဖီးကြီးတက်နင်းခံလိုက်ရတဲ့ အလင်းတစ်စလို အလဲထိုးခံလိုက်ရတဲ့ ရိုးသားမှုကို


အပ်နဖားပေါက်ကလေးထဲ ချည်မျှင်သွင်းသလို စိတ်တစ်မျှင်ချင်းခွာရင်း ပြန်ပြန်အသက်သွင်းလာရတာ နှစ် ၅၀ ကျော်ကြာပြီ


အရေးပေါ်ကြေညာချက်


အရေးပေါ်ကြေညာချက်


အရေးပေါ်ကြေညာချက်


အရေးပေါ်ကြေညာချက်


ပြာကျနေတဲ့ အရိုးတွေခွာချပြီး ဝတ်လစ်စလစ်စိတ်နဲ့ မြင်ကွင်းကို ကြည့်လိုက်ရင်


အပျိုဖြန်းကလေးရဲ့နိုင်ငံတော်မှာ အဆင်းဘီးတပ်ထားလိုက်ပုံများ


စိုက်လိုက်မတ်တပ်သာလျှောက်ပါ လမ်းဆုံးရင် ချောက်ရှိသတဲ့။





ညီလင်းနိုင်




3 comments:

အပျိုဖြန်းကလေးရဲ့နိုင်ငံတော်မှာ အဆင်းဘီးတပ်ထားလိုက်ပုံများ


စိုက်လိုက်မတ်တပ်သာလျှောက်ပါ လမ်းဆုံးရင် ချောက်ရှိသတဲ့။
မြန်မာနိုင်ငံ အပျိုဖြန်းကလေး။ ဂရုစိုက်ကြရမယ်။


 

ကိုညီလင်းနိုင်ရေ.... သိပ်ကြိုက် :)

 

စာသားတွေလှချက်..

ဦးညီ.. ရိုးသားခြင်းက အနိုင်ကျင့်ခံရဖို့လားးးး

 

Post a Comment

Related Posts Plugin for WordPress, Blogger...