ညီလင်းနိုင်: အမှန်ပြောရရင် ဟောဒီတစ်ညလုံး ကိုယ့်စိတ်ကို Suicide လုပ်ပစ်လိုက်မိတယ်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အမှန်ပြောရရင် ဟောဒီတစ်ညလုံး ကိုယ့်စိတ်ကို Suicide လုပ်ပစ်လိုက်မိတယ်




အဖြစ်အပျက်က အလျင်မပြတ်ဘူး အခိုးအငွေ့တွေတဖွဲဖွဲသားပေါက်နေသလို မြင်ကွင်းဟာအူသံရှည်လွန်းတယ်

ဂလိုဘယ်ဆက်ဆံရေးဟာ တစ်ခါသုံးတစ်သျှူး .....

အဆင်း/အသံ /အနံ့ / အရသာ/ ချစ်ခြင်းမေတ္တာနဲ့ လိင်ကိစ္စအဆုံး Enter ကနေထုတ်လုပ်တယ်

ရိုးသားမှုမရှိပဲပွင့်လင်းပြနေတာ ဆူးခက်ခြုံထားတဲ့အပျိုစင်ကို ဝတ်လစ်စလစ်မြင်နေရသလိုမျိုး

ဒီအရိပ်ရဲ့လောင်ကျွမ်းတရားမှာ အသိဥာဏ်တစ်ခုလုံး သွေးသံရဲရဲ

DUN-HILL တစ်ဗူးကုန်သွားပြီ ဂစ်တာကြိုး နှစ်ချောင်းပြတ်သွားပြီ ညရဲ့ခေါ်သံတွေ စိတ်နဲ့ဆတ်ဆတ်မကြားရသေးဘူး

တသွင်သွင်ငြိမ့်နေတဲ့မြစ်ရေတွေ တညီးညီးလောင်မသွားဖို့ ငါ့လက်နှစ်ဖက်ကို ဝကွက်ဖြတ်ပစ်လိုက်ရတယ်

တစ်သက်လုံးမရေးဖြစ်သေးတဲ့ ပေးစာတစ်စောင်မှာ မင်းနာမည်နဲ့ ကိုယ့်လက်မှတ်အပေါ်

ညဝေးကြယ်တွေ ခြေချင်းထပ်နေတုန်းပဲ Honey

ဆွဲမထုတ်ရသေးတဲ့ နောက်ဆုံးဖဲချပ်မှာ အသေခံဗုံးခွဲသမားလည်း ရှိနိုင်သလို၊

သူတော်စင်လည်း ရှိနိုင်တယ်လို့  ငါယုံကြည်နေပါရစေ

စိတ်လွတ်ကိုယ်လွတ် ပြုံးပြပစ်လိုက်ဖို့ နိဒါန်းဟာ ပင့်ကူမျှင်တွေလို အဆုပ်လိုက်/အထွေးလိုက် အသက်ငင်နေတယ်

တစ်ယောက်ထဲ အခန်းထောင့်မှာ တိတ်ဆိတ်မှုကို မီးဖွားနေတုန်း ..... ပိရမစ်တွေထဲက မံမီတွေ ညကြီးမင်းကြီး ထ ထ လွမ်းသလို

အဲဒီကျိန်စာတွေကို ဆက်မရွတ်တော့တာ ကောင်းမယ်

နှစ်တွေထီးထီးမားမားရှည်လာသလို  မြွေပွေးတွေကျောခင်းထားတဲ့လမ်းကြီးထဲ စိတ်တစ်ခုလုံး ရက်ရက်ရောရော

ထိုးကျွေးထားရတယ်

ဘဝလည်းဘဝအလျောက် သံသရာလည်းသံသရာအလျောက် အဲဒီရေးလက်စသေတမ်းစာဟာ ရေဒီယိုနဲ့

အဆက်အသွယ်မရသေးဘူး

အရူးမီးဝိုင်းတဲ့ဇာတ်မဟုတ်ပါဘူး အဆုံးမရှိတဲ့ ကြိုးတန်းပေါ် ဓားကိုက်ပြီး ဇောက်ထိုးလျှောက်နေတာ

တစ်ပွင့်ကြွေသွားရင် တစ်တောလုံး တော်လဲပစ်လိုက်ဖို့ ဒီစည်းထဲကနေ မင်း ထွက်မသွားဖို့တော့ လိုမယ်

ခေါင်းတိုင်ထဲကအခိုးအငွေ့တွေလို နောက်ဆုံး ထမြောက်ခြင်းအဖြစ် တလူလူ ပျံတက်ပစ်လိုက်ဖို့

ဘဝအကြမ်းကြီးရဲ့နောက်ဆုံးတစ်စပြင်မှာ နောက်ဆုံးဝင်သက်ကို နောက်ဆုံးအသိနဲ့ နောက်ဆုံးထိဆွဲဆန့်ထားရတယ်။






ညီလင်းနိုင်





5 comments:

တော်သေးတယ်..စိတ်ကို suicide
လုပ်ပစ်နိုင်လို့နော်..

 

တော်ပါသေးရဲံ စိတ်ကိုလုပ်လို့

 

အရူးမီးဝိုင်းဆိုတဲ့စကားကို အခုခံစားနေရတယ်..........း(

 

စိတ်ကိုပဲ suicide လုပ်နော် အစ်ကိုရေ ...“နောက်ဆုံးဝင်သက်ကို နောက်ဆုံးအသိနဲ့ နောက်ဆုံးထိဆွဲဆန့်ထားရတယ်။” ... :)

 

Post a Comment

Related Posts Plugin for WordPress, Blogger...