ညီလင်းနိုင်: ကွာလာလမ်ပူမြို့ကြီးနဲ့ ဖုန်းပြောဖြစ်ခဲ့တယ်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ကွာလာလမ်ပူမြို့ကြီးနဲ့ ဖုန်းပြောဖြစ်ခဲ့တယ်





ကိုယ့်အရိပ်ကို မြွေထင်လို့ ထခုန်နေရတာ မဟုတ်ဘူး

ဆောက်သွားလို သတင်းတွေနဲ့ နားစည်ဝအပျိုရည်အဖျက်ခံရတာ

အလိုတူတူ မတူတူ သတ်ကွင်းထဲရောက်ခဲ့ကြပြီပဲ သူငယ်ချင်း

ငါတို့စိတ်မှာတပ်ထားတဲ့ အသိဥာဏ်အင်ဂျင်နဲ့ လောကဓံဆူးတောထဲ

ရထားလိုခုတ်မောင်းသွားကြရုံမဟုတ်လား

အခု ငါ့အသံဟာ ကြိုးစင်ပေါ် အကန်းလို တွားတက်နေရတဲ့ ခြေလှမ်း

လူယဉ်ကျေးတို့ ကမ္ဘာထဲ ဝါဒမီးခိုးမျှင်တွေကြားမှာ အထပ်ထပ် မွန်းကျပ်နေရတဲ့ အသက်ဓာတ်

ငါ့သူငယ်အိမ်ထဲ ဓားလိုခွဲဝင်လာတဲ့မြင်ကွင်းမှာ မီးစွဲလောင်နေတဲ့ မင်းအလောင်းကို ငါတွေ့ခဲ့တယ်

မင်း ..... သွားနှင့်လိုက်ပါ သူငယ်ချင်း

ဝါဒတရားအတွက် အသက်တရားပေါ်ဓားတင်နေတဲ့ လူယဉ်ကျေးတွေရဲ့ ကမ္ဘာကြီးကို

စိတ်ချ လက်ချ မင်းထားပစ်ခဲ့လိုက်ပါတော့

မျက်တွင်းဟောက်ပက်မနက်ခင်းတွေကို အရိုးပေါ်အရေတင်သက်ပြင်းတွေနဲ့ ငါ နူတ်ဆက်ကျန်ခဲ့မယ်

ရှင်သန်ခြင်းကို ဘုရားလိုကိုးကွယ်ထားပါလျက်နဲ့

အသက်ဓာတ်ကို အမိုက်တရားကြားထဲ ထိုး ထိုး ထည့်ဖွက်နေရတဲ့ဘုံ



ကျည်တစ်ထောင့်ထဲထည့်ထားတဲ့ သေနတ်ဆိုပေမယ့် ဘယ်မောင်းချက်ကိုမှ လက်တည့်မစမ်းရဲသလို

ဟောဒီအမိုက်တိုက်ကြီးထဲ ငါ့ရန်သူဟာ ငါကိုယ်တိုင်ဖြစ်ဖြစ်သွားခဲ့သေးတာပဲ မဟုတ်လား

ဘယ်လိုလဲ သူငယ်ချင်း .....

ငါ့အသံဟာငါ့လည်မျိုမှာ သန္ဓေသားလို ပျက်ကျသွားခဲ့တာ မင်းမြင်လား

ဘဝတွေကိုရိုက်ခွဲ အသိဥာဏ်တွေကိုရိုက်ခွဲ

ကိုယ့်ကိုယ်ကို တစ္ဆေတစ်ကောင်လို ချောင်းကြည့်နေရတဲ့ဖြစ်စဉ်

သံသယဓားဟာ ရှင်သန်ခြင်းနောက်ကျောကို မုဒိမ်းဝင်ကျင့်တယ်

ခြေသုတ်ဝတ်လို ခွေခေါက်ကျိုးနွံနေတဲ့စိတ် ဝေးကွာခြင်းကြားထဲစိုက်ဝင်နေတဲ့ နာကျင်မှုမှာ

ချစ်ခြင်းမေတ္တာဟာ သွေးအလူးလူး Bed Of Roses သီချင်းနဲ့ ငါ့ညတွေ ရွှဲရွှဲစိုအောင် ရူးသွားခဲ့ပေါ့

ငါ့နားစည်အိမ်ထဲ ရထားတစ်စင်းလို မောင်းဝင်လာခဲ့လိုက်ပါတော့ Lamb Of God

ဘဝအကြမ်းကြီးရဲ့ နောက်ဆုံးသော ကောက်ရိုးတစ်မျှင် ချစ်ခြင်းတရားမှာတောင်

ခုတ်သားစတွေလို သွေးသံရဲရဲ သွေးသွန်နေရတဲ့ မြင်ကွင်း

လည်မျိုဆီ ပြုံးပြုံးကြီး တိုးဝင်လာတဲ့ဓားအပေါ် ညှို့ကွင်းမိနေတဲ့စိတ်

ငါ့မနက်ဖြန်တွေကို ဖျာလိုလိပ်ပြီး လူယဉ်ကျေးတို့ဆီ အီးမေးလ်ပို့ထားခဲ့လိုက်မယ်

အသွားအလာ ဂရုစိုက်သားကြီး .....

မိုးပြိုသည်ဖြစ်စေ မပြိုသည်ဖြစ်စေ ငါတို့ဟာ အမိမဲ့သား ဘဝနင်းပြားတွေ

လူကြီးမင်းရဲ့ ကရုဏာဆိုတာ စိတ်အမြှေးပါးလွှာထဲ ကျွတ်ကျန်နေရစ်ခဲ့တဲ့ ကွန်ဒုံး

ဆီလီကွန်ဆက်ဆံရေး တစ်ခါသုံးတစ်သျှူး အာသာပြေဖြတ်ဖောက်ချုပ်

လူယောင်ဆောင်ထားတဲ့ ချိုကုပ်ဖျားမှာ မေတ္တာတရားသွေးဆုံးသွားခဲ့တာကြာပြီ

" ထွေးထုတ်လိုက် ..... ထွေးထုတ်လိုက်သားကြီး .....

ဝဋ်နာကံနာလို ဟောဒီလောကီကြောင့် ရတဲ့ကိုယ်ဝန် ပျို့တက်လာသမျှ ချဉ်ခြင်းတွေကို

မင်းစိတ်သားအိမ်လွှာကြီးထဲကနေ ခါးခါးသီးသီး ထွေးထုတ်ပစ်လိုက် "

ရဲရင့်ခြင်းဟာ အသိပညာလို့ ခင်ဗျားဖွင့်ဆိုခဲ့ရင်

ခေတ်ကြီးတစ်ခုလုံးရဲ့ ရိုက်မောင်းပုတ်မောင်းအစွယ်ကြားထဲ သွေးသံရဲရဲ ကျုံးသွင်းခံနေရတဲ့သူတွေကို

အသိပညာမဲ့သူတွေလို့ ခင်ဗျားစွပ်စွဲရက်ပါဦးမလား Mr Socrates

အမှားဟာ ဓားလို ထက်ရှနေခဲ့လို့ အမှန်တရားကို ခင်ဗျားအသက်နဲ့ လဲယူသွားခဲ့တာပဲ မဟုတ်လား

ဆက်လျှောက် ..... ငါတို့ စိတ်အလွှာထဲ လောင်နေတဲ့မီးတွေနဲ့

မိသားစု လမ်းတွေကိုလင်းနေအောင် ဆက်လျှောက် .....

လူသတ်ပက်စက်လွန်းတဲ့ ဟောဒီခေတ်ကြီးကို ဒီမိုကရေစီလို့တော့ နာမည်မတပ်ချင်ဘူး

ငါ့သွေးကြောတွေဟာ ငါ့ဝိုင်ယာကြိုးတွေပါပဲ ညီမလေး .....

ဖြစ်လွယ်ပျက်လွယ်ပေမယ့် မင်းနာမည်လေး ပလပ်ပေါက်ထဲထိုးထည့်လိုက်ရုံနဲ့

ညကြီးမင်းကြီး ထ ထပြီး အမုန်းလင်းနေခဲ့ရတဲ့ကောင်ပေါ့

ကိုယ့်ဆူးကိုယ်ထွင်နေရတာနဲ့ပဲ ကိုယ့်သတင်းကို သူများလိုက်မေးနေခဲ့ရတဲ့ကောင်

စိတ်ကိုအနုကြမ်းစီးထားတဲ့ သတင်းတွေနဲ့ မနက်ခင်းကို အမြဲတွန်းဖွင့်နေရတယ်

ခွေးတွေလို ထိုးထိုးဟောင်နေတဲ့ခေတ်ကြီးထဲ

ကိုယ့်အသက်ကိုယ် ညညဆို သားဦးကလေးလို ထထ စမ်းကြည့်နေရ

" အခြေအနေထူးရင်ပြောဦး သားကြီး .....

အေး.... ငါကတော့ ခြေစလှမ်းသည်ဖြစ်စေ ထိုင်နေမတ်တပ်ဖြစ်စေ

ငါအခု အသက်နဲ့ထပ်တူ လွယ်ထားရတာက သရဏဂုံပေါ့ သူငယ်ချင်း "




ညီလင်းနိုင်





0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...