ညီလင်းနိုင်: သားသတ်ကွင်းထဲက နေလောင်သစ်သီးများ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

သားသတ်ကွင်းထဲက နေလောင်သစ်သီးများ





ထမင်းသိုးကို ခွေးအငတ်လှမ်းဟပ်သလို မေတ္တာအတုတွေနဲ့ပဲ အငမ်းမရအာသာဖြေနေရ

နေ့စဉ်သတင်းစာလို ဝမ်းရေးဟာ ဘဝအမြှေးပါးထဲ အဓမ္မရိုက်သွင်းခံနေရတဲ့သပ်တစ်ချောင်း

ညညဆို သောကလောင်စာတွေနဲ့ပဲ မီးလင်းဖိုလို မိုးအလင်း ကျွမ်းလောင်ပစ်ခဲ့ရ

အရေဆုတ်ခံထားရတဲ့သားကောင်လို ကိုယ့်ဒဏ်ရာကို ကိုယ်တိုင်ငေးကြည့်နေရတဲ့အဖြစ်

တစ်ယောက်ရဲ့လောင်ကျွမ်းမှုကို တစ်ယောက်က စုံလုံးကန်းထားရ

တစ်ယောက်ရဲ့ပျက်ကျမှုအပေါ် တစ်ယောက်က မျက်နှာလွှဲထားရ

အမှန်တရားကိုသယ်ဆောင်လာမယ့် ကာလယန္တယားကြီးအတွက်

ငါတို့ဦးခေါင်းတွေကို သံလမ်းပေါ် ဝကွက် ထိုးအပ်ထားခဲ့ကြတယ်

ခေတ်ကြီးတစ်ခုလုံးရဲ့ ရိုက်မောင်းပုတ်မောင်းထဲ ပုတ်ရိနေတဲ့စိတ်အလွှာဟာ

နေလောင်သစ်ရွက်တွေလို တဖြုတ်ဖြုတ်ကြွေလို့ တဖျတ်ဖျတ်ပဲ့လို့

အရေခွံလဲပစ်လိုက်ရုံနဲ့ ဘဝပြောင်းမသွားတဲ့ မြွေတစ်ကောင်ရဲ့ဖြောင့်ချက်ဆိုတာ

ငါတို့သွေးကြောထဲက တဆတ်ဆတ်ခုန်နေတဲ့ နေ့စဉ်ချွတ်ခြုံကျလာတဲ့အဆိပ်ပဲ



ရင်သားထဲဖောက်ထည့်ခံထားရတဲ့ ဆီလီကွန်လို

လိင်စိတ်ကြွလာတိုင်း မဆီမဆိုင် လက်ရောင်လိုက်ပေးနေရတဲ့ဘဝ

အရိုးရင့်နေတဲ့အဆန်တရားပေါ် ရိုးသားမှုအတွက် အရိုးကွဲအောင်ထိ ငါတို့လျှောက်ခဲ့ကြတယ်

ကျည်ဆံတွေဖွေးဖွေးလှုပ်နေတဲ့သတ်ကွင်းထဲ ဝမ်းစာရှာရသလို

ကိုယ်ကျင့်တရားဟာ ဘဝရဲ့ နောက်ဆုံးသော ကတုတ်ကျင်း

ကိုယ့်လည်မျိုပေါ် ကိုယ်စီဓားတင်ပြီးပြောရရင်

ငါတို့ရဲ့ကြွယ်ဝမှုဆိုတာ နာကျင်မှုတွေနဲ့လိမ်းကျံထားတဲ့ဝါကျပဲဖြစ်တယ်

ညီမလေးလည်းချုပ်ရာတွေနဲ့ လောကဓံရဲ့ မယားငယ်အဖြစ် မီးကုန်ယမ်းကုန်ပွင့်ထွက်ခဲ့ရသလို

ကျွန်တော့်မှာလည်းနွံလူးကျွဲလို လူယဉ်ကျေးတို့ခြေရာတွေနဲ့ပဲ မနက်ခင်းတိုင်းကို မျက်နှာသစ်ခဲ့ရ

စစ်ပြေးလမ်းပေါ်ရင်နဲ့တွားတက်နေရသလို

တစ်နပ်စာအတွက်ကိုပဲ အသက်တာနဲ့ လောင်းကြေးထပ်နေရတယ်

ဆာလောင်သူတွေရဲ့နူတ်ခမ်းပေါ် ငွေကြေးနဲ့ ခြေထိုးပြီး အပျိုရည်ဖျက်နေတဲ့မြင်ကွင်း

လောကရဲ့သစ္စာတရားကိုမှ အာဏာရူးတွေက အကြိမ်ကြိမ် ခြေတော်တင်ခဲ့ကြတယ်

လင်ကောင်မပေါ်ပဲရတဲ့သန္ဓေသားလို ဟောဒီ လူ့ဘုံခမ်းဝါသားအိမ်ကြီးထဲ

ငါတို့ရဲ့ ကောက်ရိုးတစ်မျှင်အနာဂတ်တွေဟာ သွေးသံရဲရဲ ပျက်ကျသွားခဲ့ကြ




ညီလင်းနိုင်





0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...