ညီလင်းနိုင်: မီးလောင်နေတဲ့ အကျဉ်းသား

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

မီးလောင်နေတဲ့ အကျဉ်းသား





ဘာအတွက်အသက်ဆက်ရှင်သန်မလဲ ..... ဖျားနာနေတဲ့မေးခွန်းထဲ စိတ်အမျှင်ဟာ တငွေ့ငွေ့

" ကောင်းကင် " ဝါကျကို မြေသားထဲ လက်တစ်ဆန့်စာနဲ့ နှိုက်ရှာနေရသလို

အဆက်အသွယ်ပြတ်တောက်နေတဲ့ ဘဝထဲမှာ မျှော်လင့်ချက်ဟာ တမလွန်ကတစ္ဆေတစ်ကောင်

အသက်ရှင်နေတဲ့တံတားကြီးလို ကျောပေါ်က ခြေရာတွေကို

အထပ်ထပ်ပွတ်သပ်လို့ အထပ်ထပ်ငေးမောလို့

စိတ်တစ်ဆုံးလွှင့်တင်ထားတဲ့ ခံနိုင်ရည်ထဲမှာ ကိုယ့်အသက်ဇီဝကို အငမ်းမရဖြဲရှာနေရတယ်

နံရံမှာရေးထွင်းထားတဲ့မြို့ကြီး ကွဲကြေတိမ်းပါးသွားခဲ့ချိန် အညိုးတကြီးနဲ့ စွတ်စိုလာတဲ့မီးတောက်

သေမင်းနဲ့ချိန်းဆိုထားတဲ့ညလို သံသရာဆီ တစ်ရစ်ခြင်း တဖျတ်ဖျတ် လွင့်မျောနေတဲ့စိတ်

သားအိမ်တုကြီးထဲ အက္ခရာအစအဆုံး မျိုးစပ်ထားခဲ့သမျှဆန္ဒမှာ

" နာကျင်မှု " ဝါကျတစ်ခုပဲ လူ့ဘဝကနေရရှိခဲ့တယ်

ဝင်သက်ထွက်သက်နဲ့အမျှ တစ်ဘဝစာ ကီးဝင်နေတဲ့ ဆာလောင်မှု

လွတ်ရက်ပျောက်ဆုံးနေတဲ့ သံသယအကျဉ်းသားတစ်ယောက်ရဲ့ ငေါထွက်လာတဲ့ နာကျည်းစိတ်

အနာဂတ်ရဲ့ညအကန်းကြီးထဲ လိုအပ်နေခဲ့တဲ့ စိတ်တဖျတ်စာမီးတောက်

အလိုမတူပဲသွေးကြောထဲထိုးသွင်းခံထားရတဲ့ စိတ်ကျရောဂါ



ချောင်ပိတ်ရိုက်ခံလိုက်ရတဲ့ ခွေးတစ်ကောင်လို အပ်နဖားပေါက်ထဲ မချိမဆန့်တိုးဝင်နေရတဲ့အသံ

ဘဝထဲဖိတ်ကျလာတဲ့မီးတောက်ကို ဒုက္ခလောင်စာတွေနဲ့မှ တည့်တည့်ကြီး ဝါးကူထိုးလိုက်မိတဲ့အဖြစ်

အရေပြားအာသာဖြေမှုကို သန္ဓေသားအဖြစ်နဲ့လက်ဝင်လျှိုရပြီး တားဆေးနဲ့ဖျက်ချခံလိုက်ရသလို

မြေနိမ့်ရာမိလ္လာစွန့်တဲ့ ဟောဒီလူ့ယဉ်ကျေးဘုံကြီးထဲ

စိတ်ဟာ အမြှေးပါးလို လွယ်လွယ်စုတ်ပြတ်သွားခဲ့တယ်

ဘယ်လိုဓားမျိုးဖြစ်စေ ရန်သူ့သွေးကို ဆာလောင်တတ်ဖို့သာအမှန်တရား

အဲဒီအမှားနဲ့ ရန်မလိုတဲ့ငါ လောကရဲ့လမ်းတွေပေါ် သွေးသံရဲရဲ ပျက်ကျသွားခဲ့ရ

မီးကုန်ယမ်းကုန်တိတ်ဆိတ်ထားတဲ့ အသံဟာ လတ်ဆတ်တဲ့ ဓားဒဏ်ရာပေါ်မှာ လျှာတန်းလန်း

စိတ်တစ်ခုန်စာရွှေ့မရဘူး စိတ်တစ်ခုန်စာမေ့မရဘူး

နာကျင်စိတ်ဟာ ဘယ်တော့မှသွေးမတိတ်မယ့် အသားပိုဇာတိရဲ့ ဒုတိယအသက်

မင်းရွေးချယ်သွားတဲ့ အမှန်တရားဆိုတာ ငါ့အတွက် စုံလုံးကန်းနေခဲ့ရတဲ့စာမျက်နှာတွေပါ ညီမလေး

ငါကဝမ်းနည်းလွယ်သူပါ ငါက ထိရှလွယ်သူပါ

ဘာကိုမှလွယ်လွယ်မရတဲ့ ဟောဒီလူ့ယဉ်ကျေးအလွှာကြီးထဲ

သွေးဆာနေတဲ့ ကျည်ဆန်တွေစားသုံးဖို့ ငါ့နားထင်ကို ပစ်ကွင်းထဲထိုးထည့်ပေးထားခဲ့တယ်





ညီလင်းနိုင်





0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...