ညီလင်းနိုင်: အွန်လိုင်း လူငယ် ကဗျာ စကားဝိုင်း အမေးအဖြေများ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အွန်လိုင်း လူငယ် ကဗျာ စကားဝိုင်း အမေးအဖြေများ




 19 June 2013 at 00:53



မေး = ဆရာအောင်ရင်ငြိမ်း

ဖြေ = ညီလင်းနိုင်



၁။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေဆက် မဖန်တီးနိုင်တော့ဘဲခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကို ပြောပါဦး။


၁။ လူတွေကြောင့် ခေတ်ဟာရွေ့နေတယ်၊ ရွေ့နေတဲ့ခေတ်နဲ့အညီ

ခေတ်အဆက်ဆက်က ကဗျာဆရာတွေရဲ့

ကဗျာတွေဟာလည်း ရွေ့နေတယ်။

အရင်ကလည်းရွေ့ခဲ့တယ်.... အခုလည်းရွေ့နေတယ်... နောက်လည်း ရွေ့ဦးမယ်။

အရွေ့အတိုင်းလိုက်ပါစီးဆင်းလာတဲ့ဆရာတွေရှိနေတော့

လူငယ်တွေအနေနဲ့ ပိုအားရှိတယ်လို့ ကျွန်တော် မြင်မိပါတယ်။




၂။ ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ်ကဗျာဆရာတွေပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။


၂။ ခေတ်အဆက်ဆက်ကတည်းက ဖြစ်လေ့ဖြစ်ထရှိနေတဲ့ သမားရိုးကျကိစ္စတစ်ခုလို့ပဲ

ကျွန်တော် မြင်မိပါတယ် အစ်ကို။

လူကြီးဟာ လူငယ်ဘဝကနေလာတယ်ဆိုတာကို မမေ့တဲ့ဆရာတွေ ရှိနေမှာ သေချာပါတယ်။

ဘာပဲဖြစ်စေ...

ရှေ့ကဆရာတွေမရှိခဲ့ရင် ကျွန်တော်လည်း မရှိနိုင်တာ သေချာပါတယ်။

ဆရာတွေ တန်ဖိုးထားနိုင်လောက်တဲ့အထိ 

တန်ဖိုးရှိ တန်းဝင်တဲ့ အနုပညာပစ္စည်းတွေ ဖန်တီး ပြနိုင်ဖို့က

ကျွန်တော်တို့အပေါ်မှာ မူတည်နေတယ်လို့ပဲ ခံယူထားပါတယ်။




၃။ လက်ရှိ အခြေအနေအရ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့် ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာ လက်ရာတွေအပေါ် ညီလေးတို့ရဲ့ အမြင်။


၃။ သူ့အကြိုက် ကိုယ့်အကြိုက် သူသန်ရာ ကိုယ်သန်ရာအတိုင်း ချဲ့ထွင်နေတယ်လို့ပဲ မြင်မိပါတယ်။

ပင်မရေစီးကြောင်း Rock ကနေတစ်ဆင့် Heavy , Metal , Trash , Alternative , Punk ,

အစရှိတဲ့ ခေတ်ရဲ့ ရင်ဘတ်ကြီးထဲကို

တည့်တည့်ထိမှန်နိုင်မယ်လို့ ယူဆပြီး ကိုယ့်သန်ရာသန်ရာအတိုင်း လျှောက်ခဲ့ကြသလိုပေါ့ အစ်ကို။

ကျွန်တော်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခြားလမ်းကြောင်းတွေလည်း တည်ရှိနေမှာပါပဲ။

အဓိကကတော့ ကိုယ့်လမ်းကိုယ်လျှောက်နေချိန်

မြက်ကလေးတစ်ပင် ခလုတ်မတိုက်ခဲ့မိဖို့ပဲ အရေးကြီးပါတယ်။


၎။ အဲဒီ ခေတ်ပြိုင်ကဗျာတွေထဲက ညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။ အဲဒီ ကဗျာဗေဒအပေါ် နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေးတို့ လက်ရှိရေးနေတဲ့ ကဗျာအနုပညာလက်ရာ တွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခု ခွဲခြားပြောပြပါ။ ကိုယ့် အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့ မေးရင် ဘယ်လိုဖြေကြမလဲ။ တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်တာအပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင် ကဗျာကိုယ်တိုင်ကိုကတခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုးပဲလေ။ အဲဒါကြောင့် မေးတာပါ။


၎။ " လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက

သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို

သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့တိုင်းတာရမှာပဲ "


ဆရာကြီးဗန်းမော်တင်အောင်ရဲ့ အဲဒီနာမည်ကျော် စကားတစ်ခွန်းက

ကျွန်တော့်စိတ်ထဲ စိုက်ဝင်နေပါတယ် အစ်ကို။

ခေတ်ကို တိုက်ရိုက်ထင်ဟပ်ပြနိုင်တဲ့ ကဗျာတွေကို ကျွန်တော် ပိုရင်ခုန်ပါတယ်။

ဒါကြောင့် ကျွန်တော့်စိတ်အတွင်းသားထဲ စိုက်ဝင်လာတဲ့အတိုင်း ကျွန်တော် ဖန်တီးဖြစ်တယ်။

ကျွန်တော် ဒီနေ့ဖန်တီးဖြစ်တဲ့ လက်ရာဟာ တစ်သက်စာ မဟုတ်တာမို့၊

ကျွန်တော့်ကိုယ်ကျွန်တော် တံဆိပ်တပ်ထားလည်း

နောင်တစ်ချိန် အရွေ့အတိုင်း ပြန်ဖြုတ် ပြန်တပ်နေရဦးမှာ သေချာပါတယ်။

အဲဒီတော့ ကျွန်တော်အမည်မတပ်လည်း ကဗျာဗေဒပညာရှင်တွေကတော့ တပ်နေမှာပါပဲ။

သေချာတာကတော့ ကျွန်တော့်ဖန်တီးမှုတွေဟာ ခေတ်ကို မျက်နှာလွှဲတာမျိုး မဖြစ်စေရပါဘူး။



၅။ ညီလေးတို့ အနေနဲ့ ကဗျာအနုပညာ လက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံ ဘယ်လို အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေနဲ့ ရေးသားဖန်တီးနေကြသလဲ။ ကဗျာရေးသားခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူ ယုံကြည်ချက်တွေ ရှိနေကြသလဲ။



၅။ ကဗျာတစ်ပုဒ်ကြောင့် ဘယ်သူမှ တစ်မဂ် တစ်ဖိုလ်ရမသွားရင်တောင်

ဖြတ်သန်းနေတဲ့ခေတ်ကို ကိုယ်စားပြုနိုင်ဖို့တော့

တာဝန်ယူတတ်ရမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ် အစ်ကို။

အဲဒီတော့ နေ့စဉ်ထိတွေ့နေရတဲ့ ခေတ်ကပေးလိုက်တဲ့ အရာတွေကို လက်ခံရရှိခဲ့တဲ့အတိုင်းပဲ

အနီးစပ်ဆုံး တင်ပြနိုင်ဖို့ ကြိုးစားပါတယ်။

ကျွန်တော့်ကဗျာတွေ ကျွန်တော်ပြောသလို ဖြစ်မနေရင် ကျွန်တော် ညံ့နေသေးလို့ပါပဲ။


၆။ မြန်မာနိုင်ငံက ကွန်ဆက်ခြူရယ်၊ အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကို လက်ခံယုံကြည်တဲ့ ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုကို အဓိကမထားတဲ့၊ ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုချင်တဲ့ အယူအဆမျိုးတွေ ရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉ ရာစုအလယ်ပိုင်းလောက်က ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ Aestheticism ရဲ့ စာပေအနုပညာ အယူအဆတွေ။ Oscar Wilde တို့လို ကိုယ်တို့ဆီမှာဆိုရင် ဆရာသစာနီတို့လိုပေါ့ အနုပညာရသအဓိက၀ါဒီတွေက သန့်စင်တဲ့ အနုပညာဟာလူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့ မရောထွေးသင့်ဘူးလို့ ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်က Aestheticism ရဲ့ အနှစ်ချုပ် အယူအဆပေါ့။ ညီလေးတို့ အမြင်ကရော...ကဗျာအနုပညာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။


၆။ ကျွန်တော်ကတော့ မိမိကိုယ်တိုင်ရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုရယ်

ခေတ်ကရိုက်ခတ်နေတဲ့ ခံစားမှုတွေရယ်မပါရင်

လှပါတယ်ဆိုရင်တောင် လောကနဲ့ကင်းကွာနေတဲ့ အလှတရားတစ်ခုပဲ

 ဖြစ်နေလိမ့်မယ်လို့ ယူဆမိပါတယ်။

မျက်မှောက်ကို မျက်ကွယ်ပြုတာမျိုး မဖြစ်စေဖို့ ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးမထားပါတယ်။


၇။ ကိုယ့် အမြင်ပြောရရင် မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး မြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅ လောက်အထိ ခေတ်စားရှင်သန်ခဲ့တဲ့ မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ ခြါင်းချက်ပေါ့လေ။ ကဗျာအနုပညာမှာ ဆိုရင်လည်း Modern Conservative ဖြစ်နေတဲ့ ၀ါရင့် ၀ါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ ကဗျာဖတ် ပရိသတ်တွေ ရှိနေကြသေးတယ် ထင်တယ်။ အဲဒီလို Modern Conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊ အနှောင့် အယှက် အဟန့်အတား ဖြစ်စေမယ့် သူတွေလို့ဆိုနိုင်မလား။


၇။ ကျွန်တော်မြင်မိတာက တားဆီးသူရှိနေရင်တောင်

တကယ်အားကောင်းမောင်းသန်နဲ့ စီးဆင်းလာမယ်ဆိုရင်

ဘယ်လိုမှ ပိတ်ထားလို့ မရနိုင်ဘူးလို့ မြင်မိပါတယ်။


၈။ အွန်လိုင်း ကဗျာယဉ်ကျေးမှုဘက် တစ်ချက်လောက် လှည့်ကြည့်လိုက်ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ် ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။ အွန်လိုင်းနဲ့ ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကိစ္စ၊ အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အစပေါ့။


၈။ ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံဆိုတဲ့ ခေါင်းစဉ်အောက်မှာဆိုရင်

မြန်မာနိုင်ငံသားလို့ပဲ မြင်ထားပါတယ်။

ဘာကိုမှ မခွဲချင်ဘူး။ အချိန်တန်ရင် ဘယ်သူပဲဖြစ်စေ တကယ်လုပ်နေသူပဲ ကျန်နေခဲ့မယ်လို့ မြင်မိပါတယ်။

ကျွန်တော် တကယ်မလုပ်နိုင်တဲ့တစ်နေ့ ကျွန်တော် ကျန်နေခဲ့မှာပါ။


၉။ မြန်မာကဗျာလောကမှာ ကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား နားလည်ခံစားမှု( Appreciation ) နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize ) လုပ်တာ ဆိုပြီး နှစ်မျိုးနှစ်စားလုံး လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ ဆရာ မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေက Criticize ဘက်ကို အလေးသာပြီး ဆရာမောင်သာချိုနဲ့ ကို အောင်ခင်မြင့်တို့က Appreciation ဘက်ကို အလေးသာတယ်လို့ ကိုယ် မြင်တယ်။ မြန်မာကဗျာဝေဖန်ရေးအပေါ် ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခု နှစ်ပိုင်း အွန်လိုင်းမှာ သဘောထားအမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက်တွေအပေါ် အမြင်။


၉။ ဝေဖန်ရေးကတော့ ဘယ်နယ်ပယ်မှာမဆို မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။

အပြုသဘောနဲ့ ဝေဖန်တာဆိုရင် ဘယ်သူမဆို နားလည် လက်ခံပြီး ကျိုးနွံစွာ ခံယူမှာ ဖြစ်ပါတယ်။

ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာမျိုးကတော့ လူတိုင်းကိုယ်စီမှာ

ဘဝပေးအသိ အနုပညာအသိနဲ့ မြင်တွေ့နေကြမှာ ဖြစ်လို့

အကျိုးသက်ရောက်မှု ဘာမှ ရှိမလာနိုင်တာ သေချာပါတယ်။

ဆရာမောင်ဂျိုကာကိုလည်း စိတ်ရင်းအမှန်အတိုင်းပြောရရင်

ကဗျာဗေဒပညာရှင်တစ်ယောက်အဖြစ် လေးစားမိပါတယ်။

မျက်နှာဖုံးချွတ်ပြီး အပြုသဘောနဲ့ ဝေဖန်တာဆိုရင် ကဗျာအသိုင်းအဝိုင်းကြီးတစ်ခုလုံးက

ဝမ်းမြောက်ဝမ်းသာ  ကြိုဆိုနေမှာ သေချာပါတယ်။


၁၀။ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ ဖလာ့ဖ်၊ စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။ ခေတ်ပြိုင်ကဗျာ( Contemporary Poetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေကြတယ်လို့ ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့ ခေတ်ပြိုင်ကဗျာလို့ မြန်မာလို မပြောဘဲ Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုက် သုံးနှုန်းပြောဆိုဖို့ အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ တချိုကဗျာဆရာတွေ ယူဆနေသလို ကဗျာအမျိုးအစားသစ် တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလား။ ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့ အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော ၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။ ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့် ဆယ်စုနှစ်တစ်ခု အတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေ ဆက်လက် ရှင်သန်ရပ်တည် နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ် ပေါ်ပေါက် ထွန်းကားလာမယ်လို့ ခန့်မှန်း ထင်ကြေးပေးမလဲ။


၁၀။ ကျွန်တော့်အမြင်ကတော့ လက်ရှိ ကဗျာအမျိုးအစားအကုန်လုံးကို ခြုံငုံပြီးခေါ်တာလို့

ယူဆထားပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ခေတ်ပေါ်ကဗျာကြောင့် ကဗျာဓာတ်စီးဝင်လာခဲ့ရတာမို့

ခေတ်ပေါ်ကို မိခင်နေရာမှာ ထားထားပါတယ်။

ကျွန်တော်ချန်ခဲ့သည်ဖြစ်စေ မချန်ခဲ့သည်ဖြစ်စေ အမေဟာ အမေပါပဲ။

အနာဂတ်အတွက်ကတော့ လက်ရှိလူငယ်တွေရဲ့လက်ထဲမှာ မူတည်ပါတယ် အစ်ကို။

ခေတ်ကိုမျက်ကွယ်မပြုတဲ့ အနုပညာမှန်သမျှ ခေတ်နဲ့အတူတူ တစ်သားထဲစီးဆင်းနေမယ်ဆိုတာ

ကျွန်တော် ယုံကြည်ပါတယ်။





ညီလင်းနိုင်




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...