အဲဒီမြို့ကလေးထဲမှာ
သောကတွေ အိမ်စေ့ချိတ်ဆွဲထားသလို
ကမ္ဘာကျော် သားသတ်သမားတွေလည်း ရှိတယ် ။
ဓမ္မအလင်းတွေ ရွှန်းစိုနေသလို
အတ္တအစွယ်တွေလည်း ရှိတယ်
ကမ္ဘာကိုအသက်ထက် ချစ်မြတ်နိုးသူတွေရှိသလို
တစ်ဘဝစာအတွက် ကမ္ဘာကို ဖျက်နေသူတွေလည်း ရှိတယ်
ထစ်ချုန်းတောက်ခဲ့ဖူးသော သူရဲကောင်းတွေရှိသလို
ဗီလိန်ဇာတ်ရုပ်တွေလည်း ရှိတယ် ။
ငါတို့နားတွေ ဘာမှမကြားခဲ့ရဘူး
ငါတို့အသိတွေ ဘာမှမသိခဲ့ရဘူး
ငါတို့အမြင်တွေ ဘာမှမမြင်ခဲ့ရဘူး
ငါတို့ဟာ ငါတို့ မဟုတ်ခဲ့ကြဘူး ။
ငါတို့အသံတွေ ရင်ဘတ်ထဲမှာပဲ ပျော်ဝင်တစ်ဆို့ခဲ့ရ
ငါတို့ဆိပ်ကမ်းတွေ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့ရ
ငါတို့ဘဝတွေ အလင်းမဲ့ခဲ့တယ်
ငါတို့စိတ်တွေ အနှစ်မဲ့ခဲ့တယ်
ငါတို့ဟာ ငါတို့ မဟုတ်ခဲ့ဘူး
ဝေးကွာခြင်းလမ်းထဲ ငါတို့အဆိပ်မိခဲ့ကြ
ပြန်လမ်းမဲ့ဘဝတွေထဲ တစ်ချို့ပျောက်ဆုံးကြ
မိသားစုအိပ်မက်တွေထဲ တစ်ချို့သေဆုံးကြ
ဖရောင်းတိုင်လူတွေ မုန်တိုင်းမိခဲ့ကြ ။
ငါတို့မှာ ပိုက်ဆံမရှိခဲ့ကြဘူး
ငါတို့မှာ အိမ်မရှိခဲ့ကြဘူး
ငါတို့ဟာ လူရာမဝင်ခဲ့ကြဘူး
ငါတို့နေ့တွေ အလင်းမရခဲ့ကြဘူး
ငါတို့မှာ မိသားစု မရှိတော့ဘူး
ငါတို့မှာ လမ်းမရှိတော့ဘူး
ငါတို့မှာ မြို့မရှိတော့ဘူး
ငါတို့မှာ ဘဝမရှိတော့ဘူး ။
ဟောဒီဘဝမဲ့ခဲ့ရတဲ့ ဘဝတွေကလေ
ဘာမှမရခဲ့ခြင်းတွေထဲကနေ
အမှောင်လေးစွတ်စွတ်စိုစိုနဲ့
အဲဒီမြို့ကလေးကို
မက်မက်စက်စက်
ချစ်မိနေဆဲပေါ့
ဘုရားသခင် ။
ညီလင်းနိုင်
0 comments:
Post a Comment