ညီလင်းနိုင်: ကောင်းကင်ဘုံက မှော်ဆရာ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ကောင်းကင်ဘုံက မှော်ဆရာ


 








မှော်သားဝတ်ရုံနဲ့အတူခေတ်ကိုထွန်းညှိလိုက်တယ်

စိတ်အကွဲကြီးနဲ့လောကရဲ့ခလုတ်တွေကို ဗြောင်းဆန်အောင်ရိုက်ဖွင့်ပစ်

ရင်ရိုးတစ်လျှောက် သင်္ချိုင်းတွေကိုမွမ်းမံရင်း အညှီတွေစိုက်ဝင်လာတိုင်း ဝေဒနာကို ပန်းလိုပွင့်စေတယ်

သိပ်သည်းဆအနန္တနဲ့ ညို့တက်လာတဲ့ အမှောင်ရွရွတွေကိုဖြန့်ခင်း

ကြေးသွန်းတဲ့မီးအိမ်တစ်လက်မှာ ဘဝအက္ခရာတွေကိုထွင်းဆစ်တယ်

ရွှဲရွှဲလောင်နေတဲ့ လောကဒဏ်ရာကို အနုပညာလျှာကြီးနဲ့လျက်ရင်း 

ဆီမီးတစ်ဆုပ်နဲ့ ဘဝတွေကို သိမ်းထုပ်စေခဲ့တယ်

လမင်းကိုဆွတ်ယူလာခဲ့တဲ့မြင်းသည်တော် ယန္တရားကို တဂျုံးဂျုံးခုတ်မောင်း

ဆောင်းဝတ်ဆံဖြည့်ထားတဲ့ကျည်တောက်နဲ့ ဘဝတွေကို လင်းတောက်စေခဲ့တယ်

သစ်တစ်ပင်ကောင်းခဲ့တာမဟုတ်ဘူး စောင်းတစ်ညှို့ခတ်ခဲ့တာမဟုတ်ဘူး

စကြာဝဠာရဲ့အမိုက်စူးစူးထဲ ဆီမီးရဲရဲလိုရှင်းပ နှလုံးအိမ်တွေကို လင်းမြစေခဲ့တာ

ကြယ်အနန္တရဲ့မျက်ရည်တွေကို ရင်ဘတ်ထဲထည့်ထားတဲ့ မှော်ဆရာ

ကဝေလိုလက်ချောင်းကြီးနဲ့ လှိုင်းတွေကိုရိတ်သိမ်းရင်း တိမ်တွေကိုတောက်ထုတ်ရင်း

အနက်စမှန်သမျှကိုရှင်းပရင်း သူ့ရင်တစ်အုံလုံးကျိုးနေတာ ဘယ်သူမှ မမြင်ခဲ့ကြဘူး

လေးကိုင်းပေါ်လွှင့်တင်ထားတဲ့ သစ္စာတရားနဲ့ ကောင်းကင်ရဲ့တံခါးပေါက်များစွာကို တဝုန်းဝုန်းပစ်ခတ်

နွံလူးတဲ့ ကန္တာရအိပ်မက်တို့ကို ထာဝရ စိမ်းလန်းစေခဲ့တယ်

ကျပ်ခိုးတဝေဝေနဲ့ တေလေတို့ရဲ့ စာမျက်နှာတိုင်းကို တစ်လွှာချင်းချေချွတ်ရင်း

ဂန္တဝင်မီးညွှန့်တစ်စနဲ့ နှလုံးအိမ်တွေကို လင်းမြစေခဲ့ပြီ

ကောင်းကင်ဘုံက မှော်ဆရာ 

ဒီကမ္ဘာမှာ မြေလိုကျိုးနွံပြခဲ့ရင်း ဘဝတွေကို ဝက်ဝက်ကွဲ လင်းချင်းစေခဲ့တယ်

ညအကန်းထဲ မနက်ခင်းတွေကို မောင်းသွင်းလာခဲ့သူ

ရိုးသားခြင်းကို ဆောင်ဓားလိုလွယ်ပိုးရင်း

ဒီကမ္ဘာကိုကြယ်တစ်ခင်းနဲ့ ပက်ဖျန်း ကောင်းကင်ကြီးဆီ နဂါးငွေ့တန်းလိုထွက်ခွာသွားချိန်

တိတ်ဆိတ်တဲ့ အသံတစ်ခုလွတ်ကျကျန်ခဲ့ပြီ

" အမှန်တရားကား တိမ်ရူးကောက်ကြောင်းလို နွဲ့ယိမ်းပါးလျ မှန်းဆ ခက်လှချေ၏

ထိုအမှန်တရားအားဖမ်းဆုပ်ညှို့ယူခြင်း၌ ငါ၏ဝိဥာဉ်ဖြင့်သာ တတ်နိုင်စွမ်းရာမူ

ငါ၏အသက်ကို ယခုပင် ငါကိုယ်တိုင် ဆွဲချွတ်ယူပေမည် "

ကျွန်တော်တို့တမြတ်တနိုးကောက်ယူ ဖတ်ရှု ရင်ဘတ်တိုင်းမှာ ကမ္ဗည်းထိုးထားပါ့မယ် မှော်ဆရာ ။







ညီလင်းနိုင် 




 ကျွန်တော်ချစ်မြတ်နိုးခဲ့ရတဲ့ ကောင်းကင်ဘုံက မှော်ဆရာ နှစ်ယောက်အတွက် 

တတ်စွမ်းသရွေ့ အနုပညာ သဲတစ်ပွင့်နဲ့ ဒီကဗျာကို ထုဆစ်ဖြစ်ခဲ့ပါတယ် ။ 

ဒီကမ္ဘာမြေပေါ် မှော်ဆရာ နှစ်ယောက်ကို စေလွှတ်ပေးခဲ့တဲ့

ကောင်းကင်ဘုံကို ကျေးဇူးတင်ရင်း

ကျွန်တော် အသက်ရှင်နေသရွေ့ 

မှော်ဆရာနှစ်ယောက်ရဲ့ အနုပညာကို တသသလွမ်းဆွတ်နေပါ့မယ် ။ 






3 comments:

မိုက်တယ်ကွာ . . မှော်ဆရာ!!
ကဗျာပုံစံကတော့ ပြောရမယ်ဆိုရင်ပေါ့
. .. . . . . . . . .
. . . . . . . . . :P
(အဖြေမှန်တဲ့အတွက်တော့ မုန့်ဝယ်ကျွေးပါ) :D

ပျော်ရွှင်ပါစေ
နတ်သမီး

 

m6t16o3w60 m8i57p8x37 d6g13i5n67 p8q62u0g10 e9y29q0v61 y9n70s4b37

 

Post a Comment

Related Posts Plugin for WordPress, Blogger...