အလွမ်းစိတ်တွေကို ပဒိုင်းသီးလို နက်နက်ကျင်ကျင် မျိုချထားလိုက်တယ်
ဆောင်းဦးပေါက် ချောင်းခြားအိပ်မက်မှာ ကျွန်တော့်နာမည်ရှိသေးရဲ့လား
ခြေကျင်းသံလွင်လွင်လေးရဲ့ ဖဝါးကျရာ အရပ်တိုင်း အညှို့ခံ နားစွင့်ခဲ့သူပေါ့
တစ်သက်စာခြစ်ခြုတ်စုဆောင်းထားတဲ့ သံယောဇဉ်တွေထဲ
ဝေးကွာခြင်းတစ္ဆေဟာ အစိမ်းလိုက်ရင်ခွဲနေပြီ
သန့်စင်တဲ့ မြတ်နိုးခြင်းကို နေမဝင်အချစ်လို့ အမည်တပ်ပေးပါ
လရောင်ကို မျှားယူမျိုတဲ့ ပင်လယ်လို ကျွန်တော့်စိတ်အငုံလေးကို ဆွတ်ချူပါ
ကြယ်တဖျောက်ဖျောက်ကြွေတဲ့ညတွေလို ကျွန်တော့်နှလုံးအိမ်ပေါ် သက်သက်ဝင်ဝင် ဖြတ်လျှောက်ပါ
လေဆန်ငှက်ရဲ့ အိမ်ပြန်လမ်းကို နှင်းဆွတ် အပြာရောင်ညတွေနဲ့ ထွန်းညှိ ကြိုပါ
သက္ကရာဇ်တစ်ခင်းလုံး မြုံအ ခဲ့သူကို မှော်သားလက်တစ်စုံနဲ့ လင်းပွင့်စေလှည့်ပါ
ညရှုခင်းထဲ လရောင်ကလေး ဖိတ်ကျနေသလို ချစ်ခြင်းတရားဟာ တစိမ့်စိမ့် စီးဝင်တယ်
နံရိုးဟောက်ပက်ကြီးရဲ့ စာမျက်နှာမှာ အငုံ့စိတ်တွေ တဖွေးဖွေး ပြာနှမ်းလာတယ်
မြူနဲ့ယက်တဲ့အနာဂတ်ထဲ တစ်ဘဝစာ ကျွံကျနေသူပါ
သတိရခြင်းစကားတစ်ခွန်းနဲ့ ရနံ့တွေကို ရိတ်သိမ်းတဲ့ ဆောင်းဦးလေလို
ကျွန်တော့်ကို လတ်လတ်ဆတ်ဆတ် ရိတ်သိမ်းပါ
ချစ်ခြင်းတရားရဲ့ ကျိန်စာအောက် တိတ်တဆိတ် လောင်ကျွမ်းရင်း
အရာရာကိုရိုကျိုးလို့ တစ်ကမ္ဘာစာ မိုးချုပ်ခဲ့သူပါ
ဆုံရပ်ကင်းမဲ့ဇုန်လေးထဲ သိမ်ငယ်ခြင်းတွေ ပြာလွင်ရင်း ညအကန်းထဲ စုန်းတောက်သလို
သတိရခြင်းတွေဟာ တစ်ပွင့်ပြီးတစ်ပွင့် ဂစ်တာကွဲအောင် ပွင့်ထွက်ခဲ့တယ်
ဆောင်းဝင်စားလေးရေ
တိမ်ဝတ်လွှာသန့်စင်သောတစ်နေ့
ကမ္ဘာဦးဂူနံရံမှာ ပထမဆုံးရေးခြစ်တဲ့ အက္ခရာကို ရင်နဲ့ထွင်းပြီး ဆက်သခွင့်ပြုပါ ။

ညီလင်းနိုင်
3 comments:
တိမ်ဝင်စားရဲ့ ဒိုင်ယာရီ ကို
jasmine လာရောက်ခံစားခဲ့ပါတယ်ရှင်
အရေးအသားလေးတွေကောင်းလိုက်တာ
ကဗျာလေးတွေလာရောက်အားပေးတာဝမ်းသာတယ်ချင့်..
နေတိုင်လာနော်...ကဗျာလေးတွေအ၇မ်းကောင်းတာပဲ
လာရောက်ခံစားခဲ့ပါတယ်...တစ်သက်စာခြစ်ခြုတ်စုဆောင်းထားတဲ့ သံယောဇဉ်တွေထဲ
ဝေးကွာခြင်းတစ္ဆေဟာ အစိမ်းလိုက်ရင်ခွဲနေပြီ .....မိုက်တယ်စာသားလေးက...
အရမ်းမိုက်တယ် ရေးထားတာလေး သဘောကျတယ် :D
Post a Comment