အခု မင်း ငါ အတူတူနေထိုင်နေတဲ့ကမ္ဘာ မင်းလည်းဧည့်သည် ငါလည်း ဧည့်သည်ဆိုတာ စိတ်ကိုကျည်မထိုးပဲ ပြောခဲ့မယ်
ငါ့အသားအရောင်ကြောင့် ကမ္ဘာမီးမလောင်စေရဘူး ငါ့အယူအဆကြောင့် ကမ္ဘာပြာမကျစေရဘူး
ဘယ်အသားအရောင်ဆိုတာ မခွဲခြားတတ်ခင်ကတည်းက လူဟာလူ ဘယ်ဘာသာမှ မကိုးကွယ်တတ်ခင်ကတည်းက လူဟာလူ
လူဟာကိုယ်ချင်းစာတတ်ဖို့ လူဟာသနားကြင်နာတတ်ဖို့ လူဟာမျှတစိတ်ရှိတတ်ဖို့ လူဟာမေတ္တာတရားနဲ့နေထိုင်တတ်ဖို့
ဘယ်ဘုရားသခင်ရဲ့ ဘယ်လိုကျမ်းမျိုးကိုမဆို အာဂုံဆောင်တတ်ဖို့ မလိုအပ်ဘူး
ဘယ်လိုဘာသာတရားရဲ့သက်တမ်းဖြစ်စေ လူ့ရေသောက်မြစ်ကနေ ဝေဆာခဲ့ရတဲ့ပန်းတွေချည်းပဲ
ငါ့ကိုးကွယ်မှုပညတ်ထက် ငါရရှိတဲ့လူ့အဖြစ်ဟာ ပရမတ်ဆိုတာကို
မင်းလည်းတွေးမိဖို့လိုသလို ငါလည်း မပြတ် နှလုံးသွင်းထားမယ်
တောမီးလောင်နေချိန် ငါလဲနေရင် ငါ့ကို မင်းထူပါ ..... မင်းမထနိုင်ခဲ့ရင်လည်း မင်းကိုငါထူမယ်
လောကဓံဆူးစိုက်ဝင်နေတာချင်းအတူတူ ငါ့အသားအရောင်ကို မင်းမခွဲခြားနဲ့ မင်းအယူအဆကိုလည်း ငါမစိစစ်ဘူး
ငါရရှိထားတဲ့ လူ့ဘဝကို ငါခုံမင်မြတ်နိုးရသလို မင်းရရှိထားတဲ့ လူ့ဘဝကိုလည်း ငါလေးစားဦးညွှတ်ခဲ့မယ်
မင်းလည်းလူ ငါလည်းလူ မင်းရရှိနေတာ လူ့ဘဝ ငါရရှိနေတာ လူ့ဘဝ
မင်း ပိုင်ဆိုင်ထားတာ လူ့အသိဥာဏ် ငါ ပိုင်ဆိုင်ထားတာ လူ့အသိဥာဏ်
ငါ့စိတ်ကတံဆိပ်ကြောင့် မင်းမျက်လုံးမစူးစေရသလို မင်းစိတ်ကအရောင်တွေနဲ့ ငါ့ကို လာ လာ မစွန်းစေရဘူး
မင်းကြောင့် ငါ အိပ်ရေးမပျက်ချင်သလို ငါ့ကြောင့် မင်း မထိတ်လန့်စေရဘူး
လူမှန်ရင် လောကဓံခုတ်ရာတစိုစိုနဲ့ ကိုယ့်ခြေလှမ်းနဲ့ကိုယ် ကိုယ့်အလောင်းကိုယ်ထမ်းနေရတဲ့ ဘဝခရီးသွားတွေချည်းပဲ
မင်းရွတ်ဆိုနေတဲ့ ဝါဒကြီးနဲ့ ကမ္ဘာကိုမခုတ်ဖြတ်နဲ့ ငါယုံကြည်ထားတဲ့အယူအဆကြောင့်လည်း ကမ္ဘာကိုမပျက်စေရဘူး
ငါမသေခင် ပန်းတစ်ပွင့်မညိုးခဲ့စေရဘူး မင်းမသေခင် မြက်တစ်ရွက်နွမ်းမသွားခဲ့စေနဲ့
ငါသေရင် ငါ့အရိုးတွေ မင်းကိုစူးမိမှာ ငါမလိုလားသလို
မင်းသေရင် မင်းအရိုးတွေ ငါ့ကို စူးမိစေချင်မှာ မဟုတ်ဘူးဆိုတာ ငါ ယုံကြည်တယ်
ဒီကမ္ဘာမှာနေထိုင်နေသရွေ့ ဒီကမ္ဘာကိုမင်းလည်းပိုင်တယ် ဒီကမ္ဘာမှာရှင်သန်နေသရွေ့ ဒီကမ္ဘာဟာမင်းနဲ့ဆိုင်တယ်
မင်းပိုင်နေတဲ့ကမ္ဘာ မင်းကြောင့်ချမ်းမြေ့သွားစရာမလိုဘူး မင်းနဲ့ဆိုင်တဲ့ကမ္ဘာသာ မင်းကြောင့်အပူမမိခဲ့စေနဲ့
ကိုယ့်အရေပြားကိုယ်မီးကင်ပြီး လူပီသကြောင်း တံဆိပ်တပ်ပြနေစရာမလိုဘူး
သူတစ်ဖက်သားစိတ်ကလေးထဲ ကျောက်စက်ရေလို ဖန်ဆင်းနေထိုင်ပြစရာမလိုဘူး
ဘယ်ဘာသာတရားမှမသိသေးခင် ကိုယ့်မိခင် ကိုယ်သိနေသလိုမျိုးစိတ်နဲ့ပဲ လူ့အဖြစ်ကို မှတ်ကျောက်တင်ကြရမယ်
မင်းအသားစိုင်တွေကို မီးကင်ပစ်လိုက်ဖို့ ငါရရှိထားတဲ့လူ့အသိစိတ်အလွှာထဲက ခွင့်မပြုသလို
ငါ့လည်ချောင်းသွေးတွေကို ခြေဆေးပစ်လိုက်ဖို့ မင်းစိတ်ကူးနေမှာ မဟုတ်တာကို ငါ ယုံကြည်တယ်
ငါရှုသွင်းလိုက်တဲ့ အောက်ဆီဂျင်ထဲမှာ မင်းကိုယ်သင်းနံ့လေးပါလာရင် ငါကြည်နူးရသလို
မင်းရှုသွင်းလိုက်တဲ့ အောက်ဆီဂျင်ထဲမှာ ငါ့ချွေးနံ့တွေပါသွားခဲ့ရင်လည်း မင်းစိတ်မဆိုးရဘူး
မင်း / ငါ ..... အလိုတူတူ မတူတူ ဒီလိုပဲ ပုလင်းတစ်လုံးထဲဝင်နေထိုင်ခဲ့သလို ချိတ်ဆက် အသက်ဆက်နေရတဲ့ကမ္ဘာ
မင်းအပြစ်ရှိခဲ့ရင် ငါဆေးကြောပေးလို့ မရသလို ငါ့အပြစ်တွေကိုလည်း မင်းဝေမျှယူလို့ မရဘူး
ဘယ်ဘာသာတရားမှမထွန်းကားသေးခင် ဘယ်အရေပြားအရောင်ကိုမှခွဲမရနိုင်တဲ့ ညအကန်းကြီးထဲ
လက်နှစ်ဖက်ပြတ်နေတဲ့ ငါ့မျက်ရည်တွေကို မင်းပဲသုတ်ပေးရမှာဖြစ်သလို
စုံလုံးကန်းနေတဲ့ မင်းခြေလှမ်းတွေရှေ့ကနေ ငါကပဲလမ်းပြပေးရမှာဖြစ်တယ်
ငါရရှိထားတဲ့ လူ့ဘဝကို မင်းကပဲ ထောက်ခံအားပေးရမှာဖြစ်သလို
မင်းရရှိထားတဲ့ လူ့အဖြစ်ကိုလည်း ငါကပဲ မော်ကွန်းတင်ပေးရမှာဖြစ်တယ်
မင်းမရှိတဲ့ လွင်တီးခေါင်မှာ ငါတစ်ယောက်ထဲမနေတတ်သလို ငါမရှိတဲ့ကမ္ဘာကြီးထဲမှာ မင်းတစ်ကိုယ်တည်း ဘယ်လိုနေခဲ့မလဲ
မင်းကို လူဆိုတာ ငါယုံကြည်နိုင်ဖို့ ငါ့အပေါ် လူဆိုတာ မင်းမြင်နိုင်ခဲ့ဖို့ ငါတို့စိတ်အလွှာကို အရင်ချွတ်ချထားရမယ်
လူဟာလူ့အဖြစ်မှာ လူပီသဖို့ ..... လူဟာလူ့အဖြစ်မှာ လူလိုသိဖို့ ..... လူဟာလူဖြစ်ကြောင်း လူ့တရားပဲလိုအပ်တယ်။
ညီလင်းနိုင်
5 comments:
လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေအတွက်တော်တော်လေး ရောင်ပြန်ဟပ်တဲ့ကဗျာတစ်ပုဒ်ပါအစ်ကိုရေ။
ကိုညီလင်းနိုင် အားပေးသွားခဲ့ပါတယ်ရှင့်။ :)
ဖတ်ရှု ခံစား မှတ်သားခဲ့ပါတယ် ကိုညီရေ
လာရောက်ဖတ်သွားပါတယ်..
အားပေးခဲ့ပါတယ်နော်
replica bags aaa quality replica bags reddit replica bags wholesale in divisoria
Post a Comment