လူ့အဖြစ်ကို ငြင်းဆန်မိတော့မယ် မြင်ကွင်းတစ်ခုလုံးဟာ အိုက်ခမန်းငရဲခန်း
လည်မျိုကိုတည့်တည့်စွဲလောင်နေတဲ့မီးလို ငုံထားတဲ့အသံကိုမှ သားသတ်ရုံထဲကအညှီစတွေ လာ.....လာ စူးတယ်
လူ့အဖြစ်ဟာ မြစ်ရင်ကွဲကြီးပက်လက်စီးနေသလို သွေးဆုံးနေတဲ့မိန်းမ သားဦးကလေးလိုချင်နေသလို
ကိုယ့်သေတွင်းကိုယ်တူးနေရတာတောင် ကွေ့ကွေ့ကောက်ကောက်နိုင်လွန်းတယ်
ဘယ်ကိုပဲတွန်းရွှေ့ရွှေ့ ဘယ်တော့မှမသစ်တဲ့မနက်ဖြန်ဟာ အမြုံမဆီက တယုတယမျှော်နေရတဲ့ မျိုးဆက်
ကျပ်ခိုးစွဲနေတဲ့အတွေးအခေါ်ကိုသုတ်သင်ရာမှာ လိင်ကိစ္စဟာ ဓားစာခံပဲ
လူဟာအသိဥာဏ်အရှိဆုံးခေါင်းစည်းတပ်ပြီးရင် အကောက်ကျစ်ဆုံး ထိုးကွင်းပါ နင့်နေအောင်ထွင်းထားသလို
" မင်္ဂလာပါ " စကားတစ်ခွန်းကို ရွှေကျင်သလို စစ်ယူနေရ၊ ကျောက်ခဲနှစ်လုံးမီးပွတ်သလို ခြစ်ယူနေရ
ကျီးပြိုသလိုတိုးဝင်လာတဲ့အကြည့်တွေမှာတော့ ထစ်ချုန်းဆောင့်ဝင်လာတဲ့နေရောင်လို အလျှံတညီးညီး
ဖုန်းထဲကလွတ်ကျလာတဲ့ပြတ်တောက်မှုဟာ တစ်ညလုံးဆွေးရိစေမယ်လို့ ဘယ်သူကထင်မှာတဲ့လဲ
မီးညှိပြီးတဲ့စီးကရက်တစ်လိပ်လို အဲဒီရင်ကွဲနာညကြီးဟာ တငွေ့ငွေ့လောင်လို့ တမြေ့မြေ့ကျွမ်းလို့
လိင်ကိစ္စကိုမိန်းမတစ်ယောက်နဲ့ ဖြေဖျောက်လို့ရနိုင်ပေမယ့် အချစ်ကိစ္စမှာတော့ အချစ်နဲ့မှပဲကြည်မွေ့လို့ရမယ်
ခေတ်ကြီးတစ်ခုလုံးရဲ့ဆာလောင်မှုပွဲတော်မှာ ငြိမ်းချမ်းရေးဆိုတာ မသေဆေး ( ကြားသာကြားဖူးတယ် မမြင်ဖူးဘူး )

ဘာအသိဥာဏ်မှသုတ်လိမ်းမထားတဲ့ ပေါင်မုန့်တစ်ချပ်ကို စိတ်အခွံကြီးနဲ့ အာသာဖြေဝါးနေရသလို
လူ့အဖြစ်ရှင်သန်ခြင်းမှာ သက်ပြင်းစိမ်းစိမ်းကြီးတွေကိုပဲ တခုတ်တရ ခူးခပ်သောက်နေရ
ဟေ့ .......... လူမှန်ရင် ဝါဒတွေကိုချွတ်ချထားလိုက် အသားအရောင်တွေကိုချွတ်ချထားလိုက်
ဝတ်လစ်စလစ်စိတ်နဲ့ ကိုယ့်နှလုံးသားကိုကိုယ်ပြန်ချော့မေးကြည့်လိုက်ရင်
မွေးညင်းတစ်ပေါက်စီတိုင်းက ထွက်ကျလာမယ့် ဖြောင့်ချက်ဟာ ငြိမ်းချမ်းရေးပဲ
နေ့စဉ်ရှုရှိုက်နေရတဲ့အောက်ဆီဂျင်ကိုသတိမရရင်နေ ဦးသန့်ကိုတော့ မမေ့စေနဲ့ မာသာထရီဇာကို မမေ့စေနဲ့
နယ်လ်ဆင်မင်ဒဲလ်လားကို မမေ့စေနဲ့ .............. ငြိမ်းချမ်းရေးကို မမေ့စေနဲ့
ကိုယ့်အလောင်းကိုယ်ထမ်းရင်း ဆန်တက်နေရတာချင်းအတူတူ တစ်ယောက်စိတ်နဲ့ တစ်ယောက်ကိုခလုတ်မတိုက်စေနဲ့
လျှပ်တစ်ပွင့်အလက်မှာ ချစ်သောသူတွေကိုထားခဲ့ရနိုင်သလို ချစ်သောကမ္ဘာမြေကိုလည်း ထားခဲ့ကြရမယ်
မစားရဝခမန်း ခြေအေးဝမ်းရောင် လျှောက်ပြန်သံပေးနေရသလို ကိုယ့်စိတ်ကို ကိုယ်မပိုင်ခဲ့ကြတာ ရင်နာစရာပဲ
ချစ်ခြင်းမေတ္တာဆိုတာ တစ်ခါသုံးတစ်သျှူးဖြစ်ကြောင်း ခေတ်ကြီးတစ်ခုလုံးက ဓားခုတ်ရာလက်ဝင်လျှိုပစ်လိုက်တယ်
မရှာနဲ့ ..... လူယောင်ဆောင်ထားတဲ့တံတား တစ်စင်းမှမရှိတော့ဘူးဆိုရင်
မရှာနဲ့ ..... လူယောင်ဆောင်ထားတဲ့လှေ တစ်စင်းမှမရှိတော့ဘူးဆိုရင်
မရှာနဲ့ ..... လူယောင်ဆောင်ထားတဲ့မီးအိမ်တွေ စုန်းစုန်းချုပ်သွားခဲ့ပြီဆိုရင်
ယန္တရားမှန်သမျှကို ခလုတ်တစ်ခုထဲနဲ့ ရပ်တန့်ထိန်းချုပ်ပစ်လိုက်သလို စိတ်ကိုထိန်းချုပ်ပစ်လိုက်ဖို့ စိတ်ပဲလိုတယ်
ရှာကီရာလည်း Sexy ပဲ .... လေဒီဂါဂါလည်း Sexy ပဲ ..... ဘီယွန်းဆေးစ်လည်း Sexy ပဲ
Sexy မဖြစ်တဲ့ ADELE ရဲ့ Someone Like You လို ဘဝကိုရိုးရိုးရှင်းရှင်း ခေါင်းချသွားချင်တယ်
ဘယ်ခေါင်းစဉ်အောက်မှာမှ မနေထိုင်လည်းဖြစ်တယ် ဘယ်ဝါဒဝတ်ရုံမှ မခြုံထားလည်းဖြစ်တယ်
လူ့ကျင့်ဝတ်တရားနဲ့တော့ သွေဖီပစ်လိုက်လို့မရဘူး
ဘယ်လိုသွေးအမျိုးအစားဖြစ်စေ ပြောင်းပြန်ပဲစီးစီး ဇောက်ထိုးပဲဆင်းဆင်း
လူမှန်ရင် အမေနဲ့မယား သမီးနဲ့အဖေ မတော်တဆပဲဖြစ်စေ အမှောင်ဝင်ကိုက်လို့ပဲဖြစ်စေ မှားပစ်လိုက်လို့ကိုမရဘူး
* နောက်ပိတ်ဆုံးမှာ ..... အကုန်လုံးဟာ ..... အကုန်ခွဲခွာ .....
အနိစ္စမမြဲဘူးဆိုတာ ..... သိတယ် ..... *
လူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တိုင်းမှာ သေငယ်ဇောတစိုစိုနဲ့ တဆတ်ဆတ်တုန်ရီနေတဲ့ နူတ်ခမ်းတွေကြား
" ငါ့ကိုဘာကောင်ထင်လဲ " ဆိုတဲ့စကားလုံး မကြားဖူးသေးဘူး
သံခြေကျင်းခတ်ထားတဲ့နိစ္စဓူဝလို မြင်ကွင်းမှန်သမျှဟာ အဖန်တလဲလဲ အရိုးပေါ်အရေတင်လွန်းတယ်
စစ်အာဏာရှင်စနစ်ကို တော်လှန်ရေး ..... အတွေးအခေါ်ဟောင်းတွေကိုတော်လှန်ရေး .....
ကိုယ့်စိတ်ကို ကိုယ်တော်လှန်ပစ်လိုက်ဖို့ သေတဲ့အထိကို အချိန်ရမသွားရှာတဲ့ တော်လှန်ရေး
လူမှန်ရင် ရူးခွင့်တော့ရှိတယ် ..... ခွေးစားခွက် တက်နိုက်မိတဲ့အထိတော့ လူ့အဆင့်အတန်းကို ဆွဲမချကြေး
စိတ်ရှိတိုင်းသာ အယားဖြေရကြေးဆို ဘယ်ပေါင်တံဖြူဖြူလေးတွေမှ မီနီစကပ်ဝတ်ခွင့်ရမှာကို မဟုတ်တော့ဘူး
ခရက်ဒစ်ကဒ်ထဲမှာ ကိုယ်ချင်းစာတရား ဘယ်လောက်ဆောင်ထားပြီးပြီလဲ
Hello Mr. လောကဓံ ..... တွန်းချလိုက်ဖို့ပဲဖြစ်စေ ဆွဲထူမဖို့ပဲဖြစ်စေ
ခင်ဗျားလက်တစ်ဖက်ထွက်လာကတည်းကိုက လူရာဝင်ခဲ့ရတာမို့ ကျေးဇူးတင်တယ်
**အချစ်ရယ် ...... ပေါင်မုန့်တစ်လုံးရယ် ......
ဘဝကို ..... ငါရောင့်ရဲတယ် ..... **
ကရုဏာတေးတွေငုံပွင့်ပါတော့ ......
အရစ္စတိုတယ်ရဲ့ အမှန်တရားချစ်စိတ်နဲ့ ကဗျာတွေကျစ်ကျစ်ဆုပ်လို့ ကမ္ဘာမြေကိုပက်ဖြန်းပေးချင်တယ်
ဂြိုလ်ပြာကြီးထဲက ကမ္ဘာဖျက်အဝိဇ္ဇာဓားသွားတွေအောက် အမှန်တရားပန်းတွေ သွင်သွင်စီးဖို့
ကိုယ်ချင်းစာစိတ်တွေ လှိုင် လှိုင် ပျိုး ပစ် ရ မယ်။
* = လေးဖြူ သီချင်းစာသား
** = ဟယ်ရီလင်း သီချင်းစာသား
ညီလင်းနိုင်
4 comments:
ကိုညီလင်းနိုင် ကဗျာတွေ ဖတ်ရတာ ၀ိုင်တစ်ခွက်ကို စိမ်ပြေနပြေ အကျအန တစ်ယောက်တည်းထိုင်သောက်နေရသလိုမျိုးပဲ ... :)
အားပေးခဲ့တယ် အကိုရေ...
လူမှန်ရင် ရူးခွင့်တော့ရှိတယ်
လူဆိုတာ အရူးတမျိုးပါပဲနော်
ဖတ်ရင်းနဲ့ မောလာတယ်။ စာသားတွေစကားလုံးတွေက ထိမိလွန်းလို့ ဖတ်ရတာ အားရ၀မ်းသာဖြစ်မိတယ်။ လူမှန်ရင် ရူးခွင့်ရှိတယ်။
ဟုတ်တယ်။ အဲဒီရူးခွင့်လေးကြောင့်ပဲ အသက်ရှင်နေတာ။
Post a Comment