" လောကဓံပိုးစိုးပက်စက်ကြီးထဲ အဆန်ကူးနေရတိုင်း
ကိုယ်ကျင့်တရားကမက်မက်စက်စက် အဆစ်ပဲ့ထွက်စရာလား "
" မထိနဲ့ "
" ချစ်ခြင်းမေတ္တာမပါရင် ကျွန်မအရေပြားပေါ်က မွေးညင်းတစ်ပင်စာကလေးကိုတောင်

ရှင့်စိတ်နဲ့ပစ်မှားခွင့်မရှိဘူး "
အဲသလို အရှက်တရားကို အသက်ဓာတ်လိုချုပ်လုပ်ဝတ်ဆင်ထားတဲ့ မြန်မာဆံတောက်ကလေး
ဟောဒီဓနိမိုးအောက်မှာရှိခဲ့ဖူးတယ်
နေလိုတညီးညီးလောင်နေတဲ့နိစ္စဓူဝမှာ ထွက်သက် ဝင်သက်ကလေးကအစ ကြွပ်ဆတ်
ရှိစုမဲ့စုမိသားစုအခက်အလက်ကိုမှ ဝမ်းရေးဆိုတဲ့ ခေါင်းစဉ်က တစ်တစ်ခွခွသင်းခွဲပစ်လိုက်တယ်
ဖြေသိမ့်စရာမိသားစုအလွမ်းမှာတောင် သတိရစိတ်ဟာဆူးခက်ကြီးခြုံလို့ .....

Homesick ဟာတမျှဉ်းမျှဉ်းကျွမ်းလို့
မိသားစုအသက်ဆက်ရဖို့ ကျွန်တော့်မာနတွေကိုရောင်းချ..... လို့ .....

ကျွန်မအသွေးအသားတွေကိုချရောင်း ..... လို့
ရခဲတဲ့ဒုလ္လဘမှာ ငါတို့အနာဂတ်ဆိုတာ ကျွန်စုပ်တဲ့သရက်စေ့လို

လွတ်လွတ်ကျွတ်ကျွတ်ကို ပြောင်သလင်းခါနေတုန်း
မိသားစုချစ်စိတ်နဲ့ ပဲ့ထွက်လာတဲ့ချွေးစက်ကို

ခေါင်းတစ်ဆန့်လည်တစ်မော့မှာ သန့်စင်ပစ်လိုက်လို့ရပေမယ့်
မှန်တစ်ချပ်လိုရိုက်ခွဲခံလိုက်ရတဲ့အပျိုရည်ကို ဘယ်လိုဆာဂျယ်ရီနည်းနဲ့ ပြန်တပ်ဆင်ပစ်လိုက်ရမလဲ
ကျောက်သားလိုအေးစက်တော့ ဓားဝင်အသွေးခံရ ညလိုငြိမ်သက်တော့ မုဒိမ်းဝင်အကျင့်ခံရ
စာနာတရားဆိုတာ အစွယ်ထွားထွားနဲ့ အကောင်ကြီးကြီးတွေရဲ့ လက်သုံးစကား

အနာလည်းမသိ ဆေးလည်းမရှိတဲ့ မိသားစုဘဝဆိုတာ
တစ်ယောက်ရင်ငွေ့ကိုတစ်ယောက်ကခြုံထားရတာထက်
တစ်ယောက်သက်ပြင်းတွေကို တစ်ယောက်က ငုံထားခဲ့ရ
တစ်ယောက်လက်ဖျံရိုးကို တစ်ယောက်ကကူသွေးလို့

တစ်ယောက်အနာဂတ်မှာ တစ်ယောက်က ကူလင်းလို့
တစ်ယောက်မျက်ရည်မှာ တစ်ယောက်ကလောင်မြိုက်ခဲ့ရ

တစ်ယောက်သောကမှာ တစ်ယောက်ကမှောင်မိုက်ခဲ့ရ
တစ်ယောက်ရင်ဘတ်ကိုတစ်ယောက်ရဲ့သံယောဇဉ်နဲ့ထွင်းခဲ့ကြသလို

တစ်ယောက်ရဲ့ဆူးကိုတစ်ယောက်ရဲ့ရင်နဲ့ထွင်းခဲ့ကြ
အိုကြီးအိုမ အမိအဖအတွက် ရေကြည်ချမ်းမြမဖြစ်ခဲ့ရင်တောင် ပူပင်သောကမဖြစ်စေရဘူး
ငါတို့ဒဏ်ရာကို ငါတို့လျှာနဲ့လျက်ခဲ့ကြသလို ငါတို့ကံကြမ္မာကို ငါတို့ဖန်တီးခဲ့ကြ
မြေနိမ့်ရာလည်းလှံမစိုက်ကြပါနဲ့တော့ ရေနစ်ရာလည်းဝါးကူမထိုးကြပါနဲ့တော့
ငါတို့ ရွှဲရွှဲစိုခဲ့ရတာက လောင်မီး ငါတို့ ခိုက်ခိုက်တုန်ခဲ့ရတာက ရှို့မီး
သံသရာအကြွေးကြောင့်ပဲဖြစ်ဖြစ် နိုင်ငံအရေးကြောင့်ပဲဖြစ်ဖြစ်
ခြင်္သေ့လိုမြက်မစားတဲ့မာနနဲ့ ဒီတလင်းပေါ်မှာပဲ ငါတို့အရိုးတွေကို လွင့်လွင့်ဝေဝေမြေချခဲ့လိုက်မယ်
အဆုံးမတော့ .....
ကမ္ဘာမြေကြီးရေ ..... ကျွန်တော်တော့ ကျွံဖြစ်နေပြီ
ကမ္ဘာကြီးရေ ..... ကျွန်မတော့နွံနစ်နေပြီရယ်လို့
ငါတို့ရဲ့ ကရုဏာတရားဆာလောင်နေတဲ့ တစာစာရင်ကွဲသံတွေနဲ့ပဲ

ချစ်သောကမ္ဘာမြေကို နူတ်ဆက်ခဲ့ကြရ။
ညီလင်းနိုင်
3 comments:
မှန်တစ်ချပ်လိုရိုက်ခွဲခံလိုက်ရတဲ့အပျိုရည်ကို ဘယ်လိုဆာဂျယ်ရီနည်းနဲ့ ပြန်တပ်ဆင်ပစ်လိုက်ရမလဲ
ကျောက်သားလိုအေးစက်တော့ ဓားဝင်အသွေးခံရ ညလိုငြိမ်သက်တော့ မုဒိမ်းဝင်အကျင့်ခံရ
စာနာတရားဆိုတာ အစွယ်ထွားထွားနဲ့ အကောင်ကြီးကြီးတွေရဲ့ လက်သုံးစကား ......
မှန်ထှာ :)
အကိုညီလင်း ကဗျာတွေမဖတ်ရတာ ကြာပြီလားလို့
ခု အသစ်မြင်လို့ အပြေးဝင်ဖတ်မိတယ် ....:)
ကောင်းသောညပါ အကိုရယ် ...
ခင်တဲ့ မိုးနတ်
တစ်ယောက်အနာဂတ်မှာ တစ်ယောက်က ကူလင်းလို့
တစ်ယောက်မျက်ရည်မှာ တစ်ယောက်ကလောင်မြိုက်ခဲ့ရ
တစ်ယောက်သောကမှာ တစ်ယောက်ကမှောင်မိုက်ခဲ့ရ
တစ်ယောက်ရင်ဘတ်ကိုတစ်ယောက်ရဲ့သံယောဇဉ်နဲ့ထွင်းခဲ့ကြသလို
အဲဒီအပိုဒ်တွေ အရမ်းမိုက်တယ်။ ကဗျာတွေ ရင်ထဲအရမ်းထိတာပဲဗျို့။
အစ်ကိုရေ နေကောင်းပါရဲ့လား။ ဂရုစိုက်ပါ
ငါတို့ဒဏ်ရာကို ငါတို့လျှာနဲ့လျက်ခဲ့ကြသလို ငါတို့ကံကြမ္မာကို ငါတို့ဖန်တီးခဲ့ကြ
မြေနိမ့်ရာလည်းလှံမစိုက်ကြပါနဲ့တော့ ရေနစ်ရာလည်းဝါးကူမထိုးကြပါနဲ့တော့
ငါတို့ ရွှဲရွှဲစိုခဲ့ရတာက လောင်မီး ငါတို့ ခိုက်ခိုက်တုန်ခဲ့ရတာက ရှို့မီး
သံသရာအကြွေးကြောင့်ပဲဖြစ်ဖြစ် နိုင်ငံအရေးကြောင့်ပဲဖြစ်ဖြစ်
ခြင်္သေ့လိုမြက်မစားတဲ့မာနနဲ့ ဒီတလင်းပေါ်မှာပဲ ငါတို့အရိုးတွေကို လွင့်လွင့်ဝေဝေမြေချခဲ့လိုက်မယ်
အဆုံးမတော့ .....
ကမ္ဘာမြေကြီးရေ ..... ကျွန်တော်တော့ ကျွံဖြစ်နေပြီ
ကမ္ဘာကြီးရေ ..... ကျွန်မတော့နွံနစ်နေပြီရယ်လို့
ငါတို့ရဲ့ ကရုဏာတရားဆာလောင်နေတဲ့ တစာစာရင်ကွဲသံတွေနဲ့ပဲ
ချစ်သောကမ္ဘာမြေကို နူတ်ဆက်ခဲ့ကြရ။
ကဗျာလေးကြိုက်တယ်ဦးညီရေ...
Post a Comment