ညီလင်းနိုင်: နှစ်ချို့ကောင်းကင်တေး

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

နှစ်ချို့ကောင်းကင်တေး






လမ်းတွေကွေးညွှတ်လာတဲ့အထိ 

ဒုက္ခက ရင့်မာလွန်းခဲ့ပြီ ။


နေ့စေ့လစေ့ သမုဒယမှာတွယ်ဝင်လို့ 

ဇရာနဲ့အတူ စိတ်တွေလည်း 

ချွင်ချွင်မြည်အောင် လွတ်ကျခဲ့ ။


ဒီလိုနဲ့ 

ဘဝကို ထမ်းပိုးရင်း 

ကြွပ်ဆတ်တဲ့ အသက်ဓာတ်ကလေးကို 

ဖိုးသိုးဖတ်သီ ပျိုးထောင်ရင်း 

အဘိဓမ္မာတွေ အကြိမ်ကြိမ်ကျကွဲခဲ့ ။



ကြေးနီရောင်မြင်းရိုင်းတွေ ခဏငှားကြပါ 

ဒါရုစီရဲ့ မရပ်နားခြင်းခရီးထဲက 

ယေဓမ္မာဟေတုပ္ပဘဝါကို 

တူတူနာယူချင်လို့ ။


ဒီလိုနဲ့ 

သံဝေဂဟာ လောကဓံလှိုင်းထဲမှာပဲ 

အကြိမ်ကြိမ် ကျွံနစ်ခဲ့ ။


နွမ်းရိတဲ့ ဘဝတွေ 

လောကရဲ့ တံလျှပ်တွေအောက်က 

နွမ်းရိတဲ့ ဘဝတွေ 

သမ္မာဒိဌိ မြင်စိတ်သိဟာလည်း 

တဒီးဒီးနက်နေတဲ့ ခေတ်ကြီးထဲ 

ဖိတ်စင်လွင့်ပါး ကွဲသီရှခဲ့ပေါ့ ။


ကရုဏာတေးတွေ ငုံပွင့်ပါတော့ 

အရစ္စတိုတယ်ရဲ့ အမှန်တရားချစ်စိတ်နဲ့ 

ကဗျာတွေ ကျစ်ကျစ်ဆုပ်လို့ 

ကမ္ဘာမြေကို ပက်ဖြန်းပေးချင်တယ် ။


ဆက်လျှောက်ပါကလေးရယ် 

ကမ္ဘာဖျက် အဝိဇ္ဇာဓားသွားတွေအောက် 

အမှန်တရားပန်းတွေ သွင်သွင်စီးဖို့ 

ကိုယ်ချင်းစာစိတ်တွေ 

လှိုင်လှိုင်ပျိုးပစ်ရမယ် ။ 






ညီလင်းနိုင် 








Related Posts Plugin for WordPress, Blogger...