ကမ္ဘာဦးအနမ်းတွေ အဆုပ်လိုက်ပွင့်သလို
နှင်းဆီရနံ့တွေ ဖူးဖူးရောင်နေတဲ့ ည
ဆန္ဒကို ကွေးညွှတ်လိုက်တိုင်း
အလွမ်းတွေက ပါးပျဉ်းထောင်တယ် ။
ချိုလဲ့ရီ ဆွတ်ပျံ့ခြင်းတွေ
ဝေ့သီပိန်းနေတဲ့ သမုဒယတွေ
နာလိုခံခက် နိစ္စဓူဝတွေ
ပျို့တက်လာတဲ့ ရင်ကွဲညတွေ
ခေါက်သိမ်းဖြစ်ခဲ့ မျက်ရည်မြစ်တွေ
စီးလိုကစီးပါစေတော့ ။
ချစ်ခြင်းရဲ့မီးစာအောက်မှာ
နေ့နေ့ညည လောင်ကျွမ်းရင်း
ပြာလဲ့ရည်ချို လရောင်အောက်
ကျောက်ဆစ်လို သက်မဲ့ရုပ်နဲ့
တဒင်္ဂတော့ ချီပွေ့ခဲ့ပါရစေ ။
နေမင်းလမင်း ချစ်ခြင်းအသင်္ချေ
နှလုံးသွေးနဲ့ ထွင်းခဲ့ရတဲ့
ကမ်းဝေးရာဇဝင်ပါကွယ် ။
လက်လက်စိုနေတဲ့ ချစ်ခြင်းထဲ
မွေ့လျော်ခြင်းတွေ စိုက်ဝင်ရင်း
သံယောဇဉ်လေး တမြမြနဲ့
တခုတ်တရ ပျိုးခဲ့ရတဲ့
လမင်းအိမ်လေးရေ ။
ရင့်သန်နေတဲ့
သတိရခြင်းတွေကို
နက်နက်ကျင်ကျင်
ခူးဆွတ်လှည့်ပါတော့ ။
အညီလင်းနိုင်
1 comments:
အလွမ်းတွေပါးပျဉ်းထောင်ရင်
အရှေ့ကလူတော့ အပေါက်ခံရတော့မှာပဲ :P
လှတုန်းလှဆဲပဲ . . :D
Post a Comment