တစိမ့်စိမ့် စိုက်ဝင်လာတဲ့အထိ
ညအကန်းကြီးထဲ တိုးဝင်နေရင်း
တမြိမြိ လောင်မြနေတဲ့ အမှောင် ။
တိမ်ဝင်စားလို အလူးလူးအလွင့်လွင့်နဲ့
အနိဌာရုံတွေကို ငုံစုပ်ထားလိုက်ပုံများ
အရိုးခိုက်အောင်ထိ မှောင်တယ် ။
တစ်နွေလုံးအလောင်ခံ ကျစ်လာခဲ့သမျှ
အလင်းတစ်ပေါက်မှ ခပ်မသောက်ခဲ့ရရင်
သွေဖီနေတဲ့ အမှန်တရားကို
ဥပေက္ခာအရိုးနဲ့ ကမ်းကုန်အောင်ထိုးမယ် ။
ကိုယ့်ဝိညာဉ် ကိုယ်ခြွေရင်း
ကြဲပက်ခဲ့ ကြယ်ပျိုတွေ
အမှောင် ဟောက်ပက်ကြီးဆီ
တဝေါဝေါ ထိုးဆင်း
အရုဏ်မဖူးခင်
နက်ကျုတ်စို တောက်တောက်ကြီးထဲ
ဆွတ်ဆွတ်ကျင်ကျင်
ကွပ်မျက်ခံခဲ့ရပေါ့ ။
ညီလင်းနိုင်
0 comments:
Post a Comment