ညီလင်းနိုင်: အမြိုက်တရားတွေ လောင်မီးကျခဲ့ရတဲ့ လက်ပံတောင်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အမြိုက်တရားတွေ လောင်မီးကျခဲ့ရတဲ့ လက်ပံတောင်း





အစွယ်ငေါငေါနဲ့ အဆိပ်လှိုင်းဟာ ရနံ့ဟောက်ပက်လွယ်ပြီး လရောင်အောက်မှာ ပြုစားနေတယ်

ကဝေအနမ်းတွေကြဲပက်လိုက်သလို ရင်ဝတည့်တည့်ပြေးဝင်လာတဲ့ ဓားကို ရှောင်မရခဲ့ဘူး

အရိုးပေါ်အရေတင်နေ့စွဲတွေထဲ အဲဒီချွတ်ခြုံမှုဟာ နိုဝင်ဘာ တိမ်တစ်စမှာ ဇောက်ထိုးဆွဲခံလိုက်ရသလို

နင့်နင့်သီးသီးကြေမြည့်နေပုံများ လက်ပံတောင်းဟာ အလျှံတညီးညီး

ရိတ်သိမ်းခံလိုက်ရတဲ့ ဆန္ဒမှာ အရေပြားဟာ တုံးလုံးပက်လက်

ဖျက်ဆီးခံလိုက်ရတဲ့ တရားမှာ သာသနာဟာ မျက်တွင်းဟောက်ပက်

အရေဆုတ်ခံလိုက်ရတဲ့ အရင်းအနှီးမှာ မတရားမှုတွေသာ ထူထူထောင်ထောင် ဖွံ့ထွားခဲ့တယ်

တရားကို ဘယ်လို အလမ္ပာယ်နဲ့ မှော်ဝင်အသက်သွင်းလိုက်ရမလဲ ငါ့ရှင်


ထစ်ချုန်းခွင်းဝင်လာတဲ့ အမိုက်တရားမှာ ခံနိုင်ရည်ဟာ ဦးဆွေးဆံမြည့်

သတ်ကွင်းထဲက သေအံ့မူးမူးညထက် ပြည်သူတွေရဲ့ ဆန္ဒကို ရယူမပေးနိုင်ခဲ့တာ ရင်နာတယ်

သာသနာကိုသံဃာစောင့်ရှောက်တယ် သံဃာကို ပြည်သူစောင့်ရှောက်တယ်


မင်းတို့ချွေးနည်းစာရဲ့ ဆွမ်းတစ်နပ်အတွက် ငါတို့အရေပြားကို လောင်ကျွမ်းခံပစ်လိုက်တယ်

ဘယ်လိုနက္ခတ်မျိုးကမှ ဒီညကို ကြည်မွေ့အောင် ဖန်ဆင်းမပေးနိုင်ခဲ့တော့ဘူး

တော်လဲမှုဟာ အရိုင်းဆန်ဆန် လက်ပံတောင်းညကို အရှင်လတ်လတ် မျိုချပစ်လိုက်တယ်


အမှန်တရားကို ကာကွယ် စောင့်ရှောက်ထားတဲ့ တံတိုင်းဟာ သင်္ကန်း

လက်နက်ဆန်းဟာ သင်္ကန်းကို ဖြတ်ကျော်ပြီး ရင်အစုံကိုပါ ရိုက်ချိုးသွားခဲ့တယ်

တည်တည်တံ့တံ့အမှန်တရားအတွက် ငါတို့အသက်ကို စိုက်စိုက်မတ်မတ် စိုက်ပျိုးထားခဲ့တယ်


သာသနာ့ရာဇဝင်မှာ သာကီနွယ်မျိုးတို့အတွက် ဝိဋဋူပရဲ့ အမျက်ကို ဘယ်လိုတားဆီးခဲ့သလဲ

ရှင်တော်ဗုဒ္ဓရဲ့ အစိရဝတီ သောင်ကမ်း သုံးကြိမ်မြောက်ခြေလှမ်းဟာ အမျိုးကိုစောင့်ရှောက်ခြင်းပဲ

သံဃာဟာ သာသနာကို စောင့်ရှောက်သလို အမျိုးကို စောင့်ရှောက်ရမယ်

အမြိုက်တရားတွေ ညက်ညက်ကြေခဲ့ရတဲ့ လက်ပံတောင်း

သံဃာ့သွေးတွေ နက်နက်စွေခဲ့ရတဲ့ လက်ပံတောင်း

ဆန္ဒနဲ့ ဘဝမှာ အမှန်တရား ဈာပနဟာ ကြေကြေကွဲကွဲ

တစ်သက်စာခိုးယူခံလိုက်ရတဲ့ အနာဂတ်ကြီးအတွက်


ရှင်သန်ခြင်းတရားကိုပဲ လွတ်လွတ်ကျေကျေ ပူဇော်ပသလိုက်ပါတယ် ။








ညီလင်းနိုင် 
 
 
 
 
 
 

18 comments:

ဖတ်နေရင်း...ကြက်သီးမွေးညင်းတွေတောင် ထတယ် အစ်ကို
ဒါ အစ်ကို့ ရင်ထဲက အစစ်အမှန်ခံပြင်းလို့လို့ ထွက်ကျလာတဲ့ ကဗျာဆိုတာ ညီမလေး သိတယ်..
ဖတ်နေရင်း ရင်ထဲမှာ ၀မ်းနည်းလာတယ် အစ်ကို
ရင်ထဲကို တိုက်ရိုက်ထိမှန်တဲ့ ကဗျာပါပဲ
............

 

စိတ်မကောင်းစရာ :(

 

ကိုညီလင်းနဲ့ ထပ်တူ မိုးနတ်တို့လဲခံစားရပါတယ်...
တနေ့ တနေ့ fb မှာတက်လာတာ အဲဒိသတင်းတွေချည်းပဲ...
အမေစုတော့ ရောက်သွားပြီ....ခုတင်မိုးနတ်ရဲ့မေနဲ့ဖေနဲ့ dvb မှာ
သတင်းတွေကြည့်နေတယ်..ဘာတွေဆက်ဖြစ်မယ်တော့မသိပါဘူးအကိုရေ.
ရင်ပူလာတယ်...အာခေါင်ခြောက်တယ်....ဟူး...
အားလုံးကို ရေနဲ့မျှောချလို့ရရင်ကောင်းမှာပဲ.....

 

စိတ်မကောင်းစရာ ရင်နင့် စရာပါပဲ...
တစ်ခု ပြီးတစ်ခု ဖြစ်နေတော့တာပါလား ..
ဟူးးးးးးးးးးးးးးးးး......ဘယ်တော့များမှ
ငြိမ်းချမ်းရပါ့

 

ပြောပြမတတ်လောက်အောင်ပါပဲ ၀မ်းနည်းကြွေကွဲရပါတယ် ဒကာတော် ညီလင်းနိုင်ရေ။ ၂၀၀၇ က ဒဏ်ရာဟောင်းတွေတောင် အနာမကျက်သေးဘူး။ ရင်နာတယ်၊ ရင်နာတယ်။ တကယ်ပဲ။ အော် ရက်စက်လိုက်ကြတာ၊ ရွှေ၊ စိန်တို့ရယ်...

ချမ်းမြေ့ပါစေ ဒကာတော် ညီလင်းနိုင်ရေ
ခင်မင်တဲ့

 

စိတ်မကောင်းစရာလေးပါဗျာ

 

ထွက်လာတဲ့ဒီကဗျာအတွက် ဘာပြောရမှန်းမသိသေးဘူး

မိငြိဏ်းခက်

 

၂ခါပြန်ဖတ်ခဲ့တယ် ဖတ်ပြီး စိတ်မကောင်းစရာတွေမျက်စိထဲမြင်တွေ့
နေရသလိုပါပဲ

 

ရိတ်သိမ်းခံလိုက်ရတဲ့ ဆန္ဒမှာ အရေပြားဟာ တုံးလုံးပက်လက်

ဖျက်ဆီးခံလိုက်ရတဲ့ တရားမှာ သာသနာဟာ မျက်တွင်းဟောက်ပက်

အရေဆုတ်ခံလိုက်ရတဲ့ အရင်းအနှီးမှာ မတရားမှုတွေသာ ထူထူထောင်ထောင် ဖွံ့ထွားခဲ့တယ်
အရမ်းခံစားရတယ် ဦးညီရေ....ဦးညီရဲ့ ညမီးအိမ်..ထာဝရ အလင်းပြနိုင်ပါစေနော်....ညီဆန္ဒပြုခဲ့ပါတယ်...

 

အရိုးပေါ်အရေတင်နေ့စွဲတွေထဲ အဲဒီချွတ်ခြုံမှုဟာ နိုဝင်ဘာ တိမ်တစ်စမှာ ဇောက်ထိုးဆွဲခံလိုက်ရသလို

နင့်နင့်သီးသီးကြေမြည့်နေပုံများ လက်ပံတောင်းဟာ အလျှံတညီးညီး
မိုက်မှမိုက်..
စကားလုံးတွေအရမ်းမြင့်လွန်းတယ်အကိုရေ.. လိုက်မမှီဘူး..ခိခိ
HaPpy SwEeT DeCeMbeR

 

ရေးတတ်လိုက်တာ ဗျာ

 

Can i share your post.

 

စိတ်မကောင်းစရာလေးပါပဲ
စာသားတွေက ပြင်းနေတော့ ဖတ်လိုက်ရတာ စိတ်မကောင်းတောင်ဖြစ်မိတယ်
အရေးအသားလေးတွေကတော့ ကောင်းလှပါဘိ
နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

 

fb တောင် သုံးချင်စိတ် မရှိအောင် ဖြစ်ရတယ်အကိုရေ...:(

 

လက်ပံတောင်းတောင်အဖြစ်အပျက်ကို စကားလုံးအားကောင်းကောင်းနဲ့ ရေးဖွဲ့ထားတာ အားကျပါရဲ့အစ်ကို။ အကြိုက်ဆုံးစာသားက
ဖျက်ဆီးခံလိုက်ရတဲ့ တရားမှာ သာသနာဟာ မျက်တွင်းဟောက်ပက် ဆိုတာပါပဲ။
ခင်တဲ့
ရိုးမြေကျ

 

အလင်းရောင်အောက်မှာမှ ပိုမြင်သာတဲ့သဘော လို့လည်း လှည့်တွေးဖြေလျှော့မိပါတယ် ...

 

ရင်ထဲမှာ ထိရှဆို့နင့်ခဲ့ပါတယ် ကိုညီရေ

 

Post a Comment

Related Posts Plugin for WordPress, Blogger...