ညီလင်းနိုင်: ထူးခတ်ခံထားရတဲ့ သိင်္ဂါရလေပြေ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ထူးခတ်ခံထားရတဲ့ သိင်္ဂါရလေပြေ









ချောင်းခြားအိပ်မက်ဆိုတာ ရင်ဝေးကြယ်တစ်စင်းရဲ့ ဈာပန

တငွေ့ငွေ့စွဲလောင်နေတဲ့ ဝေးကွာခြင်းမှာ နေရောင်ကိုလက်ထိုးအန်သလို

အလွမ်းတွေ ဖွာရာထစ်ချုန်း မြုံ အ နေတဲ့အသံဟာ ရင်တစ်ဆုံးစိုက်ဝင်ခဲ့တယ်

ကျပ်ခိုးစွဲနေတဲ့ အထီးကျန်မှုမှာ သွေးဆာနေတဲ့ ဓားတစ်စင်းလို တမြိမြိမြခဲ့ရ

မနက်ခင်းတွေ မှုန်ရီဖျော့ရှသွားတိုင်း ရင်တစ်အုံလုံး မြေ့မြေ့ကြေခဲ့ရပေါ့

ကြေကွဲရောင်မြစ်တွေ အထပ်ထပ် ဖြတ်စီးဆင်းသွားတဲ့ ရင်ရိုးဟောက်ပက်ကြီးပါ

ဘယ်တော့မှ မလင်းနိုင်တော့မယ့် အနူပညာကို နှလုံးအိမ်မှာ ချိတ်ဆွဲထားခဲ့မိတယ်

အရိုင်းဆန်တဲ့ တောပန်းကလေး အထိတ်တလန့်ထပွင့်သလိုမျိုး

ဘယ်လိုမှော်ဝင်မှုမျိုးကမှ တခမ်းတနား ငွေ့ရည်မဖွဲ့နိုင်တော့ဘူး   

 အမိုက်တရားတွေ ဝေဝေဆာဆာဖူးပွင့်ခဲ့တဲ့ လမ်းအိုအိုကြီးထဲ

ချစ်သူရဲ့ ခြေချင်းသံလွင်လွင်ကလေးဟာ နှင်းဆွတ်ထားတဲ့ ချိုလရောင်လို

နံရိုးတစ်ချောင်းရဲ့ စိတ္တဇနဲ့ ငါ့ ညတွေကို ဆွတ်ပျံ့ကြည်မွေ့ဖွယ် လင်းဝေစေခဲ့တယ်

ဒုက္ခရောင်မီးစုန်းတွေ အစွယ်ပေါက်လာသလို မြင်ကွင်းထဲ ဟက်တက်ခွဲဝင်လာသမျှဟာ


အဆန်းတကြယ်နဲ့ နက်နက်ကျင်ကျင် သူစိမ်းဆန်လွန်းခဲ့

ခါးချိုးခံလိုက်ရတဲ့ တံတားတစ်စင်း ဘယ်လိုအလင်းနဲ့ ဆက် ကျောခင်းပေးရမလဲ

ငါတစ်ကယ့်ကို တုန်လှုပ် ထိခတ်စွာ မေးခဲ့ချင်ပါရဲ့ အရှင် 
 
လျှို့ဝှက်ထားတဲ့လက်သည်းကို အစဆွဲထုတ်လိုက်မိသလို

ထစ်ချုန်းမောင်းဝင်လာတဲ့ အသံမှာ စိတ်အနာတရလည်း မွစာကျဲသွားပြီ

ဘယ်လို အတိဿရနဲ့ နိဒါန်းကို မော်ကွန်းထိုးလိုက်ရမလဲ

မြို့ဟောင်းကလေးရဲ့ အဝေးကခေါ်သံတွေအောက် အကြိမ်ကြိမ် သေပွဲဝင်နေရတုန်း

ငါဆွဲကိုင်လိုက်တဲ့ စာနာတရားဟာ ငါ့စိတ်ကို အပြီးတိုင် နူတ်ယူသွားခဲ့တယ် ။






ညီလင်းနိုင် 





14 comments:


အမိုက်တရားတွေ ဝေဝေဆာဆာဖူးပွင့်ခဲ့တဲ့ လမ်းအိုအိုကြီးထဲ
ချစ်သူရဲ့ ခြေချင်းသံလွင်လွင်ကလေးဟာ နှင်းဆွတ်ထားတဲ့ ချိုလရောင်လို
နံရိုးတစ်ချောင်းရဲ့ စိတ္တဇနဲ့ ငါ့ ညတွေကို ဆွတ်ပျံ့ကြည်မွေ့ဖွယ် လင်းဝေစေခဲ့တယ် .......အဒီ စာသားလေးတွေကိုကြိုက်တယ်
ခင်တဲ့ jasmine

 

ချောင်းခြားအိပ်မက်ဆိုတာ ရင်ဝေးကြယ်တစ်စင်းရဲ့ ဈာပန
တငွေ့ငွေ့စွဲလောင်နေတဲ့ ဝေးကွာခြင်းမှာ နေရောင်ကိုလက်ထိုးအန်သလို
အလွမ်းတွေ ဖွာရာထစ်ချုန်း မြုံ အ နေတဲ့အသံဟာ ရင်တစ်ဆုံးစိုက်ဝင်ခဲ့တယ်......

ကောင်းတယ်ညီလင်းရေ..အဲဒိနေရာလေးကစပြီးတော့ကိုကြိုက်သွားတာ
တပုဒ်လုံးဆိုပါတော့လေ....အဲ..ညီလင်းကဗျာတွေကို
ဘယ်တုန်းကများ မိုးနတ်မကြိုက်ဖူးတာရှိသလဲ....ဟိ
ခင်မင်နေတဲ့..မိုးနတ်

 

လျှို့ဝှက်ထားတဲ့လက်သည်းကို အစဆွဲထုတ်လိုက်မိသလို

ထစ်ချုန်းမောင်းဝင်လာတဲ့ အသံမှာ စိတ်အနာတရလည်း မွစာကျဲသွားပြီ

ဘယ်လို အတိဿရနဲ့ နိဒါန်းကို မော်ကွန်းထိုးလိုက်ရမလဲ ...
အကုန်ကြိုက်..
အတိဿရအလင်္ကာ လို့ ပြောရမလား.. ဥပမာအလင်္ကာလို့ ပြောရမလား..
ဝင်္က၀ုတ္တိအလင်္ကာဆိုပိုမှန်မယ့် ကဗျာကောင်းကောင်းလေးကိုခံစားသွားပါ
တယ်အကိုရေ..

 

စကားလုံးတွေ၊ အသုံးအနှုန်းတွေကြည့်ပြီး သေသေချာချာ ခံစားပြီး ရေးထားတဲ့ပုံပဲ ဒကာတော် ညီလင်းနိုင်ရေ။
ခင်မင်တဲ့

 

အစ်ကိုရေ စာသားတွေကမိုက်လိုက်တာ။

 

ခါးချိုးခံလိုက်ရတဲ့ တံတားတစ်စင်း ဘယ်လိုအလင်းနဲ့ ဆက် ကျောခင်းပေးရမလဲ
ထစ်ချုန်းမောင်းဝင်လာတဲ့ အသံမှာ စိတ်အနာတရလည်း မွစာကျဲသွားပြီ

ဘယ်လို အတိဿရနဲ့ နိဒါန်းကို မော်ကွန်းထိုးလိုက်ရမလဲ

မြို့ဟောင်းကလေးရဲ့ အဝေးကခေါ်သံတွေအောက် အကြိမ်ကြိမ် သေပွဲဝင်နေရတုန်း

ငါဆွဲကိုင်လိုက်တဲ့ စာနာတရားဟာ ငါ့စိတ်ကို အပြီးတိုင် နူတ်ယူသွားခဲ့တယ် ။

ဘယ်လို ပြောရပါ့ ......!
အရမ်းကောင်းတယ် ပဲ ပြောချင်ပါတယ်
ဦးညီ ကဗျာ ဖတ်ရတာ အားတောင်နာတယ်
ကိုယ့်မှာ ချီးမွမ်းစရာ စကားလုံး
ဖြစ်ဖြစ် မြောက်မြောက် မသုံးစွဲတတ်တော့
ပြောစရာစကားလုံး ပျောက်ဆုံးရလောက်အောင်ကို ကောင်းလိုက်တာ...။

ဆက်လက်ပြီး
ကဗျာချစ်ခြင်း ပစ်ခွင်းနိုင်ပါစေရှင်

 

ekk... အစ်ကို့ကဗျာတွေကိုဖတ်ပြီး မန့်မယ်ကြံတိုင်း မမန့်တတ်ဘူး ဟီးဟီး ဘယ်ဟာကို သွားမန့်ရမလဲ သိတော့ဘူး... ခြုံပြောရရင် အရမ်းကောင်းတယ်.. နောက် ဒီကဗျာဖတ်ရင်း သရဲကားလိုလို ဘာလိုလို အတွေးဝင်လာသေးတယ် (ဆိုင်မဆိုင်တော့ မသိဘူး ဟီးးး xD)

 

သုံးထားတဲ့ စာသားတွေလန်းချက် ... အတုယူရမယ်....

 

အရှင်

လျှို့ဝှက်ထားတဲ့လက်သည်းကို အစဆွဲထုတ်လိုက်မိသလို

ထစ်ချုန်းမောင်းဝင်လာတဲ့ အသံမှာ စိတ်အနာတရလည်း မွစာကျဲသွားပြီ
ကဗျာလေးအားပေးသွားပါတယ်အကို။

 

စာသားအသုံးအနှုန်းတွေကို သဘောကျတယ် အစ်ကို ... “ငါဆွဲကိုင်လိုက်တဲ့ စာနာတရားဟာ ငါ့စိတ်ကို အပြီးတိုင် နူတ်ယူသွားခဲ့တယ် ။” အဲဒီစာကြောင်းလေးကိုတော့ အကြိုက်ဆုံးပဲ ...

 

နူးညံ့လှပပြီး အားထုတ်မှုကို ရင်တွင်းသို့ ပို့ပေးနိုင်ခဲ့ပါတယ် ...

 

ငါဆွဲကိုင်လိုက်တဲ့ စာနာတရားဟာ ငါ့စိတ်ကို အပြီးတိုင် နူတ်ယူသွားခဲ့တယ်
Like :)

ကဗျာတွေကို သိပ်ကွန်မန့် မပေးတတ်လို့ အကို
သဘောတကျစိတ်နဲ့ပဲ ဖတ်တတ်တယ်.....
အားပေးသွားပါတယ်နော်

 

ချောင်းခြားအိပ်မက်ဆိုတာ ရင်ဝေးကြယ်တစ်စင်းရဲ့ ဈာပန
..ကဗျာ အစထဲကကို စွဲဆောင်မှု ရှိလွန်းတယ်အကိုရေ..

 

မိုက်တယ်ဗျာ......

 

Post a Comment

Related Posts Plugin for WordPress, Blogger...