ရွှေမြန်မာမိသားစုဝင်များ တစ်ဦးစီတိုင်းကို မင်္ဂလာပါလို့ ကျွန်တော် နူတ်ခွန်းဆက်သပါတယ် ။
ဥယျာဉ်မှုးလေးရဲ့ ဦးဆောင်မှုနဲ့အတူ အဖက်ဖက်က တာဝန်ရှိသူတွေ အားလုံးရဲ့ ဖေးမ ပံ့ပိုးမှုတွေအပြင် ၊
ရွှေမြန်မာ မိသားစုဝင် တစ်ဦးစီတိုင်းရဲ့
ညီညွတ်မှုတွေကြောင့် ရွှေမြန်မာဥယျာဉ်ဟာ အောင်မြင်မှုတွေဆွတ်ခူးရရှိနေသလို ၊
ခမ်းနားတောက်ပခြင်းတွေနဲ့အတူ ထည်ထည်ဝါဝါ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ် ။
ဒီလိုအောင်မြင်နေတဲ့ မိသားစုဝင်ထဲမှာ ကျွန်တော့်အနေနဲ့ စကားအနည်းငယ် ပြောခွင့်ရတဲ့အတွက်
ဂုဏ်ယူကျေနပ် ပီတိဖြစ်မိပါတယ် ။
ကျွန်တော့်အနေနဲ့ ဟောပြောတယ် ဆိုတာထက် ၊
ရွှေမြန်မာမိသားစုဝင်ထဲက ကျွန်တော့်ထက် အသက်အားဖြင့် ငယ်ရွယ်တဲ့ ညီငယ် ညီမငယ်များအတွက် ၊
အကိုတစ်ယောက်အနေနဲ့ ရင်းရင်းနှီးနှီးစကားပြောခွင့် ရတယ်လို့ပဲ ခံယူထားပါတယ် ။
ဒီတော့ ညီလေး ညီမလေး ဆိုတဲ့ အသုံးအနူန်းမျိုးနဲ့ပဲ ရင်းနှီးနွေးထွေးစွာ သုံးခွင့်ပြုစေလိုပါတယ် ။
ကျွန်တော့်အနေနဲ့ ညီလေး ညီမလေးတို့အတွက် ဆွေးနွေးပေးချင်တဲ့ ခေါင်းစဉ်က
( သန့်ရှင်းသော နှလုံးအိမ် ) ပဲဖြစ်ပါတယ် ။
ဒီကနေ့ခေတ်လူငယ်တွေဟာ အရာရာကို သိလွယ် တတ်လွယ်ပြီး တိုးတက်ချင်စိတ်တွေ
အမြဲထက်ရှနေတယ်ဆိုတာကို ကျွန်တော် အကြွင်းမဲ့ ယုံကြည်လက်ခံပါတယ် ။
ဒါဟာ နောင်တစ်ချိန်မှာ ခေတ်ကို ဦးဆောင်မယ့် လူငယ်တွေတိုင်းမှာ ရှိသင့် ရှိအပ်တဲ့
ထက်မြက် တက်ကြွ လှုပ်ရှား နိုးကြားမှုတစ်ခုပါပဲ ။
တိုင်းပြည်ဟာ ဥယျာဉ်တစ်ခုဆိုရင် လူငယ်ဟာ ပျိုးပင်ပေါက်လေးတွေပဲ ဖြစ်ပါတယ် ။
ဥယျာဉ်ကြီး တစ်ခုလုံး စိမ်းလန်းစိုပြေ ဝေဆာ လှပလာနိုင်ဖို့
ပျိုးပင်ပေါက်လေးတွေမှာ အားရှိနေမှ ဖြစ်မယ် ။
သဘာဝဘေးအန္တရာယ်တွေနဲ့ အနှောက်အယှက် အဖျက်အဆီး ပရောဂတွေကိုပါ ကြံ့ကြံ့ခိုင်နိုင်ဖို့ ၊
ပျိုးပင်လေးတွေကို တည့်မတ် လမ်းကြောင်းပေးဖို့ ဥယျာဉ်မှုးမှာ တာဝန်ရှိပါတယ် ။
အွန်လိုင်းပေါ်မှာတင်ပဲ ကြိုက်နှစ်သက်ရာ စာပေကို အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်တာမို့ ၊
မြန်မာနိုင်ငံရဲ့ အထင်ကရ စာရေးဆရာကြီးတွေရဲ့ စာတွေကို ဖတ်ဖူးကြသလို
အသင့် ဘာသာပြန်ပြီးသား ကမ္ဘာကျော်စာပေ အတော်များများကိုပါ ၊
ဖတ်နေနိုင်ကြတာဟာ အနာဂတ်အတွက် အင်မတန် ပြည့်စုံတဲ့ အလားအလာကောင်းတွေပါပဲ ။
ညီလေး ညီမလေးတို့အနေနဲ့ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ စာဖတ်အားကောင်းလို့
အတွေးအမြင်တွေ ထက်ရှလာတာကို
ကျွန်တော် ဝမ်းသာမိပေမယ့် ၊ ဘာသာရေးပိုင်းမှာ အတော်လေးကို အားနည်းနေတာကိုတော့
အားမလိုအားမရ ဖြစ်မိပါတယ် ။
ပတ္တမြားပေမယ့် နွံလူးနေတာမို့ ထင်သလောက်တောက်ပမလာနိုင်တာကို အားမရ ဖြစ်မိတာပါ ။
လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းပြောရရင်
လူငယ်တွေ ထင်နေတာက ဘာသာရေးဆိုတာ အသက်ကြီးသူတွေ ၊
အိုမင်းရင့်ရော်သူတွေ ၊ ဒီထက် ပွင့်ပွင့်လင်းလင်းထပ်ပြောရရင် တောကျတဲ့လူတွေလောက်ပဲ
လေ့လာစရာ အလုပ်လို့ ထင်နေတာကိုတော့ ကျွန်တော် စိတ်မကောင်းတာ အမှန်ပါပဲ ။
ကမ္ဘာကျော်အတွေးအခေါ်ပညာရှင်ကြီးတွေရဲ့ အကိုးအကားတွေ စကားလုံးတွေကို
နေရာတိုင်းလိုလိုမှာ အထင်တကြီး ယူငင် သုံးစွဲ ပြောဆိုနေပေမယ့် ၊
ကလေးဘဝကထဲက ကြားဖူးနေတဲ့ နိဗ္ဗာန် ဆိုတဲ့ စကားလုံးအပေါ်မှာ ၊
နိဗ္ဗာန် ဘယ်မှာလဲ ဆိုတဲ့ မေးခွန်းတစ်ခုထွက်လာရုံနဲ့တင် တစ်သက်လုံးကိုးကွယ်လာပါတယ် ဆိုတဲ့
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဖြေစရာ အဖြေမရှိတာတော့ မဖြစ်သင့်တဲ့ အနေအထားတစ်ခုပါပဲ ။
ကမ္ဘာကျော် နိုင်ငံကျော် တွေးခေါ်ပညာရှင်တွေ ဆိုတာ ဘယ်လောက်တော်နေနေ တတ်နေနေ ၊
ပုထုဇဉ်ဆိုတာကို မေ့ထားလို့ မရပါဘူး ။ ပုထုဇဉ်ဖြစ်တာကြောင့် အမှားမကင်းဘူး ။
ပုထုဇဉ်တစ်ယောက်ရဲ့ စကားတစ်ခွန်း လုပ်ရပ်တစ်ခုကိုတောင် အသေအကြေ အလွတ်ကျက်မှတ်ပြီး
အာဂုံဆောင်ပြနေနိုင်တယ်ဆိုရင် လောက ၃ ပါးမှာ အတုမရှိတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သြဝါဒတွေကို
ဘာကြောင့် လုံးလုံးမလေ့လာကြ မသိချင်ကြတာလဲ ဆိုတာကို ကျွန်တော် စဉ်းစားလို့ မရဘူး ။
ဘုရားဟောတရားတော်တွေကို လေ့လာရတာကိုပဲ ခေတ်မမီတော့သလိုလို ၊
ခေတ်စကားနဲ့ ပြောရရင် တောအထာပဲ ကျနေသလိုလို ၊
ငပိန်းအထာပဲ ဖြစ်နေသလိုလို ၊ ခေတ်နောက်ပြန်ပဲရောက်သွားတော့မလိုလို ။
ညီလေး ညီမလေးတို့အနေနဲ့ ဒီလို မတွေးသင့် မဖြစ်သင့်ဘူးလို့ပဲ
အကိုအရင်းတစ်ယောက်လို စိတ်နဲ့ ကျွန်တော် ပြောပါရစေ ။
လောကီအရ စီးပွားရေး လူမှုရေးကနေ အိမ်ထောင်သားမွေး ကိစ္စအထိ ၊
ဗုဒ္ဓစာပေမှာ တိတိကျကျ ရှိထားပြီးသား ဟောထားပြီးသားပါ ။
အလွယ်တကူ ယူငင် သုံးစွဲလိုက်ရုံလေးပါပဲ ။
သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကတ် သုံးပုံထဲက
သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကတ် သုံးပုံထဲက
ညီလေး ညီမလေးတို့ ကြားဖူးနေပြီးဖြစ်တဲ့ဇာတ်တော်တွေကို ဖတ်ဖူးရုံနဲ့တင် ၊
ကိုယ်နဲ့ အရွယ်တူတွေထဲမှာ ကိုယ်ဟာခေါင်းတစ်လုံးသာပြီး ဦးဆောင်နေနိုင်တာကို
ကိုယ်တိုင် သိမြင်လာမှာ အသေအချာပါပဲ ။
ကုသိုလ်ကောင်းမှုတစ်ခုကို နိစ္စဓူဝ ပြုနေရုံနဲ့လည်း စူဠသောတာပန်ဆိုက်နေတာပါပဲ ။
ဒီတော့ ညီလေး ညီမလေးတို့အနေနဲ့ တရားတော်တွေကို လေ့လာ အားကောင်းထားတယ်ဆိုရင် ၊
နီးစပ်ရာ ရွယ်တူ သူငယ်ချင်းတွေကို တစ်ဆင့်ပြန်ပြီး ဟောပြလို့ တရားဆွေးနွေးနေမယ် ဆိုရင် ၊
အမြတ်ဆုံးအလှူဖြစ်တဲ့ ဓမ္မဒါနကို ထိုင်ရာမထ နေ့စဉ် ပြုလုပ်နေလို့ ရနေတာပါပဲ ။
ကျွန်တော့်အနေနဲ့ ရွှေမြန်မာ မိသားစု ညီလေး ညီမလေးတို့အတွက် အဓိက ဆွေးနွေးချင်တာကတော့ ၊
အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုဖြစ်တဲ့
( Living Together ) လက်မထပ်ပဲ အတူနေ ကိစ္စပဲဖြစ်ပါတယ် ။
အထူးသဖြင့် ညီမလေးတွေကို ဆွေးနွေးချင်တာက ၊
ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်မှာ ၊
ကုသိုလ်ကောင်းမှုကို အထူးတလည် အားထုတ်နေစရာမလိုပဲ
နတ်ပြည်ရောက်နိုင်တဲ့ ပုဂ္ဂိုလ် ( ၃ ) မျိုးအကြောင်းပါ ။
ဒီပုဂ္ဂိုလ်တွေကတော့ ရဟန်း ၊ ရှင်ဘုရင်နဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေပဲ ဖြစ်ပါတယ် ။
ရဟန်းတစ်ပါးအနေနဲ့ နတ်ပြည်ရောက်ဖို့ အလှူဒါနတွေ အထူးတလည်ပြုလုပ်နေစရာ မလိုပဲ ၊
သူစောင့်ထိန်းရမယ့် ၂၂၇ သွယ်သော ရဟန်းသိက္ခာပုဒ်တွေကို
လိုက်နာနေရုံနဲ့ နတ်ပြည်ရောက်ပါသတဲ့ ။
မင်းအစိုးရ အနေနဲ့လည်း အထူးတလည် ပြုလုပ်နေစရာမလိုပဲ ၊
သူလိုက်နာ ကျင့်သုံးရမယ့် မင်းကျင့်တရား ( ၁၀ ) ပါးကို စောင့်ထိန်းရုံနဲ့တင် သေရင်
နတ်ပြည်ရောက်တယ်တဲ့ ။
ဒီနေရာမှာ အဲဒီ မင်းကျင့်တရား ဆိုတာလေးကို တစ်လက်စထဲ ချပြခဲ့ပါရစေ ။
ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ မင်းကောင်း မင်းမြတ်တို့ လိုက်နာကျင့်သုံးအပ်တဲ့
ရာဇောဝါဒ သုတ္တန် မင်းကျင့်တရား ( ၁၀ ) ပါးကတော့ ၊
၁. အလှူပေးခြင်း (ဒါန)
၂. ငါးပါးသီလ ဆောက်တည်ခြင်း (သီလ)
၃. ပေးကမ်း စွန့်ကြဲခြင်း (ပရိစာဂ)
၎. ဖြောင့်မတ်ခြင်း (အဇ္ဖ၀ံ)
၅. နူးညြံ့ခင်း (မဒ္ဒ၀ံ)
၆. ရှစ်ပါးသီလ ဆောက်တည်ခြင်း (တပံ)
၇. အမျက်မထွက်ခြင်း (အကောဇံ)
၈. ပြည်သူတို့ကို မညှဉ်းဆဲခြင်း (အ၀ိဟိံသံ)
၉. သည်းခံခြင်း (ခန္တီ)
၁၀. ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း (အ၀ိရောဓနံ) ဆိုတဲ့ အချက် ( ၁၀ ) ချက်ပဲ ဖြစ်ပါတယ် ။
လောကအတွက် အမှန်တစ်ကယ်ကို လိုအပ်လို့ ဘုရားရှင်က ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ် ။
ဘယ်တိုင်းပြည်က မင်းအစိုးရတွေ ဘယ်အချက်တွေနဲ့ ညီတယ် မညီဘူးကတော့
ညီလေး ညီမလေးတို့ ရှုမြင် သုံးသပ်နိုင်မှာပါ ။
ဒီတော့ နောင်တစ်ချိန်မှာ အိမ်ထောင်ရှင်အမျိုးသမီးကောင်းတွေ ဖြစ်လာမယ့်
ညီမလေးတွေအနေနဲ့ကတော့ ၊
အိမ်တွင်းမှုလုပ် ၊ သိမ်းထုပ်သေချာ ၊ မိစ္ဆာရှောင်ကြဉ် ၊ လျော်အောင်ဖြန့်ချီ ၊ ပျင်းရိမမူ ဆိုတဲ့
မယားဝတ္တရား ( ၅ ) ပါးကို လိုက်နာကျင့်သုံးနေရုံနဲ့တင် နတ်ပြည်ရောက်နိုင်ပါတယ် တဲ့ ။
အိမ်ထောင်ရှင်မ ဘဝကို မရောက်မီ ၊ တန်ဖိုးရှိတဲ့ အပျိုစင်ဘဝမှာ
မိမိရဲ့ အဖိုးမဖြတ်နိုင်တဲ့ အပျိုစင်ဘဝကိုပါ ထိမ်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ် ။
အညွှန့်ချိုးခံလိုက်ရတဲ့ ပန်း ဘယ်လိုစိတ်နဲ့ ဆက် လန်းဆန်းနေရဦးမလဲ ။
ဖုံးကွယ်ထားပြန်ရင်လည်း တစ်သက်လုံးကိုယ်က အပြစ်ကျူးလွန်နေသူ ၊ ဖွင့်ပြောရအောင်ကလည်း
" မောင်ရေ .... ညီမတော့လေ... မောင်နဲ့ချစ်သူမဖြစ်ခင် ဟိုကောင်လေးနဲ့ ဘယ်နေရာမှာ တစ်ည ၊
ဒီကောင်လေးနဲ့ ဘယ်နေရာမှာ တစ်ည " ဆိုရအောင်ကလည်း မဖြစ်သေး ။
အထူးသဖြင့် ညီမလေးတွေ အနေနဲ့ မိမိရဲ့ တရားဝင် ခင်ပွန်းဘဝ မရောက်သေးတဲ့ ချစ်သူအပေါ် ၊
အိမ်ထောင်သည် အပြုအမူတွေ လက်မခံသင့်ပါဘူး ။
ချစ်သူ ဘဝမှာ အခုလို စည်းမစောင့်နိုင်တဲ့ ၊ မထိန်းသိမ်းနိုင်တဲ့ ၊
တဒင်္ဂ သာယာမှုကို ကြည့်တဲ့ ကိုယ့်ချစ်သူ အပေါ် ၊
ညီမလေးတို့အနေနဲ့ ပြန်လည် သုံးသပ်သင့်ပါတယ် ။
မြန်မာအမျိုးကောင်းသမီးလေးတွေ မှန်သမျှ အလွယ်တကူပါမယ့်သူ မရှိကြဘူးဆိုတာ
ကျွန်တော် ယုံကြည်ပြီးသားပါ ။
ဒါပေမယ့် ဆိတ်ကွယ်ရာမှာ ကိုယ့်ချစ်သူနဲ့ ချိန်းတွေ့ပြီ ဆိုရင်တော့ ပြဿနာ အကြီးကြီး ရှိလာပါပြီ ။
ဆိုကြပါစို့ ..... ကိုယ်က သဘောမတူဘူး.... ဒါပေမယ့် တစ်ဖက်က ကိုယ့်ချစ်သူက
အင်အားသုံးပြီး တောင်းဆိုလာပြီဆိုရင် ၊
" ဟောဒီမှာ လာကြပါဦးရှင် .... ကယ်ကြပါဦးရှင်.... ကျွန်မကို မတရားကြံစည်နေပါတယ် "
လို့ အော်ဟစ် အကူအညီတောင်းရဲပါ့မလား ။
တစ်ခြားသူမှ မဟုတ်ပဲ ၊ ကိုယ်ချစ်မြတ်နိုးလို့ ချစ်သူအဖြစ် ရွေးချယ်ပြီး လက်ခံပေးထားသူ မဟုတ်လား ။
ဒီတော့ ဆိတ်ကွယ်ရာ ခဏ တဒင်္ဂမှာ ၊ ညီမလေးတို့ ဘဝ တန်ဖိုးမဲ့ခဲ့ရပါပြီ ။
တန်ဖိုးမရှိတဲ့ နေရာမှာ တန်ဖိုးမဲ့ခဲ့ရတာပါ ။
တန်ဖိုးမရှိတဲ့နေရာဆိုလို့ .....
" အဲသလိုသာဆိုရင် မီးမီးအလှည့်ကျရင်တော့ HOTEL တက်မှာပေါ့ " ဆိုတာမျိုးတော့ မလုပ်လိုက်ပါနဲ့ ။
တရားဝင်ဇနီးမယားဘဝနဲ့ လင်မယား မင်္ဂလာအိပ်ခန်းက လွဲရင်
အပျိုစင်အနေအထားမှာ ဘယ်လိုနေရာမဆို ၊
( Living Together ) ဘဝနဲ့ မင်္ဂလာမမည်နိုင်တာကြောင့် အ မင်္ဂလာ အဖြစ် တန်ဖိုးမဲ့နေရတာပါပဲ ။
ယောင်္ကျားလေးအတော်များများဟာ ချစ်သူနဲ့ ပက်သက်ပြီး
သူငယ်ချင်းတွေရှေ့မှာ ပိုပိုသာသာ ကြွားဝါတတ်ကြတာ သဘာဝပါ ။
လက်ကလေးလောက် ကိုင်ခဲ့ရရင်ကိုပဲ ပါးကလေးနမ်းခဲ့သလို ၊
ပါးကလေးနမ်းခဲ့ရရင်ကိုပဲ .... ဘာကြီး ညာကြီးပေါ့ .... ဆိုပါတော့ .....
အဲသလိုတွေ ရှိတတ်ကြတာ အမှန်ပါပဲ ။ ညီမလေးတွေ ဆင်ခြင်နိုင်ဖို့ပါ ။
ဒီတော့ ..... ကာမေသုကိစ္စလည်း တူတူပါပဲ ....
အထူးသဖြင့် သူနဲ့ လမ်းခွဲလိုက်ပြီး ၊ ကိုယ်က နောက်ထပ် ချစ်သူတစ်ယောက် ၊
လက်တွဲဖော်တစ်ယောက် ရသွားပြီဆိုရင် ၊
သူနဲ့ ဖြစ်ပျက်ခဲ့သမျှကတော့ ဟုတ်တာရော ၊ မဟုတ်တာရော ကုန်ပြီသာမှတ်ပါ ။
အခုလို အင်တာနက်ခေတ်မှာ အလွယ်တကူ ဖုန်းနဲ့ပါ ဗွီဒီယိုမှတ်တမ်းတင်လို့ ရနေ ၊
ဓာတ်ပုံရိုက်လို့ ရနေတာမျိုးဆိုတော့ ၊
သူနဲ့ ကိုယ်နဲ့ ကာမေသုဇာတ်လမ်းကတော့ အင်တာနက်မှာ အပြာကား ဝက်ဘ်ဆိုဒ်တွေပေါ်မှာ
မမြင်ချင်မှအဆုံး ၊ ရောက်ပြီလို့သာ ..... စိတ်ကို ဒုန်းဒုန်းချထားလိုက်ပါ ။
အသေအချာပါပဲ ။ ရောက်ကို ရောက်ပါတယ် ။
ဒါဆိုရင် ညီမလေးတွေအနေနဲ့ ဘယ်လို ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတာ
သိမြင်လောက်ပါပြီ ။
ဆိတ်ကွယ်ရာ.... သိပ်အရေးကြီးပါတယ် ။ ဒါလေးကို နှလုံးသွင်းထားရုံလေးပါပဲ ။
ညီလေးတွေအနေနဲ့ကလည်း မိမိ တရားဝင် လက်ထပ်ယူလိုက်တဲ့ အမျိုးသမီးကလွဲရင် ၊
ဘယ်လို အမျိုးသမီးနဲ့ ဖြစ်စေ ကာမေသု စာရင်းထဲကို ဝင်တယ် ဆိုတာကို မှတ်ထားစေချင်ပါတယ် ။
ကိုယ့်ချစ်သူပဲကွာ.... ကြာခိုတာမှ မဟုတ်တာ သူပေးလို့ ငါယူတာတော့ မလုပ်လိုက်ပါနဲ့ ။
ကိုယ်က ကာမပိုင် မဟုတ်သေးပါဘူး ။ ကာမေသုမိစ္ဆာစာရ သူတပါးသား ၊ မယား ဆိုတာကို မမေ့ပါနဲ့ ။
သူတပါးမယား မဟုတ်ရင်တောင် သူတစ်ပါး သားသမီးဖြစ်ပါတယ် ။
ကိုယ်က ကာမပိုင် မဟုတ်သေးတာကို သတိချပ်စေချင်ပါတယ် ။
မသွားလာအပ်သော မိန်းမအမျိုးတွေကို ဘုရားရှင်က တိတိကျကျ ဟောထားပြီးသားပါ ။
အမိစောင့်ရှောက်သော မိန်းမ ၊ အဖ စောင့်ရှောက်သော မိန်းမ ၊
သီတင်းသုံးဖော် စောင့်ရှောက်သော မိန်းမ ၊
အဆွေအမျိုးစောင့်ရှောက်သောမိန်းမ ၊ အစရှိတဲ့ တစ်ခုချင်းစီကို အသေးစိတ်ဟောထားပြီးသားမို့ ၊
အလွယ်ပြောရရင် ကိုယ်တရားဝင် လက်ထပ်ယူလိုက်တဲ့ မိန်းမက လွဲရင်
ကျန်တာ ကာမေသု စာရင်းထဲ ဝင်ပါတယ် ။
ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်ပါ ။
ကိုယ်က တရားဝင်လက်မထပ်ပဲ ကာမကျူးလွန်နေမယ်ဆိုပါတော့ ၊
တစ်ချိန်မှာ သူက ကိုယ်နဲ့ လက်မထပ်ဖြစ်ပေမယ့် ၊
တစ်ခြားတစ်ယောက်နဲ့ လက်ထပ်မှာ အသေအချာပါပဲ ။
ဒီတော့ သူနဲ့ လက်ထပ်လိုက်တဲ့ တစ်ယောက်သောသူအတွက်
ကိုယ်က ကွယ်ရာမှာ ပြုံးနေ ရယ်နေသလို ၊
ကိုယ်တရားဝင် လက်ထပ်ယူမယ့် မိန်းကလေးရဲ့ ပထမ ချစ်သူကလည်း
ကိုယ့်ကို ပြုံးနေ ရယ်နေမှာ သိပ် သေချာပါတယ် ။
" မရဘူးဗျာ ..... ဒီကောင်က သိပ်ကို စိတ်ကြီးတာ .... စနေသား " ဆိုရင်တော့ .....
စောင့်သာ နေပါ .....
ကံတူအကျိုးပေး စနေသမီးလေးတွေပဲ ကိုယ့်အိမ်ထောင်ဖက်အဖြစ် ရောက်ရှိ ရရှိမှာ မလွဲပါဘူး ။
၁၉၉၅ ခုနှစ်လောက်က သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတယ် ။ သူက သိပ်စွံတယ် ။
ချစ်သူ ဝိုင်းဝိုင်းလည် ဆိုပါတော့ ။
ကျွန်တော် သိရသလောက်တင်ပဲ ၊ သူ့ရည်းစားကောင်မလေးတွေက
အယောက် ၂၀ ကျော်လောက်ရှိပါတယ် ။
တိုတိုပြောရရင် သူနဲ့ ကာမေသု စာရင်း မဝင်လိုက်တဲ့ ကောင်မလေး မရှိသလောက်ပါပဲ ။
ဒါပေမယ့် အဲဒီ ကောင်မလေးတွေ တစ်ယောက်မှ သူနဲ့ လက်မထပ်ဖြစ်ခဲ့ပါဘူး ။
အတော်ကို အန္တရာယ်များတဲ့ ကိစ္စပါပဲ ။
ဘာလို့လည်းဆိုတော့ သူနဲ့ ( Living Together ) စာရင်းဝင်သွားတာက ၊
အယောက် ၂၀ ကျော်နေတာကိုး ။
အယောက် ၂၀ ကျော်နေတာကိုး ။
ဒီကောင်မလေးတွေက တစ်ချိန်မှာ သေချာပေါက် အိမ်ထောင်ပြုဦးမှာ ။
အဲဒီ သူငယ်ချင်းကတော့ နောက်ဆုံး အပျက်မတစ်ယောက်နဲ့ တည့်တည့်ကြီးကို ညားသွားပါတယ် ။
ဝဋ်လည်တယ်ပဲပြောပါတော့ ။
အပျက်မဆိုလို့ အဲဒီ ကျွန်တော့် သူငယ်ချင်းအဆင့်ကို အနိမ့်ကြီး မထင်လိုက်ပါနဲ့ ။
အဖေ ၊ အကို ၊ အမ အင်ဂျီနီယာတွေပါ ။ သူတို့လူနေမှု အဆင့်အတန်းမြင့်ပါတယ် ။
သူ့ရဲ့ စိတ်ဓာတ်ကသာ အောက်ဆုံးရောက်နေတာပါ ။
ထားပါတော့ ။
ဒီတော့ သူနဲ့ ငြိစွန်းခဲ့တဲ့ ကောင်မလေးတွေရဲ့ အိမ်ထောင်ဖက် ဖြစ်လာမယ့် သူဟာ ၊
ညီလေးတွေထဲက တစ်ယောက် ဖြစ်နေရင်ရော .....
ဒါမှမဟုတ်....
ကျွန်တော်လည်း ဖြစ်နေနိုင်ပါသေးတယ် ။
အတော်ကို ကြက်သီးထစရာကောင်းတာပဲ ။
ခက်ပြီ ..... အတွေးနဲ့တင် ကျွန်တော်တို့ လက်မခံနိုင်တာ သိပ်သေချာနေပါတယ် ။
ဒီတော့ ..... ကိုယ်တောင် ဒီလို အိမ်ထောင်ဖက်မျိုး မလိုချင်ဘူးဆိုရင် .....
သူများတွေရော လိုချင်ပါ့မလား ။
မူလအစကထဲက အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပျက်ခဲ့ရသူ ၊
ခင်ပွန်းဆုံးပါးသွားလို့ ကျန်ရစ်ခဲ့ရရှာတဲ့ မိန်းကလေးမျိုးကို ၊
ကရုဏာသက်ပြီး သိသိနဲ့ ရာသက်ပန်လက်တွဲသူကို နတ်လူ ချီးကျူး သာဓုခေါ်မှာ အမှန်ပါပဲ ။
အဲဒီလို မဟုတ်ပဲ အလိုတူလို့ ဖြစ်စေ ၊ မတူလို့ ဖြစ်စေ ခိုးစား ဝှက်စား စာရင်းဝင်ခဲ့သူကိုတော့ ၊
သိခဲ့ရင် ဘယ်သူကမှ ခွင့်လွှတ်ပြီး ရေရှည် ဆက်လက် လက်တွဲသွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ ။
ဒီတော့ ညီလေးတွေအနေနဲ့ တစ်ဦးစီတိုင်းက အသိရှိရှိနဲ့ ၊
ချစ်သူ ဘဝမှာ ကိုယ့်ချစ်သူအပေါ် ချစ်ခြင်းမေတ္တာတရားစိတ်နဲ့ ၊
အိမ်ထောင်သည် အပြုအမူတွေ မပြုပဲ ထိန်းသိမ်းနေထိုင်ရမှာ ဖြစ်ပါတယ် ။
ညီမလေးတွေအနေနဲ့ကလည်း အပျိုစင် ဆိုတဲ့ မိမိရဲ့ ဣနြေ္ဒနဲ့ ဂုဏ်သိက္ခာအတွက် ၊
မိမိကိုယ်ကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်း နေထိုင်ရမှာပါ ။
ကျွန်တော်တို့ မြတ်နိုး တန်ဖိုးထားတဲ့ ချစ်သူကို လမ်းဘေးမှာ ၊ ကန်သင်းရိုးပေါ်မှာ ၊
အပျက်မတစ်ယောက်လို ၊
ဟိုတည်းခိုခန်း ၊ ဒီတည်းခိုခန်းပေါ်မှာ အစရှိတဲ့ တစ်ဒင်္ဂသာယာလိုစိတ်နဲ့ နင်းချေ ဖျက်ဆီးသင့်ပါသလား ။
ယောင်္ကျားတစ်ယောက်ရဲ့ မြင့်မြတ်တဲ့ စိတ်နဲ့ ချစ်သူကို မြတ်နိုးကာကွယ်စောင့်ရှောက်ရမှာ မဟုတ်လား ။
လူတိုင်းကိုယ်စီမှာ ချစ်သူအတွက် နှလုံးသားတစ်ခုစီ ရှိနေကြပြီးသားပါ ။
ရင်နဲ့တမျှ မြတ်နိုးရတဲ့ ချစ်သူအတွက် ရင်ထဲက နှလုံးအိမ်ဟာ
သန့်ရှင်းသော နှလုံးအိမ်လေးသာ ဖြစ်ပါစေလို့
ဆန္ဒပြုရင်း ကျွန်တော့်ရဲ့ ဆွေးနွေးပွဲကို နိဂုံးချုပ်ပါတယ် ။
ရွှေမြန်မာမိသားစုကြီး သံသရာဆုံးတိုင် ထာဝရ လင်းလက် တောက်ပ နိုင်ပါစေ ။
ညီလင်းနိုင်
15 comments:
သိခဲ့ရင် ဘယ်သူကမှ ခွင့်လွှတ်ပြီး ရေရှည် ဆက်လက် လက်တွဲသွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ ။
ဒီတော့ ညီလေးတွေအနေနဲ့ တစ်ဦးစီတိုင်းက အသိရှိရှိနဲ့ ၊
ချစ်သူ ဘဝမှာ ကိုယ့်ချစ်သူအပေါ် ချစ်ခြင်းမေတ္တာတရားစိတ်နဲ့ ၊
အိမ်ထောင်သည် အပြုအမူတွေ မပြုပဲ ထိန်းသိမ်းနေထိုင်ရမှာ ဖြစ်ပါတယ် ။ .....မှတ်သားစရာ စကားတွေ အများကြီးသိရလို့ ကျေးဇူးပါဗျာ...လူငယ်တွေ ညီမလေး ညီလေးတွေ ဖတ်သင့်ပါတယ်
သိပ်ကောင်းပြီးတန်ဖိုးရှိတဲ့ဟောပြောချက်တွေဘဲ။ လင့်ချိတ်မယ်နော် ကိုညီလင်းနိုင်။
ဂရုတစိုက် ဖတ်သွားပါတယ် အကို
တန်ဖိုးရှိတဲ့ စာသားလေးတွေပါရှင်
လူငယ်တိုင်း ဖတ်သင့်ပါတယ်။
လူငယ်တို့အတွက် အရေးထားရမယ့်လူငယ်စကားကို ဆိုရေးရှိခိုက် ဆိုလိုက်တာဟာ စာပေတာဝန်ကို ထမ်းဆောင်ခြင်းပါပဲ ...
အကိုရေးထားတဲ့စာလေးတွေကိုဖတ်ရတာ
အပြင်မှာ တစ်ကယ်နားထောင်နေရသလိုပဲ
စကားလုံးတွေက နားထဲမှာ ပဲ့တင်ထပ်နေတယ်
စကားလုံးတွေက အဓိပ္ပာယ်ရှိလွန်းလှပြီး
စဉ်းစားစရာတွေဖြစ်နေတာကိုး .. . . .
ဟုတ်တယ် ကျွန်တော်လည်း အခုသည်စာကိုဖတ်ကြည့်မှ
ကိုယ့်ကိုကိုပြန်သုံးသပ်မိတယ် ဘာသာရေးဆိုတာ အသက်ကြီးမှ
ပဲ လေ့လာမယ်ဆိုပြီး သည်လိုပဲနေခဲ့မိတယ်
ဟုတ်တယ်နော်အကို ဆိတ်ကွယ်ရာ ခဏ တဒင်္ဂမှာ ဘဝ တန်ဖိုးမဲ့ခဲ့ရတဲ့သူတွေ
အများကြီးပဲ အထူးသဖြင့် တက္ကသိုလ်မှာပိုဆိုးတာပေါ့
အဲလိုတွေသိရတာ ကျွန်တော်တစ်ကယ်စိတ်မကောင်းဖြစ်မိတယ်
သည်စာလေးထဲမှာလည်း မိန်းကလေးတွေအတုယူစရာ
မှတ်သားစရာတွေအများကြီးပဲနော်
သည်စာကိုဖတ်ပြီး မိန်းကလေးတွေအတွက် တောင်ရင်လေးနေမိတာ အမှန်ပဲ
အပြင်မှာ အကိုရဲ့ဟောပြောတာလေးတွေကို နားထောင်ချင်လိုက်တာ
ပျော်ရွှင်နိုင်ပါစေနော်အကို
ခင်မင်လေးစားစွာဖြင့် (အိပ်မက်ကောင်းကင်)
ရှင်းရှင်းလင်းလင်း မြင်သာ ထင်သာအောင် ဟောပြောဆုံးမသွားတဲ့ ဆရာညီလင်းနိုင်ရဲ့ အရမ်းကို တန်ဘိုးရှိတဲ့ ဆောင်းပါးတစ်ပုဒ်ကို သေသေချာချာ ဖတ်မှတ်သွားပါတယ်ရှင်... လူတိုင်း၊ လူငယ်တိုင်း ဖတ်သင့်၊ လိုက်နာသင့်တယ်လို့လဲ ထင်မိပါတယ်... ကျေးဇူးတင်ပါတယ်နော်
ခင်တဲ့
လေပြေ
ပညာပေးတဲ့ ဆောင်းပါးကောင်းလေး..
လာဖတ်သွားပါတယ် အကိုရေ...း)
တန်ဖိုးရှိလှတဲ့ စာသားတွေကြီးပါပဲ ။
ကိုညီလင်းရေးသားပြတာတွေအရမ်းကိုကောင်းပါတယ်
ဘာသာရေးလေးနဲ့တွဲဖက်ပြီးပြေပြဆိုပြထားလို့စာဖတ်သူတွေကလဲ
သဘောကျတယ် တကယ့်ပညာပေးစစ်စစ်လေးပါ
လိုက်နာကျင့်သုံးဖို့ပဲလိုပါတော့တယ်
ဦးညီက တကယ်စာရေးတော်တယ်။ အပြောလဲရတယ်။ တကယ်လေးစားပါတယ် ဦးညီ။ အတုယူ လေ့လာ မှတ်သားခဲ့ပါတယ်။
ကိုညီရေ တကယ်တန်ဖိုးရှိပါတယ် ။ အကြောင်းအရာ ဦးတည်ချက်စေတနာ ကောင်းမွန်သလို တင်ပြပုံကလည်း အကွက်စေ့ တိကျသေသပ်လှပါတယ် ။ လေးစားပါတယ်
အရမ်းတန်ဖိုးရှိတယ်။ အခုခေတ်လူငယ်စုံတွဲတွေလိုက်နာသင့်တယ်။ ကျေးဇူးပါအစ်ကိုရေမှတ်သားစရာတွေပါလို့
သန့်ရှင်းသော နှလုံးအိမ် ! ဟုတ်တယ်နော်....ကောင်းလိုက်တာ...ကြိုက်နှစ်သက်စွာ
ဖတ်ရှုလေ့လာမှတ်သား နားထောင်ရင်းဖြင့်
အစဉ်လေးစားလျက် ....။
လူငယ်တွေလက်ထဲကို ဒီလိုစာသားတွေ များများရောက်ဖို့လိုအပ်မယ် ထင်ပါတယ် ကိုညီရေ အခုခေတ်ကလေးတွေက စောတို့ခေတ်ကလို မဖြူစင်ကြတော့ဘူးကိုညီ တစ်ချို့ကလည်း မသိလို့ မိုက်မှားနေကြတယ် တစ်ချို့ကလည် သိလျှက်နဲ့ မိုက်မှားနေကြတယ် :(
like it https://www.dolabuy.ru/ go to the website Dolabuy Bottega Veneta special info louis vuitton replica
Post a Comment