ညီလင်းနိုင်: စက်ဝိုင်းထဲစိုက်ဝင်နေတဲ့စိတ်တွေနဲ့ ကမ္ဘာကိုလှည့်ပစ်လိုက်ကြ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

စက်ဝိုင်းထဲစိုက်ဝင်နေတဲ့စိတ်တွေနဲ့ ကမ္ဘာကိုလှည့်ပစ်လိုက်ကြ



အသိတစ်ချက်အလွဲမှာ အမိုက်တရားဆိုတာ ရဲခနဲထတောက်မယ့် မီးလျှံ

မီးလျှံဟာအစွယ်ငေါငေါနဲ့ မီးလျှံဟာအမျက်ဒေါသနဲ့ တစ်ယောက်စိတ်ကနေ တစ်ကမ္ဘာစာ လျှပ်ကူး

လျှပ်ကူးမှုဟာ စိတ်အလျင်မှာစိုက်ဝင်နေတဲ့ထိုးကွင်းလို တစ်ဘဝစာလောင်မီးကျနေတဲ့ လူ့အဖြစ်

လူ့အဖြစ်ကိုရကတည်းက စ လွဲခဲ့ရတဲ့ လှေနံဓားထစ်မှာ ပေါပေါလောလောဆုတ်ဖြဲခံလိုက်ရတာက အသက်ဓာတ်

အသက်ဓာတ်နဲ့ကိုယ်အိုးစားမကွဲခင် ရင်နဲ့ရက်ထားတဲ့အနုပညာကို အဆိပ်တဟူးဟူးကြားထဲကနေ တွင်းထွက်လိုမွေးမြူခဲ့ရ

တွင်းထွက်လိုမွေးမြူခဲ့ရခြင်းမှာ တွင်းအောင်းသတ္တဝါတစ်ကောင်လို စိတ်လိုလက်ရ မြေသားဆန်ဆန် မှုန်ရီဖျော့ရှ

မှုန်ရီဖျော့ရှမှုကို စိတ်တစ်ဆုံးလွှင့်တင်ပစ်လိုက်ရင်း နိုင်လိုမင်းထက်ဝါကျဟာ

ဘဝအကြမ်းထဲက ခွာထုတ်မရတဲ့ အသားပိုကင်ဆာ

အသားပိုကင်ဆာဟာ ပတ်စာခွာဖျာသိမ်းသလို လူ့သမိုင်းတစ်လျှောက် ကမ်းတက်သိမ်းမယ့် အသေခံဗုံးခွဲသမား

အသေခံဗုံးခွဲသမားဆိုတာ ဘဝတွေကိုရိတ်သိမ်းသွားသလို လူ့စိတ်အလွှာကိုသင်ဓုံးဓားပေါ်ဆွဲတင်နေတဲ့ Terrorist

Terrorist မှန်ရင် အပ်နဖားပေါက်ထဲ ချည်မျှင်သွင်းသလိုစိတ်နဲ့ ခွာထုတ်ပစ်လိုက်ဖို့

လူ့အဖွဲ့အစည်းဟာယန္တရားတစ်ခုလုံး တောမှောက်

တောမှောက်နေတဲ့ချောက်ချားမှုမှာ အငွေ့ပြန်လွယ်တဲ့ ဆူလွယ်နပ်လွယ်ဆိုတာ

နေ့စဉ်အသက်ဆက်နေရတဲ့ အဟာရ

အဟာရဟာအရိပ်သုံးပါးနဲ့ အဟာရဟာတံစိုးလက်ဆောင်နဲ့ အဟာရဟာနှင်းဆွတ်ချင်ယောင်ဆောင်ထားတဲ့ ဆာဟာရ

ဆာဟာရမှန်ရင် အစိမ်းသက်သက်ဝင်မကိုက်ဘူး နေ့ဖို့ညစာချန်မထားဘူး ဗီလိန်အရေပြားလို တက်တက်ကြွကြွ လတ်ဆတ်

လတ်ဆတ်တဲ့ရှင်သန်ခြင်းကို လတ်ဆတ်တဲ့စိတ်နဲ့ လတ်လတ်ဆတ်ဆတ် သစ်လွင်ပစ်လိုက်ဖို့

မလတ်ဆတ်တဲ့ကမ္ဘာက ခွင့်မပြု

ခွင့်မပြုခြင်းရဲ့မြစ်ဖျားကလေးပေါ် တစိမ့်စိမ့်စိုက်ဝင်နေတဲ့နောင်တဟာ ကင်းဘတ်စပေါ်က မဆွဲဖြစ်သေးတဲ့ နိဒါန်း

နိဒါန်းစကတည်းကိုက ဓားတွေကိုရင်နဲ့လွယ်ခဲ့ရ အမှားတွေကိုဝမ်းနဲ့လွယ်ခဲ့ရ

ခြစ်ခြစ်တောက်နေတဲ့ ခေတ်ကြီးထဲမှာ နေသာသလိုရူး

နေသာသလိုရူးပစ်လိုက် နေသာသလိုမှောက်ချလိုက် ကမ္ဘာကြီးတစ်ခုလုံးသွေးချင်းချင်းရဲနေသလို

ပြန်လှည့်မကြည့်ရဲကြတဲ့ အတိတ်

အတိတ်နဲ့အနာဂတ်ကို တဆတ်ဆတ်ခါနေတဲ့ ယူကျုံးမရစိတ်တွေနဲ့ပဲ ဟောဒီပစ္စုပ္ပန်မှာ

နက်နက်ကျင်ကျင် ထွေးထုတ်ပစ်လိုက်ကြ

ထွေးထုတ်ပစ်လိုက်ကြတဲ့ မီးလျှံဟာ ရဲခနဲထတောက်မယ့် အမိုက်တရားရဲ့ အလွဲမှားဆုံးသော အသိတစ်ချက်။



Family magazine - July 

ညီလင်းနိုင်









3 comments:


နိဒါန်းစကတည်းကိုက ဓားတွေကိုရင်နဲ့လွယ်ခဲ့ရ အမှားတွေကိုဝမ်းနဲ့လွယ်ခဲ့ရ

ခြစ်ခြစ်တောက်နေတဲ့ ခေတ်ကြီးထဲမှာ နေသာသလိုရူး

နေသာသလိုရူးပစ်လိုက် နေသာသလိုမှောက်ချလိုက် ကမ္ဘာကြီးတစ်ခုလုံးသွေးချင်းချင်းရဲနေသလို

ပြန်လှည့်မကြည့်ရဲကြတဲ့ အတိတ်

အတိတ်နဲ့အနာဂတ်ကို တဆတ်ဆတ်ခါနေတဲ့ ယူကျုံးမရစိတ်တွေနဲ့ပဲ ဟောဒီပစ္စုပ္ပန်မှာ

နက်နက်ကျင်ကျင် ထွေးထုတ်ပစ်လိုက်ကြ

ကဲ.. တူမကြီးလဲ နေသာသလိုရူးရင်း နေတော့မယ်...

 

ခြစ်ခြစ်တောက်နေတဲ့ ခေတ်ကြီးထဲမှာ နေသာသလိုရူး
အစ်ကို့ကဗျာထဲသုံးနှုန်းတဲ့ စကားလုံးတွေအရမ်းကြိုက်တာပဲ။ ဟုတ်ညီမလေးလဲ နေသာသလိုပဲ ရူးတော့မယ်။

 

စာသားသုံးထားတာလေးတွေအရမ်းလှတယ်ကိုညီလင်းရေ

ပြန်လှည့်မကြည့်ရဲကြတဲ့ အတိတ်

အတိတ်နဲ့အနာဂတ်ကို တဆတ်ဆတ်ခါနေတဲ့ ယူကျုံးမရစိတ်တွေနဲ့ပဲ ဟောဒီပစ္စုပ္ပန်မှာ

နက်နက်ကျင်ကျင် ထွေးထုတ်ပစ်လိုက်ကြ

 

Post a Comment

Related Posts Plugin for WordPress, Blogger...