ညီလင်းနိုင်: အလင်းကိုကွယ်ဝှက်ထားတဲ့ညမှာ ငါတို့ဟာ သံခြေကျင်းအထပ်ထပ်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အလင်းကိုကွယ်ဝှက်ထားတဲ့ညမှာ ငါတို့ဟာ သံခြေကျင်းအထပ်ထပ်




တစ်ချက်တည်းနဲ့ကျင်းဝင်အောင် မြောင်းပဲဖောက်ရတော့မလိုလို

အလောင်းပဲကောက်ရတော့မလိုလို

ဘုရားသခင်ရဲ့လျှာတစ်ချောင်းလုံး ဝကွက် အပ်ထားခံရသလို

စစ်ပွဲအရေခြုံထားရင် တရားဝင်လူသတ်ခွင့်ရ / မရ

မည်ကာမတ္တ ဗလာခေါင်းစဉ်နဲ့တော့ ဇာတ်နာအောင် အရေပြားကို မီးမြိုက်မခံနိုင်ဘူး

The Pursuit of Happyness လို ကိုယ့်ငရဲကိုယ်လောင်နေရတာတောင်

အမှောက်မှောက်အမှားမှား

ကြိုးစင်ပေါ်တက်နေရတဲ့ခြေလှမ်းချင်းအတူတူ ပါးစပ်တွေနဲ့ခလုတ်ဝင်တိုက်ကြ

စိတ်တွေနဲ့ မုဒိမ်းဝင်ကျင့်ကြ

တစ်ဘဝစာမိုးချုပ်လို့ တစ်ဘဝလုံးအမှောင်ကိုက်လို့

တစ်ဘဝစာ လောင်မြိုက်လို့ တစ်ဘဝလုံး ဖောင်ပျက်လို့

ကမ္ဘာဦးနေရောင်ခြည်စိတ်နဲ့သာမောင်းဝင်လာခဲ့ရင်

လည်စင်းစင်းခံပြီး ဆီးကြိုပစ်မှာပေါ့


Profile အတုတစ်ခုနဲ့ သွေးပြောင်းပြန်စီးသွားအောင်

လိင်စိတ်ကို ဖောက်ချပစ်လိုက်လို့ရတဲ့ခေတ်

ဓားတွေကိုငုံပြီးထွေးထုတ်လိုက်သလို ကရားရေလွှတ် Chatting မှာ

အမြှေးပါးတစ်ခုလုံးဖူးဖူးရောင်လို့

ချစ်ခြင်းမေတ္တာနဲ့သာပစ်လွှတ်ခဲ့ရင်တဖျောဖျောဝင်လာမယ့် ကျည်ဆံဆိုတာ

ကြည်မွေ့စရာ ပန်းတစ်ခင်း

စိတ်လွတ်ကိုယ်လွတ်သွေဖီမှ သစ်လွင်ကြစတမ်းဆိုရင်ဘယ်သူမှမပြုခဲ့ဖူးတဲ့ငရဲ

အချိန်နဲ့ဆက်ဝယ်ပစ်ရမယ်

ထမင်းတစ်လုပ် တုတ်တစ်ချက်ခေတ် မဟုတ်ဘူး .....

ရဲရဲမြင်ရာ အဝှေ့ခံနေရတာ မဟုတ်ဘူး .....

မျှော့တစ်ကောင်ကို တုတ်နဲ့ထိုးပြီးနေလှန်းခံထားရသလို

ဝမ်းဟောင်းလောင်းနဲ့ဘဝတွေကိုမှရွေးပြီး မုဒိမ်းကျင့်တဲ့ခေတ်

ပိတ်ထား ..... ပိန်းနေအောင် ပိတ်ထား .....

အကြားတွေကိုပိတ်ထား ..... အမြင်တွေကို ပိတ်ထား .....

ခေတ်ရဲ့တံခါးပေါက်မှာ ထွင်းထားတဲ့ထိုးကွင်းလို

အမှန်တရားဆိုတာ ဝေးလေကောင်းလေ အသက်ရှည်စေတဲ့ဆေး

စာနာတရားဆိုတာ ကတုန်ကယင် အရိုးပေါ်အရေတင်နေပုံများ တစပြင်လို အဖျင်းငေါငေါ

အမြစ်ဖြတ်ခံလိုက်ရသလို တုံးလုံးပက်လက်သေခန်းပြတ်နေတဲ့ဇာတ်

သန်းခေါင်ထက်တော့ ညဉ့်မနက်တော့ဘူး

ဘာမှမသိရင် ဘာမှမဖြစ်ဘူး ..... ဘာမှမဖြစ်ရင် ဘာမှမသိဘူး .....

အပင်းဆို့ခံထားရတဲ့နူတ်ခမ်းတွေနဲ့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ကြိတ် လှီးထုတ်ပစ်လိုက်ရတဲ့ခေတ်

ငါတို့တတ်နိုင်တဲ့ တစ်ခုတည်းသော အာသာဖြေခြင်းဆိုတာ

ဘယ်သူမှမစူးစေရအောင် ကိုယ့်အရိုးကိုယ်ချိုးချေပြီး

ကဗျာတွေကျစ်ကျစ်ဆုပ်လို့ ကမ္ဘာမြေကို ပက်ဖြန်းထားခဲ့ခြင်းပဲ

ဒီလိုပဲ ကိုယ့်စိတ်ကိုယ်လုံလုံခြုံခြုံထူးခတ်ရင်း

မချိသွားဖြဲစိတ်တွေနဲ့ ကားစင်ပေါ် ငါတို့ ရဲရဲတွားတက်ခဲ့ကြ





ညီလင်းနိုင်





0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...