ညီလင်းနိုင်: ခေတ်ကြီးကခါးတော့ နောက်ဆုံးခံတပ်မှာ ခံနိုင်ရည်မရှိခဲ့ဘူး

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ခေတ်ကြီးကခါးတော့ နောက်ဆုံးခံတပ်မှာ ခံနိုင်ရည်မရှိခဲ့ဘူး




အမြှုပ်တစီစီထနေတဲ့ ခွေးတစ်ကောင်လို ခေတ်ကြီးက ထိုးထိုးဟောင်တယ်

ဆုတောင်းမှားတယ်ပဲပြောပြော သေချင်လို့တောပြောင်းတယ်ပဲဆိုဆို

ဝမ်းစာကိုထောက်ထားတဲ့ သေနတ်အောက်ကနေ ပြည်ပကို ဖြိုးဖြိုးဖြောက်ဖြောက် တွားတက်ခဲ့

နီယွန်ညကြီး ဝါးလုံးထိုးမောင်းဝင်လာသလို စိန်စီအိပ်မက်တွေနဲ့ပဲ

ဖြစ်သလိုလေး အိပ်ယာဝင်ပစ်ခဲ့လိုက်တယ်

ထိုးမယ့်ဆင်လို နောက်တစ်လှမ်းဆုတ်နေတုန်း ပွဲမဝင်ခင် အပြင်ကကျင့်နေတုန်း

မြွေတစ်ကောင်ရဲ့ ခါးဆစ်ရိုးတွေပြုတ်ထွက်သွားသလို ကိုယ်ကျင့်တရားဟာ တစ်ဆစ်ချင်း

အမှည့်ခြွေခံနေရတာမဟုတ်ဘူး အရွက်တွေကြွေသွားတာမဟုတ်ဘူး

ဘဝဟောက်ပက်ကြီးထဲ ဖြစ်စဉ်တိုင်းရဲ့နိဒါန်းကို ပလိုင်းပေါက်နဲ့ဖားကောက်နေရခြင်းမှာ

ဝမ်းနဲ့လွယ်မွေးထုတ်လိုက်တဲ့ဓားတွေလို အမှားတွေဟာ တမြိမြိမြခဲ့ရ

အမှောင်ကိုလွယ်ထားရတဲ့မျက်လုံးထဲ လောက်တွေ တရွရွတွားတက်လာသလို

ဘယ်ဆောက်သွားမျိုးနဲ့မှ အိမ်ပြန်လမ်းကို မထွင်းဆစ်နိုင်တော့ဘူး

နေ့နေ့ညည ကိုယ့်ခြေထောက်ကို ကိုယ်တိုင်ကိုယ်ကျ ဝံ့ဝံ့စားစား သံခြေချင်းခတ်ထားရ

ကိုယ့်စိတ်ကလေးကိုယ် လုံလုံခြုံခြုံထူးခတ်ရင်း စက်ရုပ်တစ်ကောင်လို စက်သွားတွေ လှည့်ခဲ့ရ

အလုပ်ရှင်လက်ညိုးညွှန်ရာမှာ ခလုတ်ကသင်းမှန်သမျှ ဘဝတစ်ခုလုံးနဲ့တိုက်စားပြပြီး

ရဲရဲရင့်ရင့် ချောမွေ့ပြခဲ့ရ



သခင်မျိုးဟေ့ တို့ဗမာရဲ့ နဂါးနီ သီချင်းကြားလိုက်တိုင်း ငါတို့ရဲ့ ခေတ်သစ်ကျွန်လုံ့လဟာ မချိသွားဖြဲ

မရှိဝမ်းစာ ရှိတန်ဆာ နိယာမထဲ ဘာမှမရှိတဲ့ဘဝတွေအတွက်

သိက္ခာနဲ့ အသွေးအသားဟာ ကမ္ဘာမီးမလောင်သေးပဲနဲ့ သားကောင်ဖြစ်ခဲ့ရ

စိတ်တစ်ခုလုံး သပ်လျှိုပြီး ကျပ်တိုက်ခံထားရသလို

ပိန်းပိတ်နေတဲ့ နံရံလေးဘက်ဟာ ငါတို့ရဲ့ ရှုမျှော်ခင်းပဲ

" နေကောင်းရဲ့လား မေမေ ..... သမီး အဆင်ပြေပါတယ် "

မျက်တွင်းဟောက်ပက် စကားလုံးတွေနဲ့ပဲ မိသားစုခြေတော်ရင်းကို ရွှေနားတော် သွင်းခဲ့ရ

" နေရထိုင်ရတာ အေးဆေးပါပဲ ..... အရမ်းပြည့်စုံပါတယ် "

Kuala Lumpur ရဲ့ ကွန်တိန်နာအပျက်ကြီးထဲက ဖုန်းသံဟာ ချွေးတစိုစိုနဲ့ညကို အနုကြမ်းစီးတယ်

အသိတရားကို စိတ်ပေါ်ဆွဲတင်လိုက်တိုင်း ရတဲ့လခက စုန်းတစ်ကောင်လို လည်ကို ဝင်ခဲနေမှတော့

ထောင်အပြင်တန်းမရှိသူတွေကလည်း ထောင်အပြင် Camp ထဲရောက်လို့

ပွဲစားလက်ထဲက ညစာဘဝမှာ အစိမ်းပဲ စားခံရခံရ အပျော့ပဲ ဆွဲခံရခံရ

စုန်းစုန်းချုပ်ခဲ့ရသမျှ မိသားစုတော့ဝမ်းဝစေရမယ်

ခေတ်ကြီးရဲ့ဝါးမျိုမှုမှာ ရွှေပေးလို့မရတဲ့အိနြေ္ဒကို ပွဲစားနဲ့ကျမှ ဝကွက် ပန်းဦးဆက်ပစ်ခဲ့လိုက်ရ

အမိအဖ ဆေးဖိုးပြည့်ဖို့ မိသားစုကြီး ထမင်းဝဖို့ ကိုယ်ကျင့်တရားကိုပဲ တသွင်သွင် ဖောက်ထုတ်ပစ်ခဲ့ရ

အနာပေါ်တုတ်ကျတာမဟုတ်ဘူး ဘဝတစ်ခုလုံး ပုပ်ရိဆွေးသွားတာ

" အဓိပ္ပါယ်မရှိဘူး .... ရွှေမ ဖြစ်ပြီး ဘင်္ဂလားနဲ့ ကုန်းနေတယ်

အထာကိုမရှိဘူး ..... ရွှေမ ဖြစ်ပြီး နီပေါနဲ့ ကပ်ကြူနေတယ် "

ရွှေရွှေချင်း ရွှေထပ်ပစ်လိုက်ဖို့ ရွှေဟာ ရွှေမကို ရွှေပြီးရင် ရွှေ့ပစ်ခဲ့ကြတာပဲ မဟုတ်လား

ကိုယ့်အသွေးအသားကို ကိုယ်တိုင်ခုတ်ဖဲ့ ရောင်းချနေရတာကိုမှ စကားလုံးတွေနဲ့ မုဒိမ်းထပ်ကျင့်ကြ

ဒုက္ခချင်းတူရင်တောင် အမေ့ရင်ငွေ့အောက်ကဒုက္ခဟာ

ပင်လယ်ထဲလမ်းမှားဝင်လာတဲ့ မီးပွားကလေးတစ်စ

အခုတော့ ခေတ်ရဲ့သယ်ဆောင်မှုအတိုင်း အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့အဆင့်မဟုတ်တော့ဘူး

အလိုမတူပဲလိင်ဆက်ဆံခံရတဲ့ ဗွီဒီယိုဖိုင်က အင်တာနက်ပေါ် ဟိုးဟိုးကျော်သွားခဲ့တာ

ဆွေစဉ်မျိုးဆက် ရှက်ကြောပြတ်ခဲ့ရ

ဇာတိဂုဏ်နဲ့ အမျိုးမာနဟာ ဝမ်းစာရဲ့ဖဝါးအာက်မှာ တဖျတ်ဖျတ်လူး..... လို့

အသွေးအသားတွေမွစာကြဲသွားတာထက်

စိတ်ကို တရိရိကုတ်ခြစ်နေတဲ့ လောကဓံကြီးထဲမှာ ကျောမလုံတော့ဘူး

ငါ့အမိအဖအတွက် ငါ့မိသားစုအတွက် ငါ့လူမျိုးအတွက် ငါ့ဇာတိဂုဏ်အတွက် ငါ့နိုင်ငံအတွက်

ဘယ်သူမှ မျက်နှာမငယ်ခဲ့စေရဘူး

နောက်ကျောကဝင်လာမယ့် ဓားတွေနဲ့ အသက်ရှုကြပ်နေရမယ့်ဘဝမှာ

ငါ့လည်မျိုကို တစ်တစ်ရစ်ရစ်တိုးဝင်လာမယ့် ကြိုးတစ်စအတွက်

ငါ့ဘဝကို ပထမဆုံး ပန်းဦးခြွေခဲ့တဲ့ " ရွှေ "ဆိုတဲ့ ပွဲစားကိုပဲ နာနာကျည်းကျည်း သတ်ပစ်ခဲ့လိုက်တယ်

" ကဲ ..... ကျွန်မ ကြိုးစင်မတက်ခင် ရှင်ဘာသိချင်သေးလဲ

ရှင်တို့ လက်လွတ်စပယ် တစ်တစ်ခွခွထွေးထုတ်ချင်နေတဲ့ ကျွန်မအကြောင်းကတော့ ဒါအကုန်ပဲ "







ညီလင်းနိုင်







1 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...