ညီလင်းနိုင်: ငါ့အသံဟာငါ့လည်မျိုကိုဖောက်ထုတ်သွားခဲ့တဲ့ နေ့ ငါ့တရားဟာငါ့အသားကို ခုတ်လှီးသွားခဲ့တဲ့ ည

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ငါ့အသံဟာငါ့လည်မျိုကိုဖောက်ထုတ်သွားခဲ့တဲ့ နေ့ ငါ့တရားဟာငါ့အသားကို ခုတ်လှီးသွားခဲ့တဲ့ ည





နံရံပေါ်စီးကျနေတဲ့ သွေးစီးကြောင်းလို အမှောင်ထဲစိုက်ဝင် အသားသေနေတဲ့စိတ်

နာကျင်မှုသိပ်သည်းဆ မီးခိုးမျှင်စိတ္တဇ အက်ကွဲနေတဲ့အသံတွေဟာ စိတ်ကို တရိရိလှီးထုတ်ခြင်း

ကိုယ်ပိုင်အခန်းနံပါတ်ဟာ သွေးဆုံးနေတဲ့မိန်းမလို ညယောင်ဆောင်ထားတဲ့ အမှောင်တိုက်ကြီးပဲ

သေခြင်းတရားရဲ့ဖိတ်စာအသစ်စက်စက်အပေါ် စိတ်လိုလက်ရ မီးကုန်ယမ်းကုန် ဖွင့်ထားမိတဲ့သီချင်း

ငါ့ရင်နဲ့ထွင်းတဲ့အလင်းမှာငါ့ခြေထောက်တွေမလင်းခဲ့ကြဘူး

အသံတစ်ဖက်ဆာနေတဲ့စပီကာအကွဲကြီးလို ငါ့အသိတရားကို ငါကိုယ်တိုင်ပဲ ခုတ်သတ်

သဂြုင်္ိလ်ပြီး စစ်ပြေးလမ်းထဲ ပစ်ထည့်ထားလိုက်မိတော့မယ်

မြို့ကြီးပြကြီးရဲ့အရေပြားဆိုတာ ခုတ်သားစတွေလို ယင်တလောင်းလောင်းနဲ့ အညှီရုံကြီး

စိတ်ကြွဆေးနဲ့အိပ်ယာဝင်ပြီးရင် ပဋိသန္ဓေတားဆေးနဲ့မျက်နှာသစ်တယ်

စွန့်ပစ်သန္ဓေသားဟာ မြို့ပြညထဲ နေ့စဉ်ထွက်ကျလာတဲ့ အသားပိုအမှိုက်



" ရေခဲရှုလို့ ရှေ့သွားတွေကြွေမှန်းမသိအောင် ဘာညာ အထာနဲ့ ဆိုင်ကယ်အက်ဆီးဒင့်ပဲ ရွှီးရတာပေါ့ "

" ဒီဇယားက အေးဆေးပါ ရေခဲကျွေးရင် တစ်ညလုံးအမုန်းဆွဲပဲ "

" ခေတ်သစ်ရဲ့ ညစာဆိုတာ လိင်သားပဲလေ မောင်လေးရဲ့ "

လူ့ဘဝမှာ လိင်သားစားမြိန်စာနဲ့ အပျိုရည် ညစာတွေအကြောင်း

စပွန်စာနဲ့ အပျိုရည် ..... ဂုဏ်သိက္ခာနဲ့ အရေပြားအာသာဖြေမှု

လူသားမီဒီယာ အယူဝါဒအစွန်းအထင်း ဆံချည်မျှင်ဘယ်နှစ်ရွေးသား

အမှားဆိုတာ ဇာတိစကတည်းက အသက်ဇီဝထဲထိုးသွင်းထားတဲ့ ဘိန်းဖြူ

နားထင်ကိုထောက်ထားတဲ့သေနတ်လောက် ဘယ်အရာကမှ အမှန်တရားဂုဏ်မမြောက်ခဲ့ကြဘူး

သွေးသွန်နေတဲ့ ဘဝတွေကိုမှ ငွေကြေးဆိုတဲ့ကောင်က ရွေးမုဒိမ်းကျင့်တဲ့ခေတ်

မီးတောက်တန်းလန်းနဲ့ မြင်ကွင်းဟာ ငါတို့မျက်လုံးထဲ နေ့စဉ် စိုက်ဝင်နေတဲ့သတင်းပဲ

" ငါ့ဒုက္ခသာ သစ္စာမည်တယ် "

" ငါ့ဒုက္ခသာ အရေးပေါ်ဖြစ်တယ် "

ငါ့ဦးခေါင်းကို အဲဒီအသံတွေနဲ့ပဲ ကျိုးကြေသွားအောင် ရိုက်ခွဲပစ်ခဲ့ကြ

ရင်ဘတ်ပေါ်တွားတက်လာသမျှကိုပဲ အသက်ဆက်အဟာရအဖြစ် တခုတ်တရ စားသုံးနေရတယ်

" အဲဒီကောင် စောက်ရူး ဘာစောက်ဆင့်မှ ရှိတဲ့ကောင်မဟုတ်ဘူး "

" အင်း..... သိတယ်လေ ..... ဒီဘဲက အာပလာပါ .... "

" ဘာညာ ဖောလျှောလုပ်နေတာ သိတယ်ဟုတ် "

တီဗွီဖန်သားပြင်ကို တစ်ယောက်တည်း ချောင်းကြည့်နေရတဲ့စိတ်

ကိုယ့်အမြှေးပါး သူများလက်ထဲ ဝကွက်အပ်ထားရသလို သံသယစိတ်ကြီးနဲ့ အရှင်လတ်လတ် ငရဲကျနေမှု

စာနာတရားဆိုတာ ကိုယ်တိုင်ဆေးထိုးသတ်ထားမိသလို

Miss Call အဖြစ်နဲ့တောင် လမ်းမှားမဝင်လာခဲ့တဲ့ ရန်သူ

လက်ထိုးပေးတော့ အကြွေမပါသေးဘူး ပြောလိုပြော ပြုံးပြမိတော့ နွားပွဲစားမဟုတ်ဘူးဆိုလိုဆို

လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကြီးထဲ အဖြစ်နဲ့အပျက်ဟာ

ခါး ...... ခါး ..... ခါး ..... ခါး ..... ခါးလာတယ်

ပဋိသန္ဓေစိတ်တွေနဲ့ မသိသလိုနေ မသိသလိုစား မသိသလိုသွား

ကိုယ့်ဝမ်းစာကိုယ်ကျောင်း ကိုယ့်အပူကိုယ် အမျှဝေနေရတာတောင် သေနတ်နဲ့ထောက်ပြီး အနုကြမ်းဝင်စီးတယ်

" အဲဒီစောက်ရူး လူမှုရေး နားမလည်ဘူး "

နားစည်ဝဟာ မီးတောင်ထဲပစ်ချခံလိုက်ရတဲ့ ဖန်မီးသီးတစ်လုံး

ဟေး ..................... အမှန်တရား

ငါ့ကို ခွေးအဖျင်းတစ်ကောင်လို ဝိုင်းရိုက်ခိုင်းပစ်လိုက်ပါတော့

ငါ့အသားစတွေကို လူမှုဆက်ဆံရေးသင်တုန်းဓားပေါ် ကားစင်တင်ပစ်လိုက်ပါတော့

ညညဆို ငါ့နာကျင်မှုတွေနဲ့ ငါ့အိပ်ယာပေါ် ခွေးတစ်ကောင်လို တွားတက်နေရ

တရားနဲ့အမှားကို မြင်ကွင်းခြားထားတဲ့ တံခါးတစ်ချပ်လို အသက်ဝဝမရှုရဲသမျှ

လူ့ဘဝရဲ့ မြို့ပြငရဲကိုပဲ ကော်ဖီတစ်ခွက်လို ဇိမ်ဆွဲ မြုံ့နေခဲ့ရတယ်

## " သင့်ကိုတစ်ခုမေးပါရစေ "

" မေးပါ "

" ကျွန်ူပ် မေးပြီးပါပြီ "

" ငါလည်း ဖြေပြီးပါပြီ "

" သင်က ဘာကိုဖြေတာလဲ "

" သင်ကရော ဘာကိုမေးတာလဲ " # #

ဆာလောင်နေတဲ့စိတ်ဟောက်ပက်ကြီးထဲ အသက်ဆက် စိုစွတ်စေခဲ့တဲ့ အမြိုက်တရားဆိုတာ

အဝေးရောက်သားဆိုးအတွက် သူ့အလွမ်းနဲ့ လင်းနေဖို့ ဆုတောင်းပေးထားတဲ့ အမေ့ရဲ့မျက်ရည်တွေပဲ

ဘာအတွက်အသက်ဆက်ရှင်သန်မလဲ ကွယ်လွန်ခြင်းရဲ့နောက်အခန်းဆက်အထိ တွေဝေနေတဲ့စိတ်

လူ့တရားမှာ နွားတံဆိပ်ကြီးလည်ပင်းဆွဲခံထားရတဲ့ငါ

" လူ့တန်ဖိုးဆိုတာငွေရဲ့ကျွန် " လို့ ငါ့နှလုံးသားမှာ တက်တူးထိုးပေးစမ်းပါ ဘုရားသခင်

အဆိပ်တွေနဲ့ပဲ မျက်နှာသစ်ခဲ့ရ စိတ်အလွှာထဲနွားစော်နံခဲ့ရ အဓမ္မဟာ ငါ့စိတ်ကိုမုဒိမ်းကျင့်ခဲ့တယ်

** ဒါအောင်မြင်မှုလား ..... ဒါရှုံးနိမ့်တာလား ..... အို ..... ဘာဆုံးဖြတ်မလဲကွာ ကိုယ်ကြေကွဲတယ်

ဟေး ..... အားလုံးပဲမှားတယ် လောကအလယ်မှာ .....

အို ..... ခံစားမှုသားကောင် အားလုံးလွဲမှားကြတယ် **

လူ့ဘဝရဲ့နောက်ဆုံးနေ့ရက်တစ်ခုသာကျန်နေတဲ့ လူတစ်ယောက်လို

ငါကြေကြေကွဲကွဲ လက်မှတ်ထိုးခဲ့မယ်

ငါ့ဦးခေါင်းကို ခြေဝင်ဆေးသွားခဲ့သူတွေ

ငါ့စိတ်ကို ခြေတော်တင်ခဲ့ကြသူတွေ

ငါ့ကွယ်လွန်မှုနဲ့အတူ ငါ့နာမည်ကို ရေမျှောပစ်လိုက်ကြပါတော့

ငါ့အမှားတွေနဲ့ကွင်းပြီး ငါ့တရားတွေနဲ့သာလင်းရစ်ခဲ့ပါ ငါ့ကဗျာ







ညီလင်းနိုင်


## မိလိန္ဒကျမ်း ##
** ဟယ်ရီလင်း သီချင်းစာသား **








2 comments:


Everything is very open with a precise explanation of the issues. It was definitely informative.

http://tbeby.com/obesity/


http://tbeby.com/underweight/


http://tbeby.com/white-hair/

 

Post a Comment

Related Posts Plugin for WordPress, Blogger...