ညီလင်းနိုင်: စစ်ပြေးလမ်းပေါ်က လွင့်စင်ကျလာတဲ့ ကဗျာ - ၃

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

စစ်ပြေးလမ်းပေါ်က လွင့်စင်ကျလာတဲ့ ကဗျာ - ၃





ဘယ်သူတွေလဲ .....

မီးစွယ်ငေါငေါတွေထဲ အာဟာရလို အာသာငမ်းငမ်း အရိုးကောက်နေတာ

ထက်ပိုင်းကျိုးနေတဲ့ သင်္ဘောကြီးထဲ ဆာလောင်မှုဆီမီးတွေ လျှံဝေကျနေသလို

အဝေးကသန်းခေါင်ယံကို ညအကန်းထဲ ဓားတွေလို မောင်းသွင်းလာခဲ့တဲ့ သေတမ်းစာ

လူ့ဘုံဆိုတာ တစ်ယောက်ရဲ့နောက်ကျောဆီ တစ်ယောက်ရဲ့စိတ်အတွင်းသားတွေနဲ့

သေရာပါတိုးလျှိုပေါက်ဖောက်ဝင်နေတဲ့ အမှတ်အသား

လူမှုဆက်ဆံရေးဟာ သင်တုန်းဓားပေါ် လွင့်စင်ပြုတ်ကျသွားတဲ့ သန္ဓေသားရဲ့ အသားစိုင်

စိတ်လိုလက်ရအသားမာတက်နေတဲ့ အသားပိုကတုတ်ကျင်း

ဒူးထောက်ထားတဲ့ဆုတောင်းခြင်းဆီ အလျှံတညီးညီးပြေးဝင်လာတဲ့ တော်လဲမှု

ကွယ်လွန်ခြင်းစစ်စစ်ဆိုတာ မီးစာမကုန်သေးပဲ ဆီခမ်းသွားတဲ့ အဝေးကမီးအိမ်တွေဆီ

သွေးလွှတ်ကြောတွေကတစ်ဆင့်  လောင်စာလိုပို့လွှတ်နေတဲ့ ကရုဏာတရား

ပိန်းပိတ်အောင်အုံ့ဆိုင်းနေတဲ့မြူတွေထဲ အဆိပ်ငွေ့တွေကို

လေဖမ်းဒန်းစီးတရားနဲ့ မျိုချနေရတဲ့ ဝေဝါးမှု



လူ့သမိုင်းတွေထဲ တစ်ခုတည်းသော ယုံတမ်းစကားဆိုတာ ငြိမ်းချမ်းရေးဆိုရင်

မဆုံးနိုင်တဲ့ ဝါကျတစ်ကြောင်းဟာ မီးလောင်ပြင်ထဲက ဗုံးဆန်ငုံထားရတဲ့ အလောင်းတွေပဲဖြစ်တယ်

တစ်ကမ္ဘာလုံးရဲ့ တစ်ခုတည်းသော တူညီမှု သွေးသံရဲရဲဝါကျဟာ စစ်ပွဲ

အရာရာဟာ ဖန်ဆင်းရှင်ရဲ့အလိုကျဆိုရင် စစ်ပွဲတွေကို ဘယ်သူက ဖန်တီးနေတာလဲ

မျက်တွင်းဟောက်ပက်မေးခွန်းဟာ သတ်ကွင်းထဲမှာ သွေးအလူးလူး

မီးကျည်ခဲဆမ်းထားတဲ့လမ်းပေါ် တဖျတ်ဖျတ်ခါနေတဲ့ နာကျင်မှု

မိုက်မဲခြင်းဟာလတ်ဆတ်တဲ့ အောက်ဆီဂျင်ဖြစ်ပြီး

ဆင်ခြင်တုံတရားဟာ အရိုးပေါ်အရေတင်နေတဲ့လူနာ

မစ္ဆရိယပြည်တည်နာစွဲနေပြီး ယင်တလောင်းလောင်းအုံနေတဲ့ ကမ္ဘာကြီး

အလုံပိတ်နေတဲ့ယန္တယားဝါဒကြီးထဲ အကြိမ်ကြိမ်ပျက်ကျနေတဲ့စိတ်

ငြိမ်းချမ်းရေးဝါကျကို တဖွဖွရွတ်ဆိုဂုဏ်ပြုလေ့ရှိပြီး အဓိပ္ပါယ်ကို ခြေနဲ့နင်းချေထားလေ့ရှိတဲ့ကမ္ဘာ

လည်မျိုဆီ အလျင်နဲ့ပြေးဝင်လာတဲ့မြားကလွဲရင် အရာရာကွေ့ကောက်နေတဲ့မြင်ကွင်း

စစ်ပွဲရဲ့လွန်ဆွဲမှုတွေအောက် တောင်လိုပုံနေတဲ့အလောင်းတွေအကြောင်း

လောင်မီးကျသွားတဲ့ အိမ်ယာတွေထဲ တံစို့ထိုးခံထားရတဲ့ သောကမျက်ရည်ပူပူတွေအကြောင်း

နို့စို့သမီးလေး ဗုံးဆန်ထိသွားလို့ နို့အုံရောင်နေတဲ့ မိခင်တွေအကြောင်း

ပျော်ရွှင်မှုကို ဘယ်လိုခေါင်းစဉ်တပ်ပြီး စစ်ပြေးလမ်းဆီ လွှင့်တင်လိုက်ရမလဲ။






ညီလင်းနိုင်





0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...