ညီလင်းနိုင်: အကွာအဝေး

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

အကွာအဝေး





အမှန်လွန်ဝါဒဆိုရင် အမှားတွေပဲထူထောင်လိုက်တော့မယ်

အခုမြင်နေရတဲ့မြင်ကွင်း မြင်ကွင်းထဲအမြင်စိုက်ဝင်နေတာလား

အမြင်လွှာထဲ မြင်ကွင်းရောက်လာတာလား

အကြားဆီ အသံဝင်လာတာလား အသံဆီ အကြားရောက်သွားတာလား

တစ်စက်ချင်းစပ်ဆက်နေတဲ့ရေစီးရေလာထက်

အလျင်နဲ့မျောနေတဲ့မြစ်ရေတွေကိုပဲ တစ်နေကုန်ထိုင်ငေးလို့ မဆုံးဘူး

တစ်စက်ချင်းလား အလျင်လား ....

စိတ်ဟာတစ်စက်ချင်းဝတ်မှုန်ကူးပြီး လူ့အသိဥာဏ်နဲ့သားဖောက်တဲ့ခေတ်ကြီးထဲ

တဖျတ်ဖျတ်ကြွေ .... လို့

တဆတ်ဆတ်ကြေ ..... လို့

ဂိုးထဲကိုလက်နဲ့ပုတ်သွင်းလိုက်တဲ့ဖြစ်စဉ်

ဒိုင်လူကြီးရဲ့ မျက်ကွယ်ဟာ ဂိုးဝင်ပြီး မျက်မြင်အနေအထားအရ ဒါဟာ အနီကဒ်

မမြင်ရတဲ့အမှန်တရားဟာ မျက်ဖြူလန်အောင်ထိ ခွက်ထိုးခွက်လန် စုံလုံးကန်းတယ်



စိတ်သားအိမ်ကြီးထဲ တသွင်သွင်ပျက်ကျနေတဲ့အနာဂတ်တွေ

ဖောက်လွဲဖောက်ပြန်ရာသီစာတွေလို လူမှုဆက်ဆံရေးဟာ ယင်တလောင်းလောင်း

အလေ့ကျပေါက်နေတဲ့သက်ပြင်းပေါ် သောကမျက်ရည်တွေ ဖွေးဖွေးလှုပ်လို့

သင်တုန်းဓားလိုတလှပ်လှပ်မြိနေတဲ့ အမှန်တရားအပေါ် ဘယ်သူတွေ ဒိုင်ဗင်ထိုးချသွားခဲ့ပြီလဲ

မနက်ခင်းကိုစားဝတ်နေရေးဘာသာစကားနဲ့တွန်းဖွင့်ပြီး

ပရိယေသနမီးတောက်နဲ့အိပ်ယာဝင်နေရတဲ့ဖြစ်စဉ်

ပြည်တည်နာစွဲနေတဲ့အသားတစ်ပေါ် တွားတက်လာတဲ့ဓားသွားလား

အပျိုစင်အိပ်ယာပေါ်တိုးဝင်သွားတဲ့ ခိုးသားငါးရာလား

ပြောက်ကျားစနစ်လို တဖျောက်ဖျောက်ဝင်ခဲနေတဲ့  စိတ္တဗေဒဗိုင်းရပ်စ်တွေ

စုတ်တသပ်သပ်လျှံကျလာတဲ့ လူကြီးမင်းတို့ရဲ့ လေနဲ့ဝမ်းမကွဲတဲ့ ကရုဏာ

နွားရိုင်းသတ်ပွဲထဲ ချိုကျိုးသွားတဲ့နွားရိုင်းအတွက်လား

နွားရိုင်းကျောပေါ်ကလွင့်စင်ကျသွားတဲ့ ကောင်းဘွိုင်အတွက်လား

အရေဆုတ်ခံထားရတဲ့အသားနုပေါ် တဖျဉ်းဖျဉ်းတွယ်တက်လာတဲ့လောက်တွေလို

တရိရိတိုက်စားနေတဲ့ယန္တယားကြီးထဲ သံသယဟာ တမြည့်မြည့်

စိတ်ဖျားပေါ်ဝဝလင်လင်သီးနေတဲ့ မီးတောက်နဲ့

မယောင်ရာဆီလူးနေတဲ့ ရုပ်နာမ်ကြီးကို အကြိမ်ကြိမ် ရိုက်ခွဲမိတော့မယ်

သောင်ပြင်ပေါ်မှာ သွေးနဲ့ထွင်းထားတဲ့အဓိပ္ပါယ်

သံယောဇဉ်ပေါ် တလျှပ်လျှပ်ဖြတ်လျှောက်နေတဲ့ ဝဋ်ကြွေး

တစ်ချက်ထဲဆောင့်ခွဲလာမယ့်ဥပစ္ဆေဒကကံနဲ့ပဲ ကမ္မသတ္တိကို သင်ပုန်းချေလိုက်တယ်





ညီလင်းနိုင်




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...