ပွဲတော်ဟာ လောကဓံကို ခါးစောင်းတင်ရင်း
ခေတ်ကြီးထဲ တဒီးဒီး စီးဆင်းတယ်
အနိစ္စကို ချော့ကလက်လိုငုံတယ်
ဒုက္ခကို ချွေးစက်နဲ့မြည်းတယ်
အနတ္တကို ကြိုးကျစ်ရင်း
သံယောဇဉ်လေး ထုံမြမြနဲ့
ကမ္ဘာဦး ဘာသာစကားတွေ
တောရောက်တောင်ရောက် မြည်တွန်တယ် ။
မိန်းမမှန်ရင် ဆေးမှင်ကြောင်ထိုးမယ်
ယောင်္ကျားမှန်ရင် နားကွင်းတပ်မယ်
မိတ္တူတွေ တရကြမ်းနဲ့
စကြာဝဠာကို ဖွတ်မြီးထိုးမယ် ။
သေနတ်ပြောင်းထဲက ဝိညဉ်တွေ
ဓမ္မတေးသံ ကြားပါရဲ့လား
သွေး ယမ်းနံ့ အယူအဆ
တစ်သီးပုဂ္ဂလ ဘုံဝါဒ
ပဒေသရာဇ် အရင်းရှင် ကျွန်ပိုင်ရှင်
ခေတ်ကျန် ခေတ်ပေါ် ခေတ်ပျောက်
ဒေါသတွေ တလူလူနဲ့
အသေခံဗုံးခွဲမှ
သူရဲကောင်းမည်ပါသတဲ့ ။
လူ့သမိုင်းရဲ့ ရာဇဝင်တွေထဲ
ဘယ်စစ်ပွဲကများ ချိုမြိန်ခဲ့ဖူးပါသလဲ
တိရိစ္ဆာန်တွေမှာ ကိုယ်ချင်းစာတရားမရှိရင်
လူသားတွေမှာ ဘယ်တရားတွေ ရှိနေခဲ့ပါသလဲ
အိပ်မက်တွေ သောင်ထွန်းနေတာလား
မြစ်တစ်စင်း မဖြစ်တည်ခဲ့သေးတာလား ။
ထဲထဲဝင်ဝင်လောင်ကျွမ်းခြင်းများ
အတိဿရထွန်ကြောင်းများ
မွတ်သိပ်ခြင်းနယ်မြေသစ်များ
သံပတ်ကုန်မုဒိတာများ
အငွေ့ပျံ ကရုဏာများ
ဝိရောဓိ နိစ္စဓူဝများ
ခေတ်ပေါ်ရောက်လေ
ဆည်းဆာညိုလေပဲ ။
သောကတွေ တနင့်တပိုးနဲ့
ကြယ်စုံညအရှင် ဗန်ဂိုးရေ
ကြိုးပြတ်တယောသံရဲ့
ရက်လွန်ဂီတကို
နှလုံးသားနဲ့သာ ခံစားလိုက်ပါတော့ ။
ညီလင်းနိုင်
0 comments:
Post a Comment