အရေဆုတ်ခံထားရတဲ့စိတ်ကို မီးပြန်ဖိုလိုက်တယ်
ခွာတထောင်းထောင်းထနေတဲ့ ဆည်းဆာမှာ အလင်းဟာ အသက်ငင်လို့
နာကျည်းမှုမှတ်တိုင်တွေ ရင်ဝထဲ စိုက်ဝင်သွားလိုက်တာ
နေ့အစင်းစင်း ညအစင်းစင်း
ဒီဘဝမှာ ငါတို့ မလင်းခဲ့ကြတော့ဘူး
ရနံ့တစ်ကိုက်စာ ရှုမျှော်ခင်းထဲ နေလိုပြင်းတဲ့ ဓားအစင်းစင်းအောက်
ပရိယေသနကိုလွယ်ပိုးရင်း ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် လောင်ကျွမ်းကြ
တစ်ကိုယ်စာ ပြောရေးဆိုခွင့်ရှိကြေးဆို
အိပ်မက်တွေကိုယ်စီစိုက်ထားတဲ့ အခင်း
တစ်သက်လုံး အဖျင်းပဲ သီးတယ်
တစ်ဖက်မှာလင်းပြီး တစ်ခြမ်းမှောင်နေတဲ့အိမ်
ဒီတရားမှာ အသားမကျသေးဘူး
ဆူလွယ်နပ်လွယ်စကားနဲ့ ဘဝတွေကို မဖြားယောင်းနဲ့
ဖြတ်နင်းခံလိုက်ရတဲ့ ဖန်မီးသီးလို
ခါးခါးသက်သက်ဘဝတွေ ကြွပ်ကြွပ်ရွရွ ကြေမွတယ်
သားပျက်ကျတဲ့တေးတစ်ပုဒ်လို ဝမ်းနည်းမှုဟာသွေးအလူးလူး
စိတ်လိုလက်ရတစ္ဆေဆူးမှာ ဘဝတွေရွှဲရွှဲစိုအောင် ရူးတယ်
စစ်ပြေးလမ်းပေါ်က ခါထုတ်လိုက်တဲ့ ချွေးတစ်စက်ရဲ့အမှာ
" ငါ၏သစ္စာမှန်ကန်ပါက ဘဝဟူသမျှ ငြိမ်းချမ်းရလို " တဲ့
စစ်ပြေးသူတို့ကျိန်စာ ကဗျာရင်ဝကို ထိုးစိုက်တယ်

ကျောက်ဆောင်နဲ့ရိုက်ခွဲခံလိုက်ရတဲ့လှိုင်းလို
မိသားစုကိုယ်စီ အဖိတ်ဖိတ်အစင်စင်နဲ့ တစ်ဘဝစာဟက်တက်ကွဲတယ်
ကြယ်ကြွေညတိုင်း တစ်တစ်ခွခွဆုတောင်းပါရစေ
ယမ်းနံ့တဝေဝေနဲ့ တောင်ယာခင်းလေး ကောင်းရာသုဂတိလားပါစေ
ကျပ်ခိုးစွဲနေတဲ့ခေါင်းလောင်းသံလေး ကောင်းရာသုဂတိလားပါစေ
တလင်းပေါ်က လရိပ်ဖြာ ကစားဝိုင်းလေး ကောင်းရာသုဂတိလားပါစေ
ပြောင်းဝထဲကခုန်ထွက်လာတဲ့ ထွက်သက်များ ကောင်းရာသုဂတိလားပါစေ ။
ညီလင်းနိုင်
3 comments:
ကဗျာလေး သဘောကျတယ်...
အရေဆုတ်ခံထားရတဲ့စိတ်ကို မီးပြန်ဖိုလိုက်တယ်
ခွာတထောင်းထောင်းထနေတဲ့ ဆည်းဆာမှာ အလင်းဟာ အသက်ငင်လို့
နာကျည်းမှုမှတ်တိုင်တွေ ရင်ဝထဲ စိုက်ဝင်သွားလိုက်တာ
နေ့အစင်းစင်း ညအစင်းစင်း
ဒီဘဝမှာ ငါတို့ မလင်းခဲ့ကြတော့ဘူး-----
အဲဒီစာသားလေးကို အရမ်းကြိုက်တယ်---
အဆုံးသတ်ကိုလဲကြိုက်တယ်
အရေးအသားလေးတွေက ကောင်းလှချည်လား
နူးညံ့ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ
နောက်လည်း ကဗျာတွေကို သည်ထက်မကရေးသားနိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
Post a Comment