စိတ်တံခါးကိုတွန်းဖွင့်လိုက်တိုင်း သက္ကရာဇ်ဝတ်ရုံအောက်မှာ
ရှုမျှော်ခင်းတွေ ညှီစော်နံတယ်
ကမ္ဘာဦးအပျိုစင်လို လောကရဲ့စီရင်ချက်မှာ
အရှက်တရားဟာ ကွယ်ဝှက်ခဲ့ ။
ရှုမျှော်ခင်းတွေ ညှီစော်နံတယ်
ကမ္ဘာဦးအပျိုစင်လို လောကရဲ့စီရင်ချက်မှာ
အရှက်တရားဟာ ကွယ်ဝှက်ခဲ့ ။
စက်ရုပ်လိုရှင်သန်မှုမျိုးနဲ့ အဝေးထိန်းခလုတ်တွေရဲ့ကြားမှာ
ဘဝက ချဉ်စော်နံတယ်
တစ်မျှော်တစ်ခေါ် အနာဂတ်အသေတွေကြားမှာ
အမှန်တရားဟာ ပျောက်ရှခဲ့ ။
ချွတ်ချော်ခြင်းမိစ္ဆာ ဝင်စားတဲ့အမှောင်အောက်
စိမ့်အေးထက်ရှ ကြယ်အခိုးတွေအန်ကျတဲ့အထိ
အလင်းစတွေကိုသိမ်းထုပ်ရင်း
မရှိဘဝတွေ သေပန်းပွင့်တဲ့ည ။
မှားယွင်းမှုနတ်ဆိုး ပျော်မြူးတဲ့အမှောင်အောက်
ကောင်းကင်တစ်ခြမ်းပြိုကျတဲ့အထိ
ကိုယ့်ဆန္ဒကိုယ် ငြိမ်းမှုတ်ရင်း
အလင်္ကာမဲ့ဘဝတွေ ဆောက်တည်ရာမဲ့တဲ့ည ။
ဘဝတစ်ခုအတွက် အသက်တစ်ခုရင်း
နဂါးနူတ်ခမ်းပေါ်က တိမ်တစ်စလို
ကွဲအက်မှုန်ရီ လဲ့ပြာမှိုင်းဝေတဲ့အထိ
သတ်ကွင်းမှာပျော်နေရတဲ့ လှံဖျားပေါ်ကဘဝတွေ ။
ရှင်သန်မှုတစ်ခုအတွက် ဘဝတစ်ခုချနင်း
နောက်ဘဝတစ်ခုမှာပျော်တဲ့ ဝင်ကစွပ်လို
မျှော်လင့်ချက်တွေ ခါးကုန်တဲ့အထိ
မှော်ရုံတောမှာပျော်နေရတဲ့ ကြိုးတန်းပေါ်ကဘဝတွေ ။
လောကဓံအဆိပ် တဖိတ်လဲ့လဲ့အောက်
အမြစ်ဖြတ်ခံရတဲ့ သစ်အိုပင်လို
ဘဝအညွန့်တွေ မဝေနိုင်မှတော့
မျှော်လင့်ခြင်းအခက်တွေလည်း မစည်နိုင်တော့ပါဘူး ။
ဒုက္ခအရောင် တောက်တောက်တွေအောက်
အတောင်ကျိုးတဲ့ ငှက်လို
အမြင့်မပျံနိုင်မှတော့
အောင်မြင်ခြင်းတေးသွားလည်း မကျုးရင့်နိုင်တော့ပါဘူး ။
နေကွယ်လကွယ်တဲ့ ညတစ်စင်း
မှောင်မိုက်ခြင်းနဲ့ပဲ လက်ထပ်ရတော့မယ်
တကယ်ပါ အလင်းသစ္စာရေ
အိမ်မက်ရဲ့ရောင်ခြည်ဦး အခါခါဖူးခဲ့ကြပေမယ့်
ငါတို့ဘဝတွေမှ အလင်းမရခဲ့ကြတာ ။
နေကွယ်ညရထားတစ်စင်း
ပြီးဆုံးခြင်းဘူတာဆိုက်ရောက်ရတော့မယ်
တကယ်ပါ ဘူတာအိုလေးရေ
မျှော်လင့်ချက်အလင်းရောင်လေး အခါခါရှင်သန်ဖူးပေမယ့်
ငါတို့ဘဝတွေက လွန့်လူးခွင့်မှမရှိတာ ။
ညီလင်းနိုင် + နတ်သမီး
0 comments:
Post a Comment