ညီလင်းနိုင်: တစ္ဆေလက်နဲ့ ထွင်းတဲ့ ကျောက်စာ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

တစ္ဆေလက်နဲ့ ထွင်းတဲ့ ကျောက်စာ










ခွေးစားခွက်နိုက်မိတဲ့ ဆာလောင်မှုလို သားရိုင်းအစွယ်မှာ အတ္တဟာ သားရေတများများ 

ရင်ကွဲနာလူ့ရွာထဲ နေထမ်းမီးထမ်းဘဝတွေ နက်နက်စူးစူး ကျစ်တောက်တယ်


စာအုပ်ထဲမှာ ကျောသားရင်သား မခွဲခြားဘူး


စာအုပ်ထဲမှာ လူဖြူလူမည်း မခွဲခြားဘူး


စာအုပ်ထဲမှာ ဥပဒေအထက် ဘယ်သူမှ မရှိဘူး


သုသာန်ရဲ့ သားကောင်ချင်းအတူတူ အလောင်းလှအောင် အခေါင်းမှာ စိန်ကွပ်ကြ


လောင်မီးကျအစာအိမ်မှာတော့ ကိုယ်ကျင့်တရားဟာ ဓားစာခံပဲ


အသေမခက်ပေမယ့် အနေခက်နေတဲ့ လူ့ရွာ


အိပ် စား ကာမမှာတောင် အမှားမှားအယွင်းယွင်း ဝက်သိုးက တမူးသာတယ်


အမြုံမနဲ့ရတဲ့သားလို အခန်းစဉ်တိုင်းဟာ သံသယအပြည့်


ဗြဟ္မာပြည်ရဲ့ မျက်ကြည်လွှာထဲ ရေပွက်ပမာလူ့ဘုံမှာ ဝဋ်ဆင်းရဲခရီးများ ရှည်လျားပါဘိ


ကမ္ဘာဦးမီးတောင်က မှုတ်ထုတ်ခံလိုက်ရသလို တဆတ်ဆတ်တုန်နေတဲ့ နာကျင်မှုဟာ


စကြာဝဠာ နံရံများဆီ လင်းလင်းဝေဝေ စိုက်ဝင်ခဲ့


ပွဲပြီးမီးသေ နိယာမမှာ ပွဲကြည့်ခွင့်မရှိသူများ အိပ်မက်မှာ ဆက်လက် တပ်ဆင် စာတန်းထိုးပါ


ကမ္ဘာဦးဘာသာစကားနဲ့ သီချင်းတစ်ပုဒ်ထုဆစ် ရင်ဘတ်များနဲ့ ကြိုးညှိပြီး


မမြင်ရတဲ့ ဧည့်သည်ကို သံပြိုင်ဖိတ်ခေါ်ကြပါစို့


ကဲ


ကံဇာတ်ဆရာကြီးရေ


နင်းပြားဘဝတွေအလယ် လူကြီးလူကောင်းဘွဲ့ ဆွတ်ခူးလှည့်ပါ ။ 






ညီလင်းနိုင် 





Related Posts Plugin for WordPress, Blogger...