ညီလင်းနိုင်: တိတ်တဆိတ်အလွမ်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

တိတ်တဆိတ်အလွမ်း





ရှုမျှော်ခင်းတွေ အငွေ့ပျံသွားတိုင်း 

အထီးကျန်စိတ်က အရိုးရင့်တယ် 

ပင်လယ်ဆီ ဖျားယောင်းခဲ့လေသမျှ 

ပွတ်သပ်ညှို့ယူ စိုက်ပျိုးခဲ့ရသော 

ဗန်ဂိုးရဲ့ ညနေခင်းများ ။ 



ရင်ဘတ်နဲ့ လမ်းလျှောက်ဖြစ်တိုင်း 

အနာဟောင်းက အစိမ်းကြွေတယ် 

အလေအလွင့်များမယ့် မနက်ဖြန်တွေထဲ 

ချောင်းခြားလက်တစ်စုံရဲ့ 

ခေါက်ရိုးကျိုး လောကဓံများ ။ 



အိပ်မက်မြစ်တွေထဲ လောင်ကျွမ်းရင်း 

ငါ့သံသရာဟာ အကြိမ်ကြိမ် 

မိုးခေါင်ခဲ့ ။ 



ဒီခရီးနဲ့ ဒီလှေ 

မှော်ဝင်ညတွေထဲ 

ရိုးသားစွာ မိုက်မဲခဲ့ ။ 



သူစိမ်းဆန်တဲ့ 

မြို့ပြရဲ့ကောက်ကြောင်းတွေထဲမှာ 

ငါ့ကိုယ်ငါလည်း 

အခါခါ 

ရပ်ငေးကြည့်ခဲ့ဖူးတယ် ။ 



ရှိပါစေတော့ 

ကြေကွဲစရာတွေ ဖွေးဖွေးလှုပ်နေတဲ့ 

ဟောဒီအနုပညာ လမ်းဟောင်းလေးအတိုင်း 

ဒီအရိပ်ရဲ့ လောင်ကျွမ်းတရားမှာ 

ထုဆစ်ရင်းနဲ့ကို ကြွေကျ 

ငါ့အရိပ်ငါ ပြန်ထမ်းပိုးရင်း 

ဗီသိုဗင်ရဲ့ တေးသွားလေးအတိုင်း 

ကရုဏာတေးတွေ 

သံပြိုင်ဆိုဖြစ်တယ် ။ 





ညီလင်းနိုင် 
 
 
 
 
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...