ညီလင်းနိုင်: လရောင်ဆမ်းတဲ့ ချစ်ခြင်းအလင်္ကာ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

လရောင်ဆမ်းတဲ့ ချစ်ခြင်းအလင်္ကာ





















လူတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို သေဆုံးသွားသည့်တိုင် ၊

သူသိအောင်ဖွင့်မပြောပဲနဲ့ မြတ်နိုးစွာ ချစ်နေခွင့် ရှိပါသလား ။ 


လတစ်စင်းအတွက် အလင်္ကာ 


တကယ်ဆိုရင် ကန္တာရ ကျောပိုးသူရဲ့ ရင်ထဲမှာ ၊ 

ဆွတ်ပျံ့တဲ့ လရောင်ချိုတွေ တစ်သွင်သွင် စီးဆင်းနေဆဲပါ ။ 

ခေါက်ရိုးကျိုးနေတဲ့ နိစ္စဓူဝ စာမျက်နှာတွေကြားမှာ ရှင်သန်ရင်း ၊ 

သူမနဲ့ ပက်သက်သမျှ အရာအားလုံးဟာ ကျွန်တော့်အတွက်တော့ ၊ 

 ကြည်နူးခြင်း ဒဏ္ဍာရီများရဲ့ ဒိုင်ယာရီတွေပါပဲ ။ 





လတစ်စင်းရဲ့ အထုပ္ပတ္တိအကြောင်း သင်ယူရင်း ကြယ်စင်တွေ တစ်ကြိမ် ကြွေကျသွားတိုင်း ၊ 

ကျွန်တော်ဟာ တစ်ကြိမ် ဝမ်းနည်းတတ်ခဲ့တယ် ။ 

ကြယ်စင်လေးတို့ရေ..... ကျွန်တော်မြတ်နိုးရတဲ့ လမင်းအိမ်လေးအထီးကျန်နေပါ့မယ် ။ 

ကျေးဇူးပြုပြီးတော့ သူမကို စွန့်ခွာ မသွားကြပါနဲ့နော် ။ 

သူမရဲ့ မေတ္တာတရားတွေ လင်းလက်လာတိုင်း အတ္တဝတ်ရုံတွေ ခြုံလွှမ်းထားတဲ့ ၊ 

 ဟောဒီစကြာဝဠာကြီးထဲ စမ်းရေစီးသံတွေ ချွင်ချွင်မြည်ပြီး ၊ 

ပန်းမျိုးစုံတွေ ကခုန်လို့ ကျေးငှက်လေးတွေ တေးသီဖွဲ့ကြတယ် ။ 

ဆိတ်ငြိမ်ခြင်းတွေထဲမှာ ရှင်သန်နေထိုင်တဲ့ အမှန်တရားတွေလည်း ၊ 

 ကေသရာဇာတို့ရဲ့ အိနြေ္ဒမျိုးနဲ့ ဥဒါန်းကျူးရင့်ကြတယ် ။ 


ငွေ့ရည်ဖွဲ့နေတဲ့ ကောင်းကင်ပြင် တစ်ခုလုံးလည်း ၊ 

တိတ်ဆိတ်တဲ့ သူမရဲ့ လျှို့ဝှက်မှု့တွေထဲမှာ ပျော်ဝင်ရင်း ၊ 

ရွှန်းရွှန်းစို သက်ဝင် တောက်ပနေကြတယ် ။ 


ပင်လယ်ပြင်ရဲ့ ရေလှိုင်းတွေထဲမှာ ဥဒဟို ဖြတ်ပြေးရင်းဆော့ကစားနေတဲ့  သူမရဲ့ ပုံရိပ်လွှာလေးကို ၊ 

သက်ဝင် ပန်းချီကားချပ်အဖြစ် ကျွန်တော်ဟာအကြိမ်ကြိမ် ရေးဆွဲနေခဲ့ဖူးတယ် ။ 

တောင်နံရံတွေကြားထဲ ကပိုကယို စီးဆင်းနေတဲ့ သူမရဲ့ ငွေ့ရည်ဆံနွယ်တွေအကြောင်းကိုလည်း ၊ 

ကျွန်တော်ဟာ သီချင်းရေးစပ်ခဲ့ဖူးတယ် ။ 


သူမဟာ ကျွန်တော့်အတွက်တော့ လတစ်စင်းဖြစ်တယ် ။ 

ကျွန်တော့်ရဲ့ မြတ်နိုးခြင်း ကောင်းကင်လည်းဖြစ်တယ် ။ 

ဆုံးစမဲ့ ကောင်းကင်ကြီးရဲ့ နံရံမှာချိတ်ဆွဲထားတဲ့ ကျွန်တော့်ရဲ့ အလင်းအိမ်လည်းဖြစ်တယ် ။ 

ကျွန်တော့်ရဲ့ ရွေ့လျားမှုတိုင်းမှာ လိုက်ပါ စိုးမိုးတဲ့ ကျွန်တော့်ရဲ့ ဆံနွယ်တွေလည်းဖြစ်တယ် ။ 

သိမှတ်မဲ့ အချိန်တစ်ချို့ရဲ့ နှိုးစက် ခေါ်သံလည်းဖြစ်တယ် ။ 

ကျွန်တော်နေ့စဉ် ရှုရှိုက်နေရတဲ့  အသက်ဆက်လေလည်းဖြစ်တယ် ။ 

သံယောဇဉ် ဒီရေလှိုင်းတို့ရဲ့ ပဲ့ကိုင်မီးပြတိုက်လည်းဖြစ်တယ် ။ 

ကျွန်တော့်ရဲ့ နောက်ဆုံးသီချင်းတစ်ပုဒ်အတွက် ကြိုးမဲ့ဂစ်တာ တစ်လက်လည်းဖြစ်တယ် ။ 


ကျွန်တော် သူမကို အဲဒီလို ချစ်ခြင်းတရားတွေနဲ့ မြတ်နိုးစွာ ချစ်တယ် ။ 


ကျွန်တော့်ရဲ့ ချစ်မြတ်နိုးခြင်းမှာ ဘာအရောင်မှ စွန်းထင်းမနေခဲ့ပါဘူး..... ။

လတစ်စင်း ကို ကျွန်တော့်ရဲ့ ချစ်မြတ်နိုးခြင်းမှာ သူသိခြင်း မသိခြင်းဆိုတာထက် ၊ 

ကျွန်တော့်ရဲ့ မြတ်နိုးခြင်းတွေနဲ့ သူ့ရဲ့ လိုအပ်ချက်လေးတွေ ဖြည့်ဆည်းရင်း ပေးဆပ်နေရတာ ၊ 

သူ့ရုပ်ပုံလွှာလေးကို မြင်ယောင် မှန်းဆရင်း သူနဲ့ စကားပြောနေရတာကိုက ၊ 

ကျွန်တော့်တွက်တော့ ပြည့်စုံလုံလောက်နေပါပြီ ။ 

ကျွန်တော် နားလည်ထားတဲ့ အချစ်ကတော့ ..... 

တစ်စုံတစ်ယောက်ကို ချစ်တယ်လို့ ဖွင့်ပြော အသိပေးတာဟာ သူ့ရဲ့ အချစ်ကို တောင်းဆိုတာပါ ။ 

ထပ်တူညီတဲ့ ချစ်ခြင်းတရားကို ပြန်မရရင် စိတ်ထိခိုက်မယ် ။ 

ရင်နင့်အောင်ခံစားရမယ်..... 

 ကြေကွဲခြင်းတို့ရဲ့ သားကောင်အဖြစ်နဲ့ အရာရာမှာ သိမ်ငယ်လာမယ် ။ 

ပါးလွှာလွန်းတဲ့ နံရံတစ်ဖက်ခြားက မကျေနပ်ခြင်းတွေ ဝင်ရောက်လာမယ် ။ 

မာနတရားတို့ရဲ့ လေတံခွန်မှာ လိုက်ပါစီးနင်းရင်း ပြိုင်ဘက်အဖြစ်မြင်ယောင်လာတတ်တယ် ။ 

အရှုံးသမားလို့ ကိုယ်က ခံယူပြီး ဝမ်းနည်းနေတတ်ပေမယ့် သေချာ စဉ်းစားကြည့်ရင် ၊ 

သူက ကိုယ့်ကို အနိုင်ယူခဲ့တာ မဟုတ်ဘူး ။ 

ကိုယ်က နှစ်သက်ရာကို ရွေးချယ် မြတ်နိုးခဲ့သလို ၊ 

သူကလည်း လွတ်လပ်စွာ ရွေးချယ်ခွင့်အပြည့် ရှိနေတာပါ ။

သူမရဲ့ ချစ်ခြင်းတရားတွေ ပြန်ရခဲ့ပြန်ရင်လည်း ပိုပြီးလိုချင်လာမိမယ် ။ 

သူများတွေပေါ်မှာထားတဲ့ ဂရုစိုက်မှုမျိုးနဲ့ မတူတဲ့ ယုယကြင်နာခြင်းတွေကို တောင့်တလာမယ် ။ 

သဝန်တိုလာမယ်.....  

အဲဒီနောက်မှာ ငြူစူခြင်းတွေပါ ကျရောက်လာမယ် ။ 

စိတ်မချတဲ့ အတ္တတွေနဲ့ ယဉ်ပါးတတ်လာမယ်.....  

ကိုယ့်မနက်ဖြန်တွေတောင် ကိုယ်မပိုင်ပဲနဲ့ သူမရဲ့နေ့ရက်တွေတိုင်းကို ပိုင်စိုးချင်လာမိမယ် ။



သူမအတွက် ချစ်ခြင်းအလင်္ကာ 



ကျွန်တော်လေ..... သူမကို ထာဝရဆုံးတိုင် မြတ်နိုးနေချင်တာပါ..... ။ 

ကျွန်တော့်ရဲ့ ချစ်မြတ်နိုးခြင်းမှာ သူမရဲ့ သိခြင်း မသိခြင်းတွေက အရေးမကြီးတော့ပါဘူး ။ 

ကျွန်တော့်ရဲ့ စိတ်ထဲ ၊ ကျွန်တော့်ရဲ့ ဘဝထဲ ၊ ကျွန်တော့်ရဲ့ ထုဆစ်မှုတွေထဲ ၊ 

ဖြတ်သန်းခဲ့ရသမျှ ကောင်းဆိုးတရားတွေထဲမှာ သူမအမြဲရှိနေတယ် ။ 

ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတရားမှာ သူမရဲ့ သိခြင်း မသိခြင်းတွေ ပျော်ဝင်မနေဘူး ။ 

သူမကို အနီးကပ် တွေ့ခြင်း မတွေ့ခြင်း ၊ သူမအနားမှာ နေခွင့် ရခြင်း မရခြင်း ၊ 

သူမကို ပိုင်ဆိုင်ခွင့် ရှိခြင်း မရှိခြင်းတွေက ကျွန်တော့်အတွက် ဘာမှ အရေးမကြီးပါဘူး ။ 

သေချာတာကတော့ သူမကို ကျွန်တော်  အရမ်းမြတ်နိုးတယ် ။ 

သူမကို အရမ်း ချစ်တယ် ။ 

ကျနော်မြင်တွေ့နေရတဲ့ လတစ်စင်းကို မြတ်နိုးခဲ့သလို သူမကို ကျနော်မြတ်နိုးတယ် ။ 


ချစ်ခြင်းမေတ္တာတရားဟာ ဘယ်လို အစပြုပြီး ဘယ်မှာ အဆုံးသတ်မှာလဲ ။ 

လက်ထပ်ခြင်းမှာလား..... လက်မထပ်ဖြစ်ခဲ့ရင်ရော ။ 

သူပြန်မပေးနိုင်တဲ့ ချစ်ခြင်းတရား အတွက် ဘယ်အထိ ကြေကွဲ နေနိုင်မလဲ ။ 

သေချာတာတစ်ခုကတော့..... 

ကျွန်တော်တို့အားလုံး တစ်စုံ တစ်ယောက်ကို စူးနစ်စွာ ချစ်ခဲ့ဖူးကြတယ် ။ 

ပန်းလေးတစ်ပွင့်ကို ချစ်မြတ်နိုးသူရဲ့ ရင်ထဲမှာ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ၊ 

အဲဒီပန်းလေး သိခြင်း မသိခြင်းထက် သူ့ကို တန်ဖိုးထားနေရတဲ့ စိတ်နဲ့တင် ၊ 

ရှင်သန်နေရတဲ့အခိုက်အတန့်မှာ ကျွန်တော်ဟာ ကြည်နူးစိတ် ပီတိတွေနဲ့ ပျော်ဝင်ရင်း ၊ 

ကျွန်တော့်ရဲ့ ချစ်ခြင်းတွေဟာ ထာဝရ လတ်ဆတ်နေမှာ အသေချာဆုံးပါပဲ ။ 



Have I told you lately that I love you
Have I told you there's no one else above you
Fill my heart with gladness
Take away all my sadness
Ease my troubles that's what you do 



စာရေးကောင်းနေတုန်း ရုတ်တရက် ဖုန်းဝင်လာတဲ့ အသံလေးကြောင့် ၊ 

 ကျွန်တော့်အတွေးတွေ ပျောက်ကွယ်သွားပြီး လက်ရှိဘဝထဲ ပြန်ရောက်လာခဲ့တယ် ။



'ဟယ်လို....အေး.....ပြောလေ လင်းလင်း.....' 


"ကိုညီ..... ဘာတွေလုပ်နေတာလဲ.....အလုပ်များနေလို့လား..... 

ကျနော် ဖုန်းခေါ်နေတာ ကြာပြီ..... ဖုန်းလဲမကိုင်ဘူး....." 


'ဟုတ်လား.....ဆောရီးပါ လင်းလင်းရေ.....
ဒီမှာ စာရေးနေရင်းနဲ့ အတွေးလွန်နေလို့ မကြားမိလိုက်တာပါ.....' 


"စာရေးတာလည်းရေးပေါ့ကိုညီ..... ကျန်းမာရေးလည်း ဂရုစိုက်ဦး..... 

ရှေ့လထဲ ဆေးရုံ သွားပြရဦးမှာ မဟုတ်လား..... 

လည်ချောင်းကင်ဆာ ဖြစ်နေတဲ့ သူကလည်း စာရေးရတာနဲ့ သီချင်းဆိုရတာနဲ့ 

တော်တော်ကို အားအင်တွေ ရှိနေတယ်ပေါ့လေ....." 


'အဲလိုတော့လည်း မဟုတ်ပါဘူး ညီရာ.....'

"ကျွန်တော်ပြောမလို့..... အဲဒီနေ့ကျရင် ကျွန်တော် ကိုညီ့ဆိုင်ကိုလာခဲ့ပြီး၊ 

 တူတူသွားကြမယ်လေနော်..... 

အဲဒီကပဲစောင့်နေနော်....." 


'အေးပါ လင်းလင်းရေ..... ကျေးဇူးတင်ပါတယ်ကွာ.....' 


"ပြောပြန်ပြီ ကျေးဇူးစကား ဒီလူနဲ့ဒီလူကို..... 

ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်..... 

ကျမ္မာရေးဂရုစိုက်ပါနော် ကိုညီ....." 


'အေးပါလင်းလင်းရေ.....' 


ကျွန်တော့်ရဲ့ နယ်ကျွံ အတွေးတွေထဲကနေ လွတ်မြောက်သွားတဲ့ အခိုက်အတန့်မှာ ၊ 

ကျွန်တော်ဟာ ကြည်နူးစိတ်တွေနဲ့ အတူ ကျွန်တော့်ရဲ့ လမင်းအိမ်လေးကို လွမ်းဆွတ်နေမိပြန်တယ် ။ 



လမင်းအိမ် 



ကျွန်တော် တိတ်တဆိတ်ပေးထားတဲ့ ချစ်မြတ်နိုးမိသူလေးရဲ့ လျှို့ဝှက် နာမည်ပါ ။ 

သူ့ကြောင့် ကျွန်တော့်ရဲ့ ကျန်ရှိနေသေးတဲ့ အချိန်တွေဟာ ၊ 

အရမ်းကို အဓိပ္ပါယ်ရှိစွာနဲ့ သက်ဝင် တောက်ပနေပါတယ် ။ 


ကျွန်တော့်ရဲ့ ချစ်ခြင်းတွေကို သူမ သိခြင်း မသိခြင်းဟာ အရေးမကြီးပါဘူး ။ 

သေချာတာကတော့ ကျွန်တော်ဟာ သူမကို ချစ်မြတ်နိုးတဲ့ စိတ်တွေနဲ့ 

ကြည်နူးဆွတ်ပျံ့စွာ ကျေနပ်နေတာပါပဲ ။ 



လူတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို သေဆုံးသွားသည့်တိုင် ၊ 

သူသိအောင်ဖွင့်မပြောပဲနဲ့ မြတ်နိုးစွာ ချစ်နေခွင့် ရှိပါသလား ။






ညီလင်းနိုင်




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...