ညီလင်းနိုင်: လွဲမှားတဲ့အတိုင်း

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

လွဲမှားတဲ့အတိုင်း




 ကမ္မသတ္တိကြောင့်ပဲရရ ဘုရားသခင်ကြောင့်ပဲရရ သန္ဓေစိတ်မှာကတည်းက

စွဲလောင်နေတဲ့မီးတောက်

ရှင်သန်ခြင်းဟာ သဲပူပူပေါ်ပစ်တင်ခံထားရတဲ့ငါး

ကျိုးကြေနေတဲ့စိတ်အခွံထဲ ငွေကြေးဟာ မမြင်ရတဲ့ပထမအသက်

သေနေတဲ့ဘဝတွေထဲက ရှင်နေတဲ့ဒုက္ခနဲ့ ရှင်နေတဲ့ဘဝတွေထဲက သေနေတဲ့စိတ်

တစ်ယောက်ရဲ့လျှာပေါ်မှာ စုတ်ပြတ်သတ်သွားတဲ့ တစ်ယောက်ရဲ့အမြှေးပါးလို

မီးသဂြုင်္ိလ်စက်ထဲကနေ ကိုယ့်ဘဝကိုယ် သွေးရူးသွေးတန်းဆွဲလုနေရတဲ့အဓိပ္ပါယ်

စိတ်ကူးဟာအိပ်မက်လိုပေါ့ပါးပြီး လက်တွေ့မှာဘဝဟာသွေးသံရဲရဲ

နာနေတဲ့စိတ်ထဲ စိပ်နေတဲ့အနာတွေကြား လူ့ယဉ်ကျေးမှုကြီးတစ်ခုလုံးကို

ခေတ်ကြီးကခုတ်လှဲသွားတယ်

ဒုက္ခလောင်စာတွေနဲ့စိုစွတ်နေတဲ့အခန်းထဲ မီးပွားကလေးကအစ

အချိန်တိုင်းဟာ သေရေးရှင်ရေး

ပလက်ဖောင်းပေါ် မိုက်မိုက်မဲမဲထိုးဟောင်နေတဲ့သီချင်းလို

ကိုယ့်အသံဟာ ကိုယ့်နားစည်ကိုရိုက်ခွဲနေရုံသက်သက်ပဲ



ဒီနေ့ချက်ကြိုးတန်းလန်းနဲ့ အမှိုက်ပုံထဲကသန္ဓေသားဟာ ဒီမိုကရေစီ

ဒီနေ့ကန်စွန်းရွက်တစ်စည်းတန်ဖိုးဟာ ဒီမိုကရေစီ

ဒီနေ့လူနာတစ်ယောက်ရဲ့အကြောဆေးတန်ဖိုးဟာ ဒီမိုကရေစီ

ဒီနေ့စစ်ပြေးလမ်းပေါ်က ခြေပြတ်လက်ပြတ်ဟာ ဒီမိုကရေစီ

ဒီနေ့အမှောင်ထဲက ပြည့်တန်ဆာတွေရဲ့ နာကျင်မှုဟာ ဒီမိုကရေစီ

ဆီလည်ရေလည်သေတွင်းဖြောင့်နေတဲ့ အဲဒီ ဒီမိုကရေစီဆိုတာကြီးက

ကမ္ဘာပေါ်မှာ ညဉ့်နက်သန်းခေါင် အနုကြမ်းစီးသလို

ဧည့်စာရင်းဝင်စစ်လေ့ရှိတဲ့ ဒေသမှာသွေးဆုံးတယ်

ကိုယ့်လူမျိုးကိုယ်သတ်ရတာကို ဂုဏ်ယူလေ့ရှိတဲ့ တစ်ခုတည်းသောနိုင်ငံပေါ့


" ရွှေကွ .... ရွှေဆိုတာသွေးရဲတယ်.... အဲဒီကောင်အချိုးမပြေလို့

ဈေးလယ်ကောင်ကြီးထဲ ငါးခုတ်သလိုဝိုင်းခုတ်ပစ်လိုက်တယ် "

" ..... "   " ..... "

" နှယ်နှယ်ရရမှတ်လို့ ..... မလေးရှားကရဲတွေတောင် ကျွတ်ကျဲတယ်လေ

အခုဒီကောင်သေတယ် ..... ငါတို့ခြောက်ယောက်က ကြိုးမိန့်ကျတယ် "

" ..... "   " ..... "

" ဒါပဲလေ .....

ဟောဒီမလေးရှားမှာ တစ်ယောက်သတ်ပြီး

ခြောက်ယောက်ကြိုးစင်တက်ရတာ ဒါပထမဆုံးပဲ ညီလေး "

" ..... "   " ..... "

" ဟို ကာဂျန်းထောင်က သံရုံးမီးရှို့တဲ့ သုံးယောက်က ၃၅ နှစ်ထဲပါ

ဒီလောက်ကြီးသွေးရှိတဲ့ကောင်တွေ မဟုတ်ဘူး "

" ..... "   " ..... "

" အစ်ကိုတို့က ရွှေဆိုတာ အဲလိုသွေးရှိတဲ့အထာကို ပြခဲ့တာ "

" ..... "   " ..... "


ခေတ်ကြီးက အဲဒီလို နောက်တယ် စနစ်ကြီးက အဲဒီလို ခြောက်တယ်

တောင်းစားနေရတာတောင် သံသယနဲ့ စိတ်အတွင်းသားထဲအထိ နှိုက်ဝင်ဖြဲရှာနေတဲ့ စနစ်ကြီး

လူ့တန်ဖိုးဟာ သွေးသွန်နေတဲ့လူနာ စိတ်ကျဆေးပြားတွေကို အဟာရလိုမှီဝဲနေရတဲ့ ခေတ်ကြီး

မှောင်နေတဲ့အနာဂတ်နူတ်ခမ်းပေါ် ဒုက္ခအလင်းဟာ မီးလိုရဲလို့ အဆိပ်လိုမွှန်လို့

တုန်လှုပ်ချောက်ချားစရာညကြီးပါ သွေးပျက်လောက်စရာ အမှောင်ကြီးပါ

သတ်ကွင်းထဲတရားရှာနေရသလို အလျားလိုက်ပဲံဆင်းဆင်း ဒေါင်လိုက်ပဲကျကျ

မူမမှန်တဲ့စနစ်မှာ ခေတ်ကြီးဟာ ကျိုးလို့ ငါတို့ဟာကြေလို့

အရာရာဟာပြီးဆုံးခဲ့ပါပြီ

ဖြေဆည်နိုင်စရာချစ်ခြင်းမေတ္တာရဲ့အလင်းစ သေဆုံးသွားခဲ့စဉ်ကတည်းကပေါ့

ခွေးတစ်ကောင်လို သံယောဇဉ်အဟာရကို ကြေကြေကွဲကွဲထိုးဟောင်နေမိတဲ့ကောင်

ဘာတစ်ခုမှအလကားမရတဲ့လူ့ဘုံထဲ ဖြေသာစရာဆိုလို့ ဒုက္ခဝမ်းစာတစ်ခုပဲ နေမဝင်ခဲ့တာပါ

မြုံနေတဲ့အနာထဲ မျက်နေတဲ့ဆူးတစ်ချောင်းလို

ဝတ်ကျေတမ်းကျေပြုပြင်ရေးဆိုတာ အော်ဂလီဆန်စရာ အညှော်တိုက်မှုသက်သက်ပဲ

လူသတ်လို့လူတွေသေနေတာထက်

စနစ်သတ်လို့ ဘဝတွေသေသွားတဲ့ သွေးပျက်လောက်စရာ ခေတ်ပျက်ကြီး

ကျကွဲသွားတဲ့ခေတ်ကြီးကို ချောက်နက်ကြီးထဲကနေ

လျှာပြတ်ကြီးနဲ့ ဗလုံးဗထွေးအော်ခေါ်နေရတဲ့ဖြစ်စဉ်

အဝေးက မိသားစုနာရေးနဲ့ အဝေးက သစ္စာဖောက်ရဲ့ အိမ်ထောင်သစ်ထူထောင်ခြင်းသတင်းမှာ

စိတ်တစ်ခင်းလုံးဟာ လောင်မီးပဲ

ငါ့မှာတော့ ကျွန်တံဆိပ်ကြီးနဲ့ ထောင်ကျလို့ ငါ့မှာတော့ လတ်လတ်ဆတ်ဆတ်ကြီး လောင်မြိုက်လို့

ငါ့အသံကို လေးဘက်လုံနေတဲ့ထောင်နံရံတွေနဲ့ အကြိမ်ကြိမ်ရိုက်ခွဲပစ်လိုက်မိတယ်

အခု ခွေးတစ်ကောင်လို မြင်မြင်ရာထိုးဟောင်နေမိတဲ့ ငါ့အသံဟာ ငါ့သိမ်ငယ်မှုပဲ

အလိုမတူပဲ ငါ့စိတ်အမျှင်ထဲ တရှိန်ထိုး ဖောင်ဖျက်ဝင်လာတဲ့ မီးတောက်

ငါ့စိတ်အနာကြီးထဲ လောက်ကျနေမှုဟာ ယင်တလောင်းလောင်း

လူ့ဘဝရဲ့နာကျင်စရာမှန်သမျှဟာ ခိုင်မာတဲ့သွားတွေနဲ့ ငါ့စိတ်ကို မလွတ်တမ်းဝင်ခဲထားတယ်

လွတ်နေတဲ့စိတ်ဟာ ပျောက်နေတဲ့လမ်းပေါ်မှာ အရိုးငေါငေါ

လွမ်းနေတဲ့စိတ်ဟာ လင်းနေတဲ့အမှောင်မှာ အဖျင်းတွဲတွဲ

Back to the Future ခလုတ်နဲ့ ဘယ်အခန်းပဲပြန်ရစ်ကြည့်ကြည့်

ဘဝဟာ စက်သွားထဲကြေနေတဲ့ကြိတ်သား

ငါ့အသံကိုငါမကြားရတော့ဘူး

ငါ့အသံကိုငါမကြားရတော့ဘူး

ငါ့အသံကိုငါမကြားရတော့ဘူး

သွေးအလူးလူးနဲ့ ဝမ်းနည်းမှုဟာ ငါ့ရင်ကိုထုတ်ချင်းဖောက်ဝင်နေတဲ့ စိတ္တဇ

ငွေကြေး ချစ်ခြင်းမေတ္တာ လူမှုဆက်ဆံရေးနဲ့ အနာဂတ်မိသားစုမှာ

ငါဟာအရှိန်နဲ့ပျက်ကျသွားတဲ့ကိုယ်ဝန်

သံသရာကိုခုန်အုပ်လိုက်ရမလား အသွားမြိနေတဲ့ဝန်းကျင်တစ်ခုလုံး မောက်မာစွာမာန်ဖီနေကြတယ်

ရှေ့တိုးရင်ချောက်ကြီးဆိုတော့လည်း နောက်ကျောကိုထောက်ထားတဲ့ ဓားအပေါ်

ကျေကျေနပ်နပ်ကြီးထိုးကျွေးပစ်လိုက်ရတာပေါ့

ဦးညွှတ်ရင် ဒူးနဲ့တိုက်တယ် ကျောခိုင်းရင် တံတွေးထွေးတယ်

ဖောက်လွဲဖောက်ပြန်ဆိုတာ အဲဒီ မိမဆုံးမ ဖမဆုံးမ လောကဓံကိုခေါ်တာ

အမြှေးပါးတစ်ခုလုံး ဖူးဖူးရောင်နေပါတယ်ဆိုမှ အဲဒီမုဒိန်းဇာတ်ဝင်ခန်းကိုပဲ အထပ်ထပ်ပြန်ရစ်နေခဲ့ရ

အနာအဆာများတဲ့လူ့ဘဝမှာ ကြေကွဲစရာဟာ လူကြိုက်များတဲ့ ဇာတ်လမ်းမှမဟုတ်ခဲ့ပဲ

အပေါစားပြက်လုံးတစ်ခုရယ် လူကြိုက်နည်းတဲ့သီချင်းတစ်ပုဒ်ရယ် မိခင်စိတ်နဲ့ မိန်းမတစ်ယောက်ရယ်

စီးကရက်တစ်လိပ်စာလောက် တငွေ့ငွေ့ စိုစွတ်ခွင့်ရရင်ပဲ လူ့ဘုံဟာ ဖြေသာနိုင်လောက်ရဲ့

မွေးတယ် ကြေကွဲတယ် ပြီးရင်သေမယ် ရိုးရှင်းတဲ့ဘဝကြီးထဲ ကိုယ့်အမှောင်နဲ့ကိုယ် လုံခြုံခဲ့ပါတယ်

ဘယ်သူမှမမှားခဲ့ပါဘူး ကိုယ့်အမှန်တရားနဲ့ကိုယ် မိုက်လုံးကြီးခဲ့ကြရုံသက်သက်ပဲမဟုတ်လား

အကျအဆုံးအသင်္ချေနဲ့ မွစာကြဲနေတဲ့တောင်ကုန်းကလေးပါ ညီမလေး

သွေးသံရဲရဲပစ်ကွင်းထဲမှာမှ ချစ်ခြင်းမေတ္တာကို ငွေကြေးမချိတ်ပဲမျှားနေခဲ့မိတဲ့ကောင်

မှောင်ရုံသာမှောင်တတ်ပြီး

သေရင်တောင်နာကျင်ခြင်းကို သံသရာအထိ ကြိုတင်အမျှဝေထားခဲ့ချင်တဲ့ကောင်ပေါ့






ညီလင်းနိုင်





0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...