ရင်ဘတ်ပေါ် တရွရွတက်လာတဲ့အာရုံမှာ ဘိုးတံမဲ့တယောတစ်စင်းလို
ငြီးငွေ့ခြင်းဟာအလျားလိုက်ထူထောင်တယ်
သင်းကွပ်ခံထားရတဲ့ ကြယ်တွေလို ဘယ်လိုဂီတမျိုးကမှ ဟောဒီညကို လင်းဝေမပေးနိုင်တော့ဘူး
ဆွတ်ဆွတ်ကျင်ကျင် သင်းကွဲရင်း စိတ်အလျင်မှာ စိုက်ဝင်နေတဲ့ထိုးကွင်းဟာ ကဗျာ
အခိုးတဝေဝေနဲ့ ကဝေတွေရဲ့ မျက်စောင်းမှာ ကျွန်တော့်ရဲ့နေ့တွေ ပိုမိုစွေစောင်းလာတယ် မေမေ
ဒီခေတ်ရဲ့ စာနာတရားဆိုတာ လည်မျိုကိုဖောက်ဝင်သွားတဲ့ဓား

နာကျည်းမှုဟာ တဖျတ်ဖျတ် ငယ်သံပါတယ်
စိတ်ကိုစိတ်နဲ့ခတ်လိုက်တိုင်း ငွေသံကြေးသံပဲ ချွင်ချွင်မြည်တယ် ဘဝကို ဘယ်လိုကူးရပါ့ ငါ့ရှင်
သူစိမ်းဆန်တဲ့အခင်းအကျင်းတွေအတွက် ခံနိုင်ရည်ကို နာနာဇက်ခွံ့ထားရတယ်
အထီးကျန်တရားက အစွယ်ဖွေးဖွေးနဲ့ အရိုးထိ ဝင်ကိုက်နေတာ တနုံ့နုံ့နဲ့ တအုံနွေးနွေး ငွေ့လောင်တယ်
ကျဆုံးခဲ့သမျှ ကြယ်တစ်စင်းရဲ့ ဈာပနလို မှုန်ဝါးတိတ်ဆိတ် ရွက်ကြွေတွေသာ လွင့်လွင့်ဝေဝေရှိခဲ့ပေါ့
တကယ်တော့ ဘဝဆိုတာ တိမ်စိုင်တွေကို ငေးရီရင်း

အမြစ်တွယ်နှောင်ကြိုးတွေနဲ့ အကျဉ်းကျနေတဲ့ မြက်ခင်းလိုပါပဲ
နေရောင်လောင်ခံထိရင် ညှိုးနွမ်းခဲ့ရသလို လရောင်ဆမ်းခံထိရင် လန်းဆန်းတတ်ကြတယ်
ကျွန်တော်ဟာ လရောင်ဝေးတဲ့ မြက်သားပေါက်တစ်စများလား မေမေ
ဆောင်းခိုနေတဲ့ ဒဏ်ရာသွေးတိတ်ရင် ဒီပွဲတော်မှာ သီချင်းတစ်ပုဒ်ဆိုချင်တယ်
We Are The World သီချင်းကို ဝတ်လစ်စလစ်စိတ်နဲ့ ကောင်းကင်ဘုံကြားအောင် ဆိုမယ်
နောက်ဆုံးတော့ ဘဝဆိုတာကို မီးပွင့်မတတ်တောက်စားပြရင်း

ရင်ကွဲပက်လက် လက်ပြနူတ်ဆက်လိုက်ကြယုံပေါ့ကွယ် ။
ညီလင်းနိုင်
5 comments:
ဟုတ်တာပေါ့ သင်းကွပ်ခံ ထားရတဲ့ကြယ်တွေ
ဘယ်လိုမှ အလင်းရောင်မပေးနိုင်ဘူး
ဝတ္တရား အရ မဟုတ်ပဲ ကဗျာချစ်သူတစ်ယောက်အနေနဲ့
ကဗျာတွေလာဖတ်ဖြစ်တာပါ
ခင်မင်တဲ့ jasmine
ဆွတ်ဆွတ်ကျင်ကျင် သင်းကွဲရင်း စိတ်အလျင်မှာ စိုက်ဝင်နေတဲ့ထိုးကွင်းဟာ ကဗျာ
ကဗျာလေး အားပေး ခံစားသွားပါတယ်ရှင်။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
ကဗျာလေးက တစ်မျိုးလေးနော်
ဘာမှန်းမသိပဲ ခံစားရတယ်...
ခင်မင်နေတဲ့...မိုးနတ်ကြယ်စင်
ဒီခေတ်ရဲ့ စာနာတရားဆိုတာ လည်မျိုကိုဖောက်ဝင်သွားတဲ့ဓား အစွယ်ဖွေးဖွေးနဲ့ အရိုးထိ ဝင်ကိုက်နေတာ တနုံ့နုံ့နဲ့ တအုံနွေးနွေး ငွေ့လောင်တယ် ဘဝဆိုတာကို မီးပွင့်မတတ်တောက်စားပြရင်း ဒုက္ခချိုမှာ စိုက်ဝင်နေတဲ့ထိုးကွင်းဟာ ကဗျာ ... အဲဒါ လှပစွာ မျောနစ်ခြင်း ...
Post a Comment