ညီလင်းနိုင်: ငါ ဆွဲကိုင်လိုက်တဲ့ သစ္စာတရားကတော့ ..... သုညကမ္ဘာမှာ ဝလုံးရေးတတ်ဖို့ ငါ့အသက်ကို အပြီးတိုင် နူတ်ယူသွားခဲ့တယ်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ငါ ဆွဲကိုင်လိုက်တဲ့ သစ္စာတရားကတော့ ..... သုညကမ္ဘာမှာ ဝလုံးရေးတတ်ဖို့ ငါ့အသက်ကို အပြီးတိုင် နူတ်ယူသွားခဲ့တယ်






အစွယ်ဟောင်းလောင်းနဲ့တစ္ဆေတစ်ကောင်လို ရင်ဟောက်ပက်ကြီးလွယ်ထားတယ်

ထစ်ချုန်းနေတဲ့ လောကဓံအပေါ် နေရောင်ရွှဲရွှဲကလေးကို ဆီမီးလိုဆမ်းလို့၊ ဘဝရဲ့ အရသာကို စားမြုံ့ပြန်လို့၊

အသိဥာဏ်ထဲကပ်ငြိလာသမျှကို တခုတ်တရ စေ့စေ့ငုငု စားသုံးတယ်

ကိုယ်ဟာ ဆဌကမ္ဘာရဲ့ ဆာဟာရစိတ်အငေါကြီးလွယ်ထားတဲ့ ပထမဆုံးသော ဂြိုလ်သားပါ

ဘဝခုတ်ရာတစိုစိုနဲ့ ဘဝတွေကိုငေးတယ်/စိတ်အမျှင်တွေကိုငေးတယ်/သံသရာကိုငေးတယ်

ဆုတ်ကပ်မှာ အမှန်တရားဟာ အကောင်ထွားသလောက် အသည်းငယ်လွန်းတဲ့ သင်္ကြန်အမြောက်

စိတ်လိုလက်ရ ဝန်ခံရရင် ကိုယ်ဟာ တစ်ခြမ်းစုတ်နေတဲ့ အတွေးအခေါ်နဲ့ တံလျှပ်လိုယိုင်နေတဲ့ အတွင်းတိမ်နဲ့

လွဲချော်ခြင်းခေါင်းစဉ်အောက်မှာ အံဝင်ခွင်ကျအိပ်မွေ့ကျတယ်

အနက်ပြန်မရတဲ့ သွေဖီခြင်းတွေနဲ့ လူဟာလူဖြစ်ကြောင်း ကားစင်မှာ မချိသွားဖြဲ တုံးလုံးလဲနေတာကို တွေ့တယ်

ရင်ကွဲနာလူ့ရွာမှာ နေထမ်း မီးထမ်းဘဝတွေ နက်နက်စူးစူး ကျစ်တောက်ကြောင်း ဒီရာသီမှာလည်း ကိုယ်ဆက်ပြောနေမယ်

အမှောင်ခြုံထားတဲ့ အသံတစ်ခု ထောင့်ချိုးထဲကနေ ခုန်ထွက်လာတယ်

" ရှင့်လိင်စိတ်ကို ဟောဒီတစ်ညလုံး ကရားရေလွှတ်သလိုသာ ဖောက်ခွဲပစ်လိုက်၊

ခေါ်ဈေးတော့ တစ်ပြားမှမဆစ်နဲ့.... အမေ့အသက်ကို ဒီငွေနဲ့ ဆက်ရမှာ "

အလုံပိတ်ခံထားရတဲ့ ဘဝအကြမ်းကြီးထဲမှာ အရင်းအနှီးဟာ အရင်းကြီးနေတာကိုတွေ့တယ်

တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာမှာ တစ်ယောက်စိတ်က ငါးမျှားချိတ်လို  လာ  လာ  ချိတ်တွယ်နေတာတွေ့တယ်

အလင်းလိုချင်တိုင်း နံရံမှာချိတ်ဆွဲထားတဲ့ ပန်းချီကားထဲက လရိပ်ကိုပဲ တယုတယ စိတ်ကူးနဲ့  မျှား  မျှား  နေရ

တံတားတစ်စင်းကျိုးကြေနေတယ်၊ လူတစ်ယောက်လဲပြိုနေတယ်၊ ဘဝတစ်ခုဟာ ဘဝတစ်ခုကို နင်းလို့ .... ချေလို့ .....

မီးတောင်ဝက လွင့်စင်ထွက်ကျလာတဲ့ ခေတ်တစ်ခုလုံးရဲ့ အသံဟာ မကျွတ်မလွတ် လွတ်ကျကွဲတယ်

" ဘယ်သူပြောလဲ ငါတို့ဟာ ဘုရားသခင်ရဲ့သားသမီးတွေဆိုတာ "

ဘယ်နိုင်ငံတော်မှာမဆို နိုင်ငံသားကဒ်ရှိမှ လူစာရင်းဝင်တယ်၊ ပြောရေးဆိုခွင့်ရှိမှ ပြောလို့ရတယ်

လူဟာ လူဖြစ်ကြောင်း ထောက်ခံစာလိုတယ်၊ လူဟာ လူဖြစ်ကြောင်း ပိုက်ဆံလိုတယ်

လူဟာ လူဖြစ်ကြောင်း ရာထူးကြီးကြီးလိုတယ်၊ လူဟာ လူဖြစ်ကြောင်း မဏ္ဍပ်တိုင်လိုတယ်

ရခဲလွန်းတဲ့ လူ့ဘဝမှာ ခြေချစရာမရှိလောက်အောင် ဝက်ဝက်ကွဲ တောထနေတာ စိတ်အနာပဲ

စိတ်ဟာ စိတ်ကို ခြေကျင်းခတ်တယ်၊ စိတ်ဟာ စိတ်ကို ခြေထိုးခံတယ်၊ စိတ်ဟာ စိတ်ကို ခြေတော်တင်တယ်

လာပါပြီ အစွယ်တန်းလန်းနဲ့ မီးတောက်တွေ လာပါပြီ .... ဝတ်ကောင်းစားလှ ဝတ်ပြီး မိုးအဆုံးမြေအဆုံးကို လာနေပြီ

ကိုယ်ကျင့်တရားကို စလောင်တယ်၊ ယဉ်ကျေးမှုမှာ မီးစွဲတယ်၊ အနာဂတ်ဟာ ခြေတရွတ်ဆွဲရင်း တစ်ဘဝစာ ပြာကျတယ်

လသာတုန်း ဗိုင်းငင်ပစ်လိုက်ဖို့ ညအကန်းကြီးလည်ဝမှာ ပန်းဦးဆက် အမျိုခံပစ်လိုက်ရတာက ဆွေစဉ်မျိုးဆက်

ဒီအရပ်နဲ့ ဒီဇာတ် ဒီတစ်သက်တော့ ဘယ်တော့မှ အတောမသတ်ဘူး

Ruin သီချင်းကို အမြစ်ကနေဆွဲဖြဲပြီး ဝဋ်နာကံနာလို နားစည်ထဲ အပင်းဆို့ထားလိုက်ရမလား Lamb Of God

ဆူးခတ်ခြုံထားတဲ့နေရောင်အောက်မှာ ဘယ်လိုဂီတမျိုးကမှ လင်းဝေမပေးနိုင်တော့တာကို ယုံကြည်တယ်

" ကျေးဇူးပြုပြီး ရေတစ်ခွက်လောက် စိတ်နဲ့ ခပ်တိုက်ပေးလို့ရမလား ဘုရားသခင် "

အမှန်တရားဟာ နူရာဝဲစွဲ.....လို့ ..... အမှန်တရားဟာ လဲရာသူခိုးထောင်း.....လို့.....

ရှေ့စိတ်ကို နောက်စိတ်နဲ့ ခုတ်ချပစ်လိုက်ဖို့ စိတ်ဟာခေတ်မှာ ညို့ကွင်းမိတယ် စိတ်ဟာခေတ်မှာ အိပ်မွေ့ကျတယ်

လက်ပန်းကျနေတဲ့ ဘဝတွေကိုကြည့်ရင်း မောတယ်

မောနေရင်းနဲ့ကို မောတယ်

မက်မက်မောမော မောတယ်

ခြေကုန်ထုတ်ကစားနေရမှတော့ ဘယ်ခြေနဲ့နင်းနင်း ဒီမိုင်း အရှင်းကွဲတော့မှာကို ရိပ်မိခဲ့ဖို့ကောင်းတာပေါ့

ဘဝဟာ ဘဝကိုချောင်းရိုက်ပစ်လိုက်တယ်

စိတ်တစ်ခုလုံးသွေးသံစက်လက်နဲ့ ကိုယ့်လိပ်ပြာကိုယ် ပြန်ရှာမရဘူး

အမိုက်တရားဟာ အစွယ်ငေါငေါနဲ့၊ အမိုက်တရားဟာ သရေတရွှဲရွှဲနဲ့၊ အမိုက်တရားဟာ ခေတ်ပေါ်ဂီတနဲ့

နေရောင်နဲ့အတူဖြာကျလာတဲ့ ဓားတွေလို စိမ်းလန်းခြင်းတွေကို ရိတ်သိမ်းပစ်လိုက်တယ်

သက်ပြင်းတွေ..... သက်ပြင်းတွေ .... အရိုးငေါငေါနဲ့ သက်ပြင်းတွေ

ဖန်မီးသီးကျကွဲသလို စိတ်လိုလက်ရ တချွမ်းချွမ်း လွတ်ကျကွဲတယ်

အမေ့ရင်ငွေ့ကိုလွမ်းလို့ ငိုခဲ့ရ၊ အဖေ့လက်ဖျံရိုးလေးကို လွမ်းလို့ ငိုခဲ့ရ၊

အမှောင်စိုစိုထဲမှာ ဓာတ်တိုင်ဟာအထီးတည်း စိုလို့ .....

လိင်စိတ်ဟာ ချစ်ခြင်းမေတ္တာကုတ်အင်္ကျီနဲ့ Valentine's Day မှာ လူပျိုလှည့်တယ်

မေတ္တာတရားဟာ မုန့်ဆီကြော်နဲ့ ဧည့်ဝတ်စောင်ဝတ်ဟာ နူတ်ခမ်းနာနဲ့ ဆီမဆမ်းတဲ့ ညစာကိုမှ ဘီလူးစီးတယ်

" အသက်တာကို အမဲဖျင်သလို ဖျင်ချလိုက်ရ မကောင်းရှိတော့မယ် "

ကြမ်းကြိုကြမ်းကြားထဲက ဖြောင့်ချက်ဟာ ဆီလည်ရေလည် သေတွင်းဖြောင့်တယ်

ဘဝဦးကတည်းက အသွားမတော်ခဲ့ဘူး ဘဝဦးကတည်းက အစားမတော်ခဲ့ဘူး

အထိအရှဟာ ပိပိရိရိနဲ့ သေသေသပ်သပ် မောင်းဖြုတ်ချလိုက်တယ်

မျက်တွင်းဟောက်ပက်နဲ့ အသံဟာ လည်ချောင်းထဲကနေ သိမ်ငယ်ဇောလွယ်ပြီး ခုန်ထွက်လာတယ်

" ဒါနဲ့ စကားမစပ်..... ကြေးနီရောင်မြင်းရိုင်းလိုခြေလှမ်းနဲ့ ဒီခရီးကို ဘယ်လိုမောင်းနှင်ပစ်လိုက်သလဲ ဒါရုစီ "

ငါ ဆွဲကိုင်လိုက်တဲ့ သစ္စာတရားကတော့ .....

သုညကမ္ဘာမှာ ဝလုံးရေးတတ်ဖို့ ငါ့အသက်ကို အပြီးတိုင် နူတ်ယူသွားခဲ့တယ်။ 
 




ညီလင်းနိုင် 





11 comments:

ဝတ္တုတိုလေးလာေ၇ာက်ဖတ်သွားပါတယ်ချင့်...
ဝတ္တုတိုလေးဖတ်၇တာကြိုက်တယ်.
ပျော်ရွှင်ပါစေ..

 

ဘယ်လိုမှ မထင်ပါနဲ့ . . ဒီကဗျာကိုဖတ်ရတာ အရမ်းကြိုက်ပါတယ်
ဒါပေမယ့် ပြောခဲ့ဖူးသလိုပဲ . . ဝတ္ထုတိုတွေနဲ့ ကဗျာတွေရဲ့ ရေးဟန်က
တစ်ပုံစံတည်းလိုဖြစ်နေတဲ့အခါကျတော့ စာဖတ်သူကိုရောထွေးစေပါတယ် ဒါပေမယ့် ဒီကဗျာဟာ ကဗျာတစ်ပုဒ်ဖြစ်ကြောင်း စကားလုံးတိုင်းက ပုံဖော်နေပါတယ် . . အဲဒီအတွက် ကျွန်မဒီကဗျာကို
တော်တော်ကြိုက်ပါတယ်
(P.S သနားသောအားဖြင့် spam ထဲဝင်သွားခဲ့ရင် ပြန်ဆယ်ပေးထားပါ :P)


ခင်တဲ့
မိငြိဏ်းခက်

 

အကြာကြီးစဉ်းစားရတယ်။ ကျနော့်အတွေးတွေ နုတယ်နော်။ ဦးညီ စကားလုံး သုံးပုံတွေကို တော်တော်အတုယူရမယ်။း)
စာသားတွေ အကုန်လန်းနေတယ်ဂျာ။။။။။။။။။။။။။

 

ဟား ဖတ်နေရင်းနဲ့ စာသားတွေ စကားလုံးတွေ ကောင်းလိုက်တာအစ်ကိုရေ။
လူဟာ လူဖြစ်ကြောင်း ထောက်ခံစာလိုတယ်၊ လူဟာ လူဖြစ်ကြောင်း ပိုက်ဆံလိုတယ်

လူဟာ လူဖြစ်ကြောင်း ရာထူးကြီးကြီးလိုတယ်၊ လူဟာ လူဖြစ်ကြောင်း မဏ္ဍပ်တိုင်လိုတယ်
ကဗျာဖတ်လိုက်တာ သွေးကြောထဲတောင် ဖျဉ်းကနဲဖျဉ်းကနဲ ကြက်သီးထသွားတယ်။
အစ်ကို့စာသားတွေက ထိရှတယ်။ ကဗျာရေးဖို့အားတောင်မရှိတော့ဘူး အစ်ကို့လို မရေးတတ်လို့။

 

ကိုယ်တိုင်လဲတခါတရံတော့

(လွဲချော်ခြင်းခေါင်းစဉ်အောက်မှာ အံဝင်ခွင်ကျအိပ်မွေ့ကျတယ်)နေခဲ့တာပါပဲ
ကွန်မက်ရေးဖို့အတော်စဉ်းစားလဲမရဘူး ပေးထားတဲ့အသိနဲ့ လွှဲနေမှာစို့လို့ပါ
ဒီကဗျာကိုလာဖတ်၂ခါရှိပြီ တခါလာတိုင်း ၃-၄ ခါပြန်ပြန်ဖတ်မိတယ်
အပြည့်အ၀ဥာဏ်မမှီတာကိုလဲ သိသလိုတတ်သလိုမရေးချင်တာပါ--------

 

အကိုတော်ရေ...ကဗျာရဲ့အနှစ်သာရနဲ့ ဆိုလိုရင်းကို
မိုးနတ် ဦးနှောက်သေးသေးနဲ့ အပြည့်နားလည်အောင်
ကြိုးစားကြည့်ခဲ့ပါတယ်...မဂျီးဂျက်ပြောသလို
နားမလည်မချင်းဆိုတာထက် ဘယ်လိုပြောမလဲ
ကိုယ့်ကိုယ်ကိုပဲ ပြောပါတယ်...မိမိုးနတ်
နင်တော်တော် ညဏ်နဲသေးတာပဲလို့လေ :(

 

ပထမဆုံးအပိုဒ်ကို ဘယ်လိုမှ နားမလည်ဘူး
နောက်အပိုဒ်တွေကတော့ စိတ်နှင့်စဉ်းစား စပ်ဆက်တွေးခေါ်ပြီး နားလည်မိတယ် ..
အရေးအသားကတော့ တခုတ်တရဖတ်ရအောင်ကိုကောင်းတယ် ..
စကားမစပ် ဒီကဗျာလေးကို အက်စေး ထဲထည့်လိုက်ရင်ပိုမိုက်မလားလို့ ..
ကျွန်တော့ စိတ်ကူးသက်သက်ပါ ..

 

အင်း... ဒီကဗျာကိုဖတ်ရတာ ဘယ်လိုပြောရမလဲ... မစံပယ်ပြောသလို ကွန်မက်ရေးဖို့အတော်စဉ်းစားလဲမရဘူး ပေးထားတဲ့အသိနဲ့ လွှဲနေမှာစို့လို့ပါ... ဒါပေမယ့်
ကိုယ့်အတွေးနဲ့ကိုယ် ဒီစာသားလေးတော့ ကြိုက်တယ်
(ငါ ဆွဲကိုင်လိုက်တဲ့ သစ္စာတရားကတော့ .....
သုညကမ္ဘာမှာ ဝလုံးရေးတတ်ဖို့ ငါ့အသက်ကို အပြီးတိုင် နူတ်ယူသွားခဲ့တယ်။)

 

စဖတ်တော့အဓိပ္ပာယ် သိပ်နားမလည်းဘူး ဖတ်ရင်နဲ့ စကားလုံးတွေလေးနက်လာတယ်.. အားပေးသွားပါတယ်.. လင့်ချိတ်လိုက်ပြီဖြစ်လို့ မကြာခဏဆိုသလိုရောက်ရှိပါအုံးမယ်.. လင့်ချိတ်နောက်ကျလို့ တောင်းပါတယ်ရှင်

 

အမှန်အတိုင်းပြောရရင်တော့ တစ်ပုဒ်လုံးကို တိတိပပ သေသေချာချာနားမလည်ဘူး အစ်ကို ... "လူဟာ လူဖြစ်ကြောင်း ပိုက်ဆံလိုတယ်
လူဟာ လူဖြစ်ကြောင်း ရာထူးကြီးကြီးလိုတယ်၊ လူဟာ လူဖြစ်ကြောင်း မဏ္ဍပ်တိုင်လိုတယ်
ရခဲလွန်းတဲ့ လူ့ဘဝမှာ ခြေချစရာမရှိလောက်အောင် ဝက်ဝက်ကွဲ တောထနေတာ စိတ်အနာပဲ" ... ဒီစာကြောင်းလေးတွေကိုတော့ ကြိုက်တယ် ...

 

အလင်းလိုချင်တိုင်း နံရံမှာချိတ်ဆွဲထားတဲ့ ပန်းချီကားထဲက လရိပ်ကိုပဲ တယုတယ စိတ်ကူးနဲ့ မျှား မျှား နေရ

ညီမလေးလည်း အဲသလို ခဏခဏမျှားခဲ့ဖူးတယ် အကို :)

 

Post a Comment

Related Posts Plugin for WordPress, Blogger...