ညီလင်းနိုင်: လူနာ

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

လူနာ





အဓိပ္ပါယ်ဟာ အမှောင်ထဲမှာ နက်နက်စူးစူး ဖြာနေတယ်

တစ်ဘဝလုံးလွဲခဲ့တဲ့အတိုင်း ဒုက္ခသားအိမ်ကြီးထဲ အလယ်ဇောငါးချက်နဲ့ စလယ်ဆုံး လောင်တော့တာပဲ

အရေပြားပေါ်တွားတက်နေတဲ့ စားဝတ်နေရေးတက်တူးရယ်

စိတ်အမျှင်အိမ်အိုကြီးထဲ တတိတိဝင်ကိုက်နေတဲ့ လူမှုဗေဒဗိုင်းရပ်စ်တွေရယ်

ဘယ်စိတ်နဲ့ခလုတ်ဆွဲဆွဲ မူမမှန်တဲ့ကျည်ဆံမှာ ဘဝဟာ အတုံးလိုက်အတစ်လိုက်ကြီး ချိတ်ပါသွားသလိုမျိုး

တစ်နွယ်မှမငင်မိပါပဲနဲ့ တစ်ဘဝလုံးစာ ပြိုကျနေတဲ့စင်ကြီးထဲ

နိဒါန်းသားဦးနဲ့တင် မီးနေခန်းကကိုမထွက်ရတော့ဘူး

သူသူငါငါမနက်ခင်းကလေးကအစ ကိုယ့်မှာ အချိန်တိုင်းဖောင်ဖျက်နေရတဲ့ဖြစ်စဉ်

ဘုရားကျောင်းဆောင်နဲ့ ဘုရားစင်မှာ ပညတ်ကဘယ်နှစ်ရွေးသား ပရမတ်က ဘယ်နှစ်အောင်စ

တရားကိုဓားလိုဆွဲကိုင်နေသရွေ့တော့ ဘယ်နွယ်မြက်သစ်ပင်မှ ဆေးဘက်ဝင်မှာ မဟုတ်တော့ဘူး

အမြင်လွှာထဲစိုက်ဝင်နေတဲ့ မြင်ကွင်းလား မြင်ကွင်းထဲစိုက်ဝင်နေတဲ့ အမြင်လား

အလင်းနဲ့အမှောင်ကြားထဲမှာ အရောင်တစ်ခုရှိနေမယ်ဆိုရင် ညှိမှုလို့ခေါင်းစဉ်တပ်မယ်

ခုတ်ထား ..... ထွက်နေတဲ့အရိပ်ကို လွှဲနေတဲ့စိတ်နဲ့ ခုတ်ထား

ဘယ်အစွန်းထွက်မှုကိုမှ အစွန်းထွက်မလာစေနဲ့



နေထွက်သွားတာလား နေဝင်သွားတာလား

ကျွံဝင်နေတဲ့ အတွေးဖျောက်ဆိပ်မှာ စိတ်ဟာကြိုးစင်ပေါ် တဖျောက်ဖျောက်

ကတုတ်ကျင်းထဲက အရေးပေါ်ကြေငြာချက်လို မျက်ဖြူဆိုက်နေကာမှ အလံဖြူကရှာမရသလိုမျိုး

မဆုံးနိုင်တဲ့လမ်းမှာ ဘယ်ရွာမှရှာမနေချင်တော့ဘူး

မိုးမျှော်မြက်သားပေါက်ဆီ တရွေ့ရွေ့ခရီးထွက်သွားတဲ့ တိမ်တွေလို

ဘဝကို အဓိပ္ပါယ်ရှိရှိ တဖျင်ဖျင်ရွာချလိုက်ဖို့ပဲ

နောက်ပြန်ရွေ့နေတဲ့လမ်းပေါ် ဆန့်ကျင်ဘက်ဆီဆန့်ထွက်နေတဲ့စိတ်ဟာ ဖိနပ်လိုပါးလာတယ်

ဂုဏ်သရေရှိအတွေးအခေါ်မှန်သမျှ " ငါ " ထည့်ပြီး ထွန်ယက်မှအရောင်ထွက်တာမျိုး

ပင့်ကူမျှင်တွေနဲ့ရက်လုပ်ထားတဲ့ ပြတင်းဝမှာ တမလွန်ကချောင်းကြည့်နေတဲ့မျက်လုံးတွေ

အတိတ်ကိုလည်း လက်ထိုးအန်ခဲ့ပြီးပါပြီ ဆိတ်ကွယ်ရာမရှိတဲ့ ဆောက်တည်ရာအတိုင်း

သက်ပြင်းတစ်ရှိုက်စာလောက်တောင် အလံမထူခဲ့ဖူးတဲ့ကောင်

ညအကန်းကြီးထဲ စူးစူးဝါးဝါး ထိုးဟောင်နေတဲ့ခွေးတစ်ကောင်လို

ချစ်ခြင်းမေတ္တာကို စိတ်လိုလက်ရ ပယ်ပယ်နယ်နယ် ရင်ဖွင့်လိုက်ချင်တာ

ခေါင်းစွပ်ခံထားရတဲ့အမှောင်ထဲ တစ်လံစာလောက် အကွာအဝေးဟာလည်း သံသယပဲ

နှစ်ကာလတွေတဖွဲဖွဲအရိုးရင့်လေ သံယောဇဉ်ဟာ ကျွဲပုခုံးထလေ

အဲဒီထင်ယောင်ထင်မှားစိတ်ကြီးဟာ ကြိုးစင်ပေါ်မှာ လျှာတန်းလန်း

စိတ်အမြှေးပါးကို တစ်ချိန်လုံးမုဒိမ်းဝင်ကျင့်နေတဲ့ သိမ်ငယ်မှု

နာဖျားနေတဲ့ပုလင်းထဲ စိတ်တစ်ခုလုံးကျုံးသွင်းခံထားရသလို ပျော်ရွှင်မှုဟာမျက်တွင်းဟောက်ပက်

မိသားစုကိုဆာနေတဲ့ စိတ္တဇဟာ အမှောင်ခန်းထဲက ကုတင်ပေါ်မှာ အရိုးငေါငေါ

အရက်စက်ဆုံးသော လောကရဲ့ဝဋ်ကြွေးဆိုတာ အထီးကျန်ခြင်းပဲမဟုတ်လား

စီးကရက်တစ်လိပ်လိုတငွေ့ငွေ့လှိုက်စားပြီး လောင်ကျွမ်းပြာကျခြင်းမှာ ပျော်ဝင်နေရတဲ့လူနာ

သေမယ့်နေ့ကိုကြိုမသိသေးတာကလွဲရင် နံရံပေါ်တွားတက်နေတဲ့ မွန်းကျပ်မှုမှာ

ညရေးညတာဟာ သွေးအလူးလူး

ဖြေသိမ့်စရာဆိုလို့ ဆန်ဖွပ်တဲ့အဖိုးအိုပုံပြင်လေးကို အဝေးရောက်အမေ့အသံနဲ့

စိတ်အတွင်းသားထဲ ဂျပ်ပင်ထိုးပြီး အိပ်ယာဝင်တိုင်း ဝင်သက်နဲ့အမျှ

နားထောင်ခဲ့ရတာတစ်ခုပဲ သွေးတိတ်စေတယ်

သတ်ကွင်းထဲမှာ ဒုက္ခကိုအလဲထိုးခဲ့ဖူးတဲ့ တစ်ခုတည်းသောအောင်မြေဟာ ငယ်ဘဝ

ဘယ်တော့မှပြန်မရနိုင်တဲ့ အဲဒီလမ်းဟာ ရိတ်သိမ်းပြီးစကောင်းကင်လို ပြာလို့ လွင်လို့ ထစ်ချုန်းလို့

ဘယ်အရာကိုမှ မီးကုန်ယမ်းကုန်အံကြိတ်ထားစရာ မလိုအပ်တော့ဘူး

ဝဋ်နာ ကံနာအတွက် လူနာတစ်ယောက်ရဲ့ ဖြောင့်ချက်လို

လုံလောက်တဲ့လောကဓံဆိုတာ အရိုးရင့်လာတာနဲ့အမျှ စိတ်ကျရောဂါကို သားပေါက်စေတယ်





ညီလင်းနိုင်





0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...