ညီလင်းနိုင်

ညီလင်းနိုင်

သတ်ကွင်းထဲက ညအက္ခရာများ

ကြယ်တွေကြွေနေတဲ့ ကောင်းကင် - ၃





အခန်း ၅

ဘယ်သူမှ မမှားခဲ့ကြပါဘူး

ကိုယ့်အမှန်တရားနဲ့ကိုယ်

စုန်းစုန်းချုပ်ခဲ့ကြရုံသက်သက်ပါ။


တရကြမ်းတွန်းမောင်းနေတဲ့ အချုပ်ကားထဲမှာ အတွဲလိုက်ခတ်ထားတဲ့ လက်ထိပ်ကိုယ်စီနဲ့မို့၊

တစ်ယောက်ယိုင်တာနဲ့ အကုန်ယိုင်နေကြပုံများ စကောထဲ ဇီးဖြူသီးထည့်လှိမ့်နေသလိုပါပဲ။

အချုပ်ခန်းထဲမှာ ၂၃ ရက်တိတိ နေခဲ့ရလို့ အားအင်တွေ ကုန်ခမ်းနေတာကြောင့်

ကျွန်တော့်ရင်တွေ တလှပ်လှပ်တုန်ပြီးမျက်လုံးဖွင့်မရလောက်အောင်ကို မူးဝေနေပါတယ်။

ပီဂျေတရားရုံးကနေ စွန်ဂိုင်းဗလို့ ထောင်အထိ တစ်နာရီကျော်ကျော်လောက် မောင်းအပြီးမှာ၊

ကားရပ်တာနဲ့ ကျွန်တော် ကမူးရှုးထိုးဆင်းပြီး အန်ချလိုက်မိတယ်။

ရင်တစ်ခုလုံး တုန်ရီနေပြီး ကိုယ့်ခြေလှမ်းကိုယ် သယ်ယူနေရတာတောင် လေးလံလွန်းလှရဲ့။

အကျဉ်းထောင်တံခါးကြီးဖွင့်လိုက်ပြီး ကျွန်တော်အပါအဝင် အချုပ်သား ၃၀ ကျော်လောက်ကို

စနစ်တကျ တန်းစီပြီး ဝင်ခိုင်းပါတယ်။

အထဲရောက်တော့ သမံတလင်းမှာ ရှေ့ဆင့်နောက်ဆင့် ထိုင်နေရပြီး အခန်းသေးသေးလေးထဲကို

တစ်ယောက်စီဝင်ခိုင်းပြီးမှ၊ UKP ( UNIT KUASA PENJARA ) လို့ခေါ်တဲ့

အမေရိကန် မရိန်းစစ်သားတွေလိုပြောက်ကျားဝတ်စုံတွေနဲ့ ထောင်ထိန်းတွေက အကျဉ်းသားတိုင်းကို

တစ်ကိုယ်လုံး ချွတ်ပြီး ရှာဖွေ စစ်ဆေးပါတယ်။

ထူးခြားတာတစ်ခုက လူကောင်သေးသေးကွေးကွေး UKP တစ်ယောက်မှမတွေ့ခဲ့မိပါဘူး။

အရပ်အမောင်းကောင်းကောင်းနဲ့ အကောင်ထွားထွားတွေကြီးချည်းပါပဲ။

သူတို့စစ်ဆေးနေချိန် တော်ရုံလူ အလိုလိုဒူးတုန်နေမိတာ အမှန်ပါ။ မတုန်ခံနိုင်ရိုးလား .....

ညင်ညင်သာသာ ပြောဆိုတာ တစ်ကြိမ်မှကို မရှိခဲ့ပါဘူး။ တစ်ခွန်းမေးလို့ သူ့စကားနားမလည်လို့ဖြစ်စေ၊

မကြားလိုက်လို့ဖြစ်စေ ထပ်မေးတယ်ဆိုတာ ရှိမှမရှိပဲ။

စကားမဆုံးသေးဘူး လက်က တန်းရောက်လာတာမျိုး။

တော်ရုံကြောင်တောင်တောင်လုပ်နေပုံမျိုးကတော့ ကိုယ်နေရမယ့်အဆောင် မရောက်သေးခင်

သူတို့လက်ချက်နဲ့တင် ဆေးရုံတက်ရလောက်ရဲ့။

အော်ဟစ်ငေါက်ငန်းသံတွေကြားမှာ အကျဉ်းသားတိုင်းရဲ့ မျက်လုံးတွေဟာ သိမ်ငယ်မှုအပြည့်။

ကိစ္စဝိစ္စတွေပြီးချိန်မှာတော့၊ ထောင်ဗူးဝကတစ်ဆင့် အကျဉ်းထောင်ကြီးရဲ့ အတွင်းပိုင်းကို

ဆက်ဝင်ရပါတယ်။

လွဲမှားတဲ့အတိုင်း




 ကမ္မသတ္တိကြောင့်ပဲရရ ဘုရားသခင်ကြောင့်ပဲရရ သန္ဓေစိတ်မှာကတည်းက

စွဲလောင်နေတဲ့မီးတောက်

ရှင်သန်ခြင်းဟာ သဲပူပူပေါ်ပစ်တင်ခံထားရတဲ့ငါး

ကျိုးကြေနေတဲ့စိတ်အခွံထဲ ငွေကြေးဟာ မမြင်ရတဲ့ပထမအသက်

သေနေတဲ့ဘဝတွေထဲက ရှင်နေတဲ့ဒုက္ခနဲ့ ရှင်နေတဲ့ဘဝတွေထဲက သေနေတဲ့စိတ်

တစ်ယောက်ရဲ့လျှာပေါ်မှာ စုတ်ပြတ်သတ်သွားတဲ့ တစ်ယောက်ရဲ့အမြှေးပါးလို

မီးသဂြုင်္ိလ်စက်ထဲကနေ ကိုယ့်ဘဝကိုယ် သွေးရူးသွေးတန်းဆွဲလုနေရတဲ့အဓိပ္ပါယ်

စိတ်ကူးဟာအိပ်မက်လိုပေါ့ပါးပြီး လက်တွေ့မှာဘဝဟာသွေးသံရဲရဲ

နာနေတဲ့စိတ်ထဲ စိပ်နေတဲ့အနာတွေကြား လူ့ယဉ်ကျေးမှုကြီးတစ်ခုလုံးကို

ခေတ်ကြီးကခုတ်လှဲသွားတယ်

ဒုက္ခလောင်စာတွေနဲ့စိုစွတ်နေတဲ့အခန်းထဲ မီးပွားကလေးကအစ

အချိန်တိုင်းဟာ သေရေးရှင်ရေး

ပလက်ဖောင်းပေါ် မိုက်မိုက်မဲမဲထိုးဟောင်နေတဲ့သီချင်းလို

ကိုယ့်အသံဟာ ကိုယ့်နားစည်ကိုရိုက်ခွဲနေရုံသက်သက်ပဲ

အကွာအဝေး





အမှန်လွန်ဝါဒဆိုရင် အမှားတွေပဲထူထောင်လိုက်တော့မယ်

အခုမြင်နေရတဲ့မြင်ကွင်း မြင်ကွင်းထဲအမြင်စိုက်ဝင်နေတာလား

အမြင်လွှာထဲ မြင်ကွင်းရောက်လာတာလား

အကြားဆီ အသံဝင်လာတာလား အသံဆီ အကြားရောက်သွားတာလား

တစ်စက်ချင်းစပ်ဆက်နေတဲ့ရေစီးရေလာထက်

အလျင်နဲ့မျောနေတဲ့မြစ်ရေတွေကိုပဲ တစ်နေကုန်ထိုင်ငေးလို့ မဆုံးဘူး

တစ်စက်ချင်းလား အလျင်လား ....

စိတ်ဟာတစ်စက်ချင်းဝတ်မှုန်ကူးပြီး လူ့အသိဥာဏ်နဲ့သားဖောက်တဲ့ခေတ်ကြီးထဲ

တဖျတ်ဖျတ်ကြွေ .... လို့

တဆတ်ဆတ်ကြေ ..... လို့

ဂိုးထဲကိုလက်နဲ့ပုတ်သွင်းလိုက်တဲ့ဖြစ်စဉ်

ဒိုင်လူကြီးရဲ့ မျက်ကွယ်ဟာ ဂိုးဝင်ပြီး မျက်မြင်အနေအထားအရ ဒါဟာ အနီကဒ်

မမြင်ရတဲ့အမှန်တရားဟာ မျက်ဖြူလန်အောင်ထိ ခွက်ထိုးခွက်လန် စုံလုံးကန်းတယ်

စစ်ပြေးလမ်းပေါ်က လွင့်စင်ကျလာတဲ့ ကဗျာ - ၃





ဘယ်သူတွေလဲ .....

မီးစွယ်ငေါငေါတွေထဲ အာဟာရလို အာသာငမ်းငမ်း အရိုးကောက်နေတာ

ထက်ပိုင်းကျိုးနေတဲ့ သင်္ဘောကြီးထဲ ဆာလောင်မှုဆီမီးတွေ လျှံဝေကျနေသလို

အဝေးကသန်းခေါင်ယံကို ညအကန်းထဲ ဓားတွေလို မောင်းသွင်းလာခဲ့တဲ့ သေတမ်းစာ

လူ့ဘုံဆိုတာ တစ်ယောက်ရဲ့နောက်ကျောဆီ တစ်ယောက်ရဲ့စိတ်အတွင်းသားတွေနဲ့

သေရာပါတိုးလျှိုပေါက်ဖောက်ဝင်နေတဲ့ အမှတ်အသား

လူမှုဆက်ဆံရေးဟာ သင်တုန်းဓားပေါ် လွင့်စင်ပြုတ်ကျသွားတဲ့ သန္ဓေသားရဲ့ အသားစိုင်

စိတ်လိုလက်ရအသားမာတက်နေတဲ့ အသားပိုကတုတ်ကျင်း

ဒူးထောက်ထားတဲ့ဆုတောင်းခြင်းဆီ အလျှံတညီးညီးပြေးဝင်လာတဲ့ တော်လဲမှု

ကွယ်လွန်ခြင်းစစ်စစ်ဆိုတာ မီးစာမကုန်သေးပဲ ဆီခမ်းသွားတဲ့ အဝေးကမီးအိမ်တွေဆီ

သွေးလွှတ်ကြောတွေကတစ်ဆင့်  လောင်စာလိုပို့လွှတ်နေတဲ့ ကရုဏာတရား

ပိန်းပိတ်အောင်အုံ့ဆိုင်းနေတဲ့မြူတွေထဲ အဆိပ်ငွေ့တွေကို

လေဖမ်းဒန်းစီးတရားနဲ့ မျိုချနေရတဲ့ ဝေဝါးမှု

လုံးပတ်ဟာ လုံးလည်လိုက်ပြီး လုံးစေ့ပတ်စေ့ထဲ လုံးလုံးလျားလျား





သွေးမတိတ်တဲ့ရာသီ ပွင့်ထွက်နေတဲ့ စိတ်အသားတစ်ပေါ် စိတ်လိုလက်ရ စိုက်ဝင်နေတဲ့မီး

လင်းနေတဲ့လမ်းဟာ ပြတ်နေတဲ့လက်ပေါ်မှာ အဆီတဝင်းဝင်း

အမှန်တွေပြောလို့ အမှားတွေကဒဏ်ခတ်မယ်ဆိုရင် ယုံတမ်းစကားပဲပြောတော့မယ်

ဆိုကြပါစို့.....

မိုးရွာမှထွန်ချရတဲ့ခေတ်ပေါက်စလေးထဲ ဆန်တစ်ပြည် ၃ ကျပ်ဟာ

သုံးသီးလည်းစားပြီး သီးထပ်ရုံတင်မက သီးပါဝကွက်ညှပ်လိုက်တော့မှ ၁၃၀၀ ကျပ်ဖြစ်သွားတာမျိုး

ဘာသာစကားလား စကားဘာသာလား

တောင်နေတဲ့အတွေးဟာ အီနေတဲ့ဆယ်ကျော်သက်ကို သားစပ်လိုက်တာမျိုး

လွယ်သလိုမရေးကြေးဆို ဘူးသီးမသီးဘူးကို ဘာသာစကား ၁၀ မျိုးနဲ့အသွင်မတူရင်တောင် မူ တူနေဖို့

ကိုယ့်ဥပဒေနဲ့ကိုယ် သူကတမန်တော်ဆိုရင် ကိုယ်ကဗားရှင်းအသစ်စက်စက် ဘုရားသခင်

ကျက်နေတဲ့ကြက်ကို ကြွပ်နေအောင်ကြော်ပြီး ကြွက်သားပေါက်လေးလို

ကျွတ်ကျွတ်မြည်အောင်  ကြွပ်ကြွပ်ဝါးဖို့

ချွေတာရေးကို ခြွေချပြီး ချီတုံချတုံစိတ်နဲ့ ချည်ငင်လိုက်တာမျိုး

လူနာ





အဓိပ္ပါယ်ဟာ အမှောင်ထဲမှာ နက်နက်စူးစူး ဖြာနေတယ်

တစ်ဘဝလုံးလွဲခဲ့တဲ့အတိုင်း ဒုက္ခသားအိမ်ကြီးထဲ အလယ်ဇောငါးချက်နဲ့ စလယ်ဆုံး လောင်တော့တာပဲ

အရေပြားပေါ်တွားတက်နေတဲ့ စားဝတ်နေရေးတက်တူးရယ်

စိတ်အမျှင်အိမ်အိုကြီးထဲ တတိတိဝင်ကိုက်နေတဲ့ လူမှုဗေဒဗိုင်းရပ်စ်တွေရယ်

ဘယ်စိတ်နဲ့ခလုတ်ဆွဲဆွဲ မူမမှန်တဲ့ကျည်ဆံမှာ ဘဝဟာ အတုံးလိုက်အတစ်လိုက်ကြီး ချိတ်ပါသွားသလိုမျိုး

တစ်နွယ်မှမငင်မိပါပဲနဲ့ တစ်ဘဝလုံးစာ ပြိုကျနေတဲ့စင်ကြီးထဲ

နိဒါန်းသားဦးနဲ့တင် မီးနေခန်းကကိုမထွက်ရတော့ဘူး

သူသူငါငါမနက်ခင်းကလေးကအစ ကိုယ့်မှာ အချိန်တိုင်းဖောင်ဖျက်နေရတဲ့ဖြစ်စဉ်

ဘုရားကျောင်းဆောင်နဲ့ ဘုရားစင်မှာ ပညတ်ကဘယ်နှစ်ရွေးသား ပရမတ်က ဘယ်နှစ်အောင်စ

တရားကိုဓားလိုဆွဲကိုင်နေသရွေ့တော့ ဘယ်နွယ်မြက်သစ်ပင်မှ ဆေးဘက်ဝင်မှာ မဟုတ်တော့ဘူး

အမြင်လွှာထဲစိုက်ဝင်နေတဲ့ မြင်ကွင်းလား မြင်ကွင်းထဲစိုက်ဝင်နေတဲ့ အမြင်လား

အလင်းနဲ့အမှောင်ကြားထဲမှာ အရောင်တစ်ခုရှိနေမယ်ဆိုရင် ညှိမှုလို့ခေါင်းစဉ်တပ်မယ်

ခုတ်ထား ..... ထွက်နေတဲ့အရိပ်ကို လွှဲနေတဲ့စိတ်နဲ့ ခုတ်ထား

ဘယ်အစွန်းထွက်မှုကိုမှ အစွန်းထွက်မလာစေနဲ့

အွန်လိုင်း လူငယ် ကဗျာ စကားဝိုင်း အမေးအဖြေများ




 19 June 2013 at 00:53



မေး = ဆရာအောင်ရင်ငြိမ်း

ဖြေ = ညီလင်းနိုင်



၁။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေဆက် မဖန်တီးနိုင်တော့ဘဲခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကို ပြောပါဦး။


၁။ လူတွေကြောင့် ခေတ်ဟာရွေ့နေတယ်၊ ရွေ့နေတဲ့ခေတ်နဲ့အညီ

ခေတ်အဆက်ဆက်က ကဗျာဆရာတွေရဲ့

ကဗျာတွေဟာလည်း ရွေ့နေတယ်။

အရင်ကလည်းရွေ့ခဲ့တယ်.... အခုလည်းရွေ့နေတယ်... နောက်လည်း ရွေ့ဦးမယ်။

အရွေ့အတိုင်းလိုက်ပါစီးဆင်းလာတဲ့ဆရာတွေရှိနေတော့

လူငယ်တွေအနေနဲ့ ပိုအားရှိတယ်လို့ ကျွန်တော် မြင်မိပါတယ်။




၂။ ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ်ကဗျာဆရာတွေပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။


၂။ ခေတ်အဆက်ဆက်ကတည်းက ဖြစ်လေ့ဖြစ်ထရှိနေတဲ့ သမားရိုးကျကိစ္စတစ်ခုလို့ပဲ

ကျွန်တော် မြင်မိပါတယ် အစ်ကို။

လူကြီးဟာ လူငယ်ဘဝကနေလာတယ်ဆိုတာကို မမေ့တဲ့ဆရာတွေ ရှိနေမှာ သေချာပါတယ်။

ဘာပဲဖြစ်စေ...

ရှေ့ကဆရာတွေမရှိခဲ့ရင် ကျွန်တော်လည်း မရှိနိုင်တာ သေချာပါတယ်။

ဆရာတွေ တန်ဖိုးထားနိုင်လောက်တဲ့အထိ 

တန်ဖိုးရှိ တန်းဝင်တဲ့ အနုပညာပစ္စည်းတွေ ဖန်တီး ပြနိုင်ဖို့က

ကျွန်တော်တို့အပေါ်မှာ မူတည်နေတယ်လို့ပဲ ခံယူထားပါတယ်။


Related Posts Plugin for WordPress, Blogger...